ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ၂ ပတ်စာသာ ကျန်ရှိ

ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ၂ ပတ်စာသာ ကျန်ရှိ
 ဓာတ်ပုံ - CJ

ဇွန် ၂၄

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက စစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာ နှစ်ပတ်စာသာ ကျန်ရှိတော့တာကြောင့် အကူအညီတွေထပ်ပြီးမရရှိဘူးဆိုရင် အခက်အခဲအများကြီး ရှိလာနိုင်တယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီပေးသူက မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်တွေဆီပို့တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ပို့ဆောင်ခွင့် မပြုပဲ ဖျက်ဆီးတာ၊ ကူညီနေသူတွေကို ဖမ်းဆီးနေတာတွေကြောင့် စားနပ်ရိက္ခာတွေဟာ စစ်ဘေးရှောင်တွေဆီ ရောက်ရှိမလာတော့ဘူးလို့ ဆိုပါတယ်။

“ဒေသတွင်းမှာဝယ်လို့ရတာနဲ့ပဲ ကူညီနေရတယ်။ ဆန်တွေ ဆေးဝါးတွေက ရောက်မလာတော့ဘူး။ ဒီလိုပဲ ထပ်ပြီးအကူအညီမလာတော့ဘူးဆိုရင် စစ်ဘေးရှောင်တွေတော်တော် ဒုက္ခရောက်နိုင်တယ် ” လို့ ဒေသခံ စစ်ဘေးရှောင်ကူညီပေးသူက ပြောပါတယ်။

ဒီးမော့ဆိုမြို့ အရှေ့ခြမ်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့စဉ်က စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက တိုက်ခိုက်လာတာကြောင့် စစ်ဘေးရှောင်တွေဟာ နေရာရွေ့ပြောင်းနေခဲ့ရပါတယ်။

 အခုဆိုရင် စစ်ဘေးရှောင်တွေဟာထွက်ပြေးရင်း ပိုနက်တဲ့တောတွေထဲ ရောက်ရှိကာ ကူညီကယ်ဆယ်သူ တွေနဲ့ပါ လက်လမ်းမမှီတဲ့နေရာတွေထိ ပြန့်ကျဲရောက်ရှိနေပါတယ်။

ကယားပြည်နယ်မှာ အပစ်အခတ်ရပ်စဲထားတာကြောင့် စစ်ဘေးရှောင်တွေ အိမ်ပြန်လို့ရပြီဆိုပေမယ့် နေအိမ်တွေဖျက်စီးခံထားရတာ၊ ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေက တပ်စွဲနေတာတွေကြောင့်ပါ ဒေသခံတွေဟာ အခုချိန်ထိ အိမ်ကို မပြန်ရဲကြသေးတာဖြစ်ပါတယ်။

“ သူတို့နေအိမ်တွေကို ခဏသွားပြန်ကြည့်တယ်။ ရွာထဲမှာ စစ်သားတွေရှိနေပြီး ပြန်လာသူတွေကို အနိုင်ကျင့်တာတွေလဲလုပ်ကြတယ်။ မနေ့ကပဲ သွားကြည့်တဲ့သူတွေကို အရက်ဝယ်ခိုင်းတာတွေ လုပ်ကြတယ်။ အဲ့ဒါကြောင့် သူတို့ကကြောက်ပြီး မပြန်ရဲဖြစ်နေတာ ” လို့ ဆိုပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိနေပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာတော့ စစ်ပြေးရှောင်ပြည်သူ ၅၀၀၀ ဝန်းကျင် ရှိနေတာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly