ဖိလစ်ပိုင်သမ္မတဟောင်း ဘန်နစ်နို အကွီနို ကွယ်လွန်

ဖိလစ်ပိုင်သမ္မတဟောင်း ဘန်နစ်နို အကွီနို ကွယ်လွန်

ဇွန် ၂၄

အာရှဒေသ၏ လူသိအများဆုံး နိုင်ငံရေးမိသားစုတစ်စု၏ ကျန်ရှိနေသော မျိုးဆက်တစ်ဦးဖြစ်သည့် ဖိလစ်ပိုင်သမ္မတဟောင်း ဘန်နစ်နို “နွိုင်းနွိုင်း” အကွီနိုသည် ဇွန်လ ၂၄ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

သမ္မတဟောင်း အကွီနိုသည် ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီ ဖြစ်သည်။

ဖိလစ်ပိုင်တွင် ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အကြား သမ္မတ တာ၀န်ထမ်းဆောင်ခဲ့သည့် အကွီနိုသည် ယခင်သမ္မတဟောင်း ကိုရာဇွန် အကွီနို နှင့် လုပ်ကြံခံရသည့် ခင်ပွန်း ဆိနိတ်တာ ဘန်နစ်နို နီနွိုင်း အကွီနို တို့၏ သားလည်း ဖြစ်သည်။ အကွီနို၏ မိဘနှစ်ပါးစလုံးမှာ အဆိုပါ ကျွန်းနိုင်ငံတွင် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုတွင် ဦးစီးဦးဆောင်ပြုခဲ့မှုအတွက် လေးစားခံရသူများဖြစ်ကြသည်။

သမ္မတဟောင်း ဘန်နစ်နို အကွီနို ကို ဇွန်လ ၂၄ ရက် အစောပိုင်းက မနီလာမြို့ရှိ ကက်ပီတယ်လ် ဆေးကုသမှု စင်တာကို ပို့ဆောင်ခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြသည်။ မည်သည့် ရောဂါကြောင့် ၎င်းကွယ်လွန်သွားခဲ့သည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဂတိမလိုက်စားသည့် သမ္မတဟောင်း အကွီနို ကွယ်လွန်မှုအတွက် ၀မ်းနည်းမိကြောင်း လက်ရှိ နိုင်ငံခြားရေး၀န်ကြီး တီအိုဒိုရို လော့ဆင်က တွစ်တာတွင် ရေးခဲ့သည်။

အကွီနိုသည် လက်နက်ကိုင်တိုက်ခိုက်မှုအတွင်း ရဲရင့်စွာ ရင်ဆိုင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများအတွင်း ဒဏ်ရာရခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် ရာထူးအာဏာနှင့် အဆောင်အယောင် အဆင်တန်ဆာများကိုလည်း ဂရုမစိုက်သူဖြစ်ကြောင်း၊ နိုင်ငံကို အေးဆေးစွာ အုပ်ချုပ်ခဲ့ကြောင်းနှင့် ၎င်းတွင် မည်သည့်ခံစားချက်မရှိဟု ထင်ရလောက်အောင် ခံစားချက်များကို ဖုံးကွယ်ထားသူဖြစ်ကြောင်း လော့ဆင်က ရေးသားခဲ့သည်။

အလားတူ အကွီနို၏ နိုင်ငံရေး အကြံပေးဟောင်းဖြစ်ခဲ့သလို လက်ရှိ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး မာဗစ် လီယိုနန်ကလည်း အကွီနို ကွယ်လွန်မှုအတွက် အလွန်တရာ ထိခိုက်ခံစားရကြောင်း ပြောသွားခဲ့သည်။

“သူ့ကို နှစ်လိုဖွယ် ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ကျွန်တော် သိခဲ့ရပါတယ်၊ သူဟာ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို အလုပ်အကျွေးပြုဖို့ စိတ်အားထက်သန် ပြင်းပြခဲ့သူပါ၊ သူ့တာ၀န်တွေကိုလည်း ကြိုးစားထမ်းဆောင်ခဲ့ပါတယ်၊ အသိပညာ ဗဟုသုတအသစ်တွေကိုလည်း စိတ်အားထက်သန်စွာ စူးစမ်းလေ့လာနေခဲ့သူပါ” ဟု လီယိုနန်က ပြောခဲ့သည်။

လက်ရှိ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးမတိုင်မီ သမ္မတ တာ၀န်ထမ်းခဲ့သည့် အကွီနိုသည် ၎င်း၏ သက်တမ်းအတွင်း အဓိကကျသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဖွင့်လှစ်ပေးခဲ့သလို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကမ်ပိန်းတစ်ရပ်ကို လုပ်ဆောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required