နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၃ ရက် ၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - CJ )

ရန်ကုန်တိုင်းဒေသကြီး

• လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်၊ သီရိမြိုင် (၁၀) လမ်းတွင် စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံရသူ အရုဏ်ဦးလက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးကျော်အေးကို ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခံရသည့်အတွက် ပွဲချင်းပြီးသေဆုံးခဲ့ကာ ၎င်း၏ အလောင်းအား စစ်အုပ်စုက လာရောက်သိမ်းယူသွားသည်။

• ရန်ကုန်မြို့ခံ လူငယ်များက "အားတင်းထားပါ ရွှေမန္တလေး - မင်းတို့နောက်မှာ ရန်ကုန် ရှိတယ်" ဟု ကြွေးကြော်ကာ ယနေ့ နံနက်ပိုင်း ၉ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• Idiots Band ၏ ပင်တိုင်အဆိုတော် ရေမွန်မှာ ယနေ့နံနက်ပိုင်းက ငှက်ဖျားရောဂါပိုး ဦးနှောက်ထဲ ဝင်သွားသည့်အတွက် ကွယ်လွန်သွားပြီ ဖြစ်သည်။ ၎င်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅ (က) တပ်ခံရကာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး လွတ်မြောက်နယ်မြေတစ်ခုတွင် တိမ်းရှောင်နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ 

• လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးထိပ်ရှိ ရွှေစင်ငွေစင်ရတနာဆိုင်နှင့် မင်္ဂလာခန်းမ အပေါ်ထပ်တွင် ညနေ ၄ နာရီခန့်က မည်သည့်အတွက်ကြောင့်မှန်း မသိရဘဲ လက်နက်ကိုင်စစ်သားတစ်ဦး လုံခြုံရေးယူထားသည်ဟု သိရသည်။ 

• စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်ရပ်ကွက်၊ ဗဟိုလမ်းမကြီးပေါ်တွင် လူငယ်အချို့က တာယာကွင်းများ မီးရှို့၍ ဆန္ဒထုတ်ဖော်ခဲ့ရာ စစ်အုပ်စုလက်နက်ကိုင် ရဲနှင့် စစ်သားများ ရောက်လာပြီးနောက် လမ်းများအား ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ဆန္ဒပြမှုတွင် မပါဝင်သည့် ရပ်ကွက်နေ လူငယ်အချို့အား ဖမ်းဆီးသွားသည်။ ထို့နောက် လမ်းပြန်ဖွင့်ပေးပြီးနောက် ညနေ ၅ နာရီကျော်တွင် ဗဟိုလမ်းနှင့် ဝေဠုဝန်လမ်းကျယ်တို့အား ထပ်မံပိတ်ဆို့ကာ လုံခြုံရေးတင်းကြပ်ထားခဲ့သေးသည်။ ယင်းသို့ တာယာမီးရှို့ ဆန္ဒပြမှုများပြီး နောက် စမ်းချောင်းမြို့နယ်တွင်းနှင့် မြေနီကုန်းတို့တွင် စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြားဖြင့် ကင်းလှည့် ခြင်း၊ အထိုင်ကင်းများချ၍ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။ 

• အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရသည့် သရုပ်ဆောင်ရဲတိုက်အား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားမှုတွင် တရားလို ဒုရဲမှူးအေးလွင် တင်သွင်းသည့် ဗီဒီယိုဖိုင်ပါ စီဒီချပ်မှာ မူရင်းမဟုတ်သည့်အတွက် သက်သေတင်ခွင့်ဥပဒေနှင့် မညီညွတ်ဟု ကန့်ကွက်ခဲ့သော်လည်း စစ်အုပ်စုလက်အောက်ခံ တရားရုံးက အမှုမှန်ကန်မျှတအောင် စစ်ဆေးနိုင်ရေးအကြောင်းပြချက်ဖြင့် လက်ခံခဲ့သည်။ 

• သင်္ဃန်းကျွန်းမြို့နယ် GZ သပိတ်စစ်ကြောင်းကလည်း ယနေ့နေ့လယ်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• ပြင်ဦးလွင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည်ဟုဆိုကာ စစ်အုပ်စုဒလန်များက သတင်းပေးသည့်အတွက် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၂၁ နေ မသင်းသင်းထွန်း၊ ကိုဝင်းကိုနှင့် ကိုအာကာမင်းခန့်ဆိုသူတို့အား ယမန်ေ့ နေ့လယ် ၁ နာရီခန့်က ၎င်းတို့၏ နေအိမ်များတွင် စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးကာ မသင်းသင်းထွန်းအား ပြင်ဦးလွင် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကာ ကျန်နှစ်ဦးကိုမူ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ မသိရသေးပေ။ 

• ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းအား ယမန်နေ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရဲတပ်သား နှစ်ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကာ အောင်မြင်စွာ ဆုတ်ခွာခဲ့သည့်အတွက် မိမိတို့ဘက်တွင် အထိအခိုက်မရှိခဲ့ဟု မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

• ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က အမည်မသိဆိုင်ကယ်သမားက လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို သေနတ်နှင့် ပစ်ခတ်ကာ လက်ပစ်ဗုံးဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ 

• မြင်းခြံတွင် ယနေ့နံနက်ပိုင်းက မြင်းခြံနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) နှင့် ဒေသခံပြည်သူများ စုပေါင်းကာ "ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံသစ် ပေါ်ပေါက်ရေး"၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" စသည်ဖြင့် ကြွေးကြော် ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တပ်စုတစ်ခုအား စစ်အုပ်စုလက်နက်ကိုင်များ ဝင်ရောက်စီးနင်းပစ်ခတ်ရာ တွင် သတင်းပေးသူဟု သတင်းထွက်နေသည့် ဦးနေနီအောင်ဆိုသူ၏ မြင်းခြံမြို့၊ အမှတ် (၁) တိုးချဲ့မြို့သစ်ရှိ နေအိမ်အား ယမန်နေ့ ညနေ ၅ နာရီခန့်က ဗုံးပစ်ထည့်ဖောက်ခွဲခံခဲ့ရကာ လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

• ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MDY PDF စစ်အုပ်စုအား လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်၊ မကွေးနှင့် ပဲခူး PDF တပ်ဖွဲ့များက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။ 

• မန္တလေးပစ်ခတ်မှုတွင် ပါဂျဲရိုးကားဖြင့် ဝင်ရောက်တိုက်ခိုက်ရာ လိုက်လံပစ်ခတ်၍ ထရန်စဖော်မာတိုက်ကာ သေဆုံးသွား သသည်ဟု စစ်အုပ်စုက ထုတ်ပြန်ထားသူများမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF မှမဟုတ်ဘဲ တအောင်းတိုင်းရင်းသား နိုင်ထွန်းကြည်၊ နိုင်လိုင်း၊ ချစ်ဆွေဆိုသူနှင့် အားတီဆိုသူ တရုတ်လူငယ်တစ်ဦးတို့သာဖြစ်ပြီး ကြက်ခြံသို့ အသွားတွင် စစ်အုပ်စု ဘက်က အကြောင်းမဲ့ပစ်ခတ်သည့်အတွက် ထွက်ပြေးရာမှ ထရန်စဖော်မာအား တိုက်မိခဲ့ရာ ကားရှေ့ဘောနက်စ်တွင်သာ ထိခိုက်ခဲ့ခြင်းဖြစ်ကာ စစ်အုပ်စုလက်နက်ကိုင်များက ကားအား ဗုံးခွဲခဲ့သဖြင့် ကားပေါ်ပါလေးဦး သေဆုံးခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့လေးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်သည့် အကြမ်းဖက်သမားများအဖြစ် စစ် အုပ်စုက လိမ်လည်သတင်းထုတ်ပြန်ထားကာ သေဆုံးသူလေးဦးအနက် ချစ်ဆွေဆိုသူမှာ မော်ဒယ်လ်တစ်ဦး ဖြစ်သည်။ 

• မန္တလေးတွင် ဖြစ်ပွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် စစ်အုပ်စုအဖွဲ့ကြား တိုက်ခိုက်မှုတွင် စစ်အုပ်စုဘက်က စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ဆင်း၊ စီမံအုပ်ချုပ်ရေးအရာရှိ (A-1) ဒုဗိုလ်မှူးကြီး အောင်ကျော်မျိုးအပါအဝင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ - စရဖမှ ဗိုလ်ကြီးတစ်ဦးနှင့် အခြားအဆင့်တစ်ဦး သေဆုံးခဲ့သည်။ ၎င်းတို့မှာ PDF တပ်ဖွဲ့များရှိရာ တိုက်သို့ ဝင်ရောက်စဉ် ပစ်ခတ်ခံရသည့်အတွက် ကျည်ဆန်ထိမှန်ခဲ့ကာ နန်းတွင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

• မန္တလေးတွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးအထူးတင်းကြပ်ထားသည့်ကြားကပင် ချမ်းမြသာစည်သပိတ်စစ်ကြောင်းက "အရမ်းညီတဲ့ ချမ်း/စည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းလေးပြင်ရပ် သံဃာသမဂ္ဂ စစ်ကြောင်းကလည်း လုံခြုံရေးတင်းကြပ်မှုများရှိနေသည့်ကြားကပင် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• အောင်ပင်လယ်သပိတ်စစ်ကြောင်းကလည်း "ဒီနေ့ဖမ်းရင် မနက်ဖြန် လှန်မယ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ လွှင့် ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးမြို့တွင် ယမန်နေ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် မနော်ဟရီဘက်တွင် ည ၁၂ နာရီခန့်မှ ယနေ့နံနက် ၅ နာရီခန့် အထိ ပစ်ခတ်မှုအချို့ရှိနေခဲ့ကာ စစ်အုပ်စုဘက်က ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း မနော်ဟရီတောင် ဘက်ခြမ်းနေ မြို့ခံတစ်ဦးက ယနေ့ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ ထို့ပြင် စစ်အုပ်စုလက်နက်ကိုင်များက ကင်းပုန်းချ နေရာယူထားသည့်အတွက် မနော်ဟရီဘက်ခြမ်းသို့ သွားလာခြင်းမပြုရန် မြို့ခံများအချင်းချင်း သတိပေးမှုများ လည်း ရှိခဲ့သည်။ 

• ပစ်ခတ်မှုများရှိခဲ့သည့် မန္တလေးတွင် မြို့အဝင်များဖြစ်သည့် တံခွန်တိုင် (အမြန်လမ်း)၊ စစ်ကိုင်းတံတားနှင့် လမ်းဟောင်းဘက်တို့တွင် ယခင်ကတည်းက စစ်ဆေးရေးဂိတ်များ ရှိသော်လည်း ပုံမှန်သာ စစ်ဆေးမှုများ ရှိနေရာမှ ယနေ့တွင် ဖြတ် သန်းသွားလာသည့် ယာဉ်နှင့် ဆိုင်ကယ်များအား တင်းကြပ်စွာ စစ်ဆေးလျက်ရှိကာ မြို့တွင်းတွင်လည်း ယခင်ဝင်ရောက် လေ့မရှိသည့် ရပ်ကွက်လမ်းကြားများအထိ စစ်အုပ်စုလက်နက်ကိုင် ရဲနှင့် စစ်သားများက အင်အားအပြည့်ဖြင့် ကင်းလှည့်မှု များ ပြုလုပ်ခဲ့ကြောင်း မန္တလေးနန်းရှေ့နေ ဒေသခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ ထို့ပြင် မြို့ပေါ်ရဲ စခန်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ယခင်က ရုံးရှေ့များတွင် လုံခြုံရေးယူထားရာမှ ယနေ့တွင် အကာအကွယ်များနောက်တွင်သာ လုံခြုံရေးယူထားလျက်ရှိသည်။ 

• မြင်းခြံမြို့ပေါ် (၁၂) ရပ်ကွက်၊ အထက်ဆန်တန်းလမ်းရှိ မြို့မကျောင်းအနီးတွင် နံနက် ၁၁ နာရီခန့်က အသံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်. ထို့ပြင် အ.ထ.က (၂) ကျောင်းနှင့် ချောင်းဒေါင်းလမ်းဆုံအနီးတို့တွင်လည်း ယနေ့နေ့လယ် ၁၂ နာရီခန့်က အသံဗုံးပေါက်ကွဲခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူး၊ သိမ်ဇရပ်နှင့် မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဘုံသဘောတူညီချက် ၁၁ ရပ်ဖြင့် မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီဖြစ်ကာ စစ်အုပ်စုသတင်းပေးဒလန်များအား ပူးပေါင်းရှင်းလင်းသွားမည်ဟု ထုတ်ပြန်ထားသည်။ 

• ညောင်လေးပင်မြို့အဝင် ရဲကင်းစခန်းတွင် ယမန်နေ့ည ၈ နာရီခွဲက ဗုံးခွဲခံခဲ့ရကာ ရဲတပ်သား ခုနစ်ဦး သေဆုံးမှုမှာ မိမိတို့ လက်ချက်သာဖြစ်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ် - BDF က ယနေ့နံနက်တွင် ထုတ်ပြန်လိုက်သည်။ 

• ပြည်ခရိုင်၊ သဲကုန်းမြို့အဝင် သီတဂူမျက်စိအထူးကုဆေးရုံရှေ့ရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုလက်အောက်ခံ ထွေ/အုပ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

• ပဲခူးမြို့၊ မြို့သစ် (ခ) ရပ်ကွက်က၊ (၁) လမ်းတွင် နေထိုင်သည့် တစ်အိမ်တည်းနေ အသက် ၄၀ နှင့် ၅၀ အရွယ်ကြား ကိုဖားပု၊ ဒေါ်သန်းမူ၊ ဒေါ်တင်ပုအား ယနေ့နံနက် ၈ နာရီခွဲခန့်က စစ်တပ်အာဏာသိမ်းပြီးခါစ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်ဟုဆိုကာ စစ်အုပ်စုသတင်းပေးဒလန်က တိုင်ကြားခဲ့သည့်အ တွက် လာရောက်ဖမ်းဆီးသွားသည်။ 

• ပြည်မြို့နေ လူငယ်များကလည်း အခွန်မဆောင်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• အင်္ဂပူမြို့နယ်နေ လူငယ်များကလည်း "ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမည်"၊ "ဘေးကင်းပါစေ ရွှေမန်းမြေ" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။ 

• စစ်အုပ်စုနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၏ ထူးကုမ္ပဏီပိုင် ပုသိမ်ဟိုတယ်တွင် ဇွန်လ ၂၀ ရက်ညပိုင်းက ဗုံးပေါက်ကွဲပြီးနောက် အဆိုပါဟိုတယ်ရှိရာ ရပ်ကွက်ရှိ လူငယ်တစ်ဦးကို ဖမ်းဆီးထားပြီးနောက် နောက်ထပ် လူငယ်ခြောက်ဦးကို ထပ်မံဖမ်းဆီးထားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာမြို့၊ အေးသာယာရပ် (၁) လမ်းတွင် နေထိုင်သည့် အငြိမ်းစားကျောင်းဆရာ ဦးတင်မြင့်စိုးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ငါးဦးအား စစ်အုပ်စုလက်နက်ကိုင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များအားထောက်ပံ့သည်ဆိုကာ စစ်အုပ်စုက ဖမ်းဆီးထားပြီး ယမန်နေ့ကမူ လေးနှစ်အရွယ်ကလေးငယ်မှာ ပြန်လည်လွတ်မြောက်လာပြီဟု သိရသည်။ 

• ကနီနှင့် ယင်းမာပင်မြို့နယ်ဆက်နေသည့် တရော်ကျင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် စစ်အုပ်စု လက်နက်ကိုင်အဖွဲ့များ ဇွန်လ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ဘက်မှ နှစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုဘက်မှ ၂၀ ဦးကျော် သေဆုံးခဲ့သည်ဟု သိရသည်။ ယနေ့နံနက်ပိုင်းတွင် စစ်အုပ်စုဘက်က အင်အားအများအပြား ပါဝင် သည့် စစ်ကားလေးစီးဖြင့် ဝင်ရောက်လာနေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြရသည်။ 

• ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာတွင် ရွာခံ ဦးစန်းညွှန့်ဦးနေအိမ်အား ဝင်ရောက်စီးနင်းရာ NLD ပါတီဝင်မှတ်တမ်း တွေ့ရှိခဲ့ပြီး နောက် ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ဖမ်းဆီးသွားသည်။ 

• ကလေးမြို၊ စက္ကန့်ကျေးရွာနေ ခရစ်ယာန်တရားဟောဆရာ ငွန်နေမန်နှင့် ကိုကြီးသဲဆိုသူတို့အား ၎င်းတို့၏ ဖုန်းများအား စစ်ဆေးရာ လူမှုကွန်ရက်အကောင့်ခ်တွင် နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် သတင်းများ မျှဝေထားခြင်း၊ ဓာတ်ပုံများ သိမ်းထားခြင်းများ တွေ့ရှိခဲ့သဖြင့် ယမန်နေ့ညက ဖမ်းဆီးသွားသည်။ 
• ကလေးမြို့၊ ပင်လုံရပ်ကွက်၊ နယ်မြေ (၂) နေ လူငယ် ရှစ်ဦးခန့်က စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်ပိုင်းက ဝင် ရောက်ဖမ်းဆီးသွားသည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• ကလေးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေသည့်ကြားကပင် မြို့ခံများက ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို သုံးကာ မြို့တွင်းလမ်းများပေါ်တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်စျေးအနီးတွင် ယနေ့နံနက် ၆ နာရီခန့်က စျေးရှေ့နှင့် စျေးဘေးလမ်းတို့တွင် မပေါက်ကွဲသေး သည့် လက်လုပ်ဗုံး သုံးလုံး တွေ့ရှိခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ရှင်းလင်းသွားသည်။

• တန့်ဆည်မြို့နယ် လူငယ်သပိတ်စစ်ကြောင်းကလည်း ကျေးရွာများအထိ လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အာဆီယံအမွေအနှစ် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နှင့် သစ်တောကြိုးဝိုင်းအတွင် သစ်ခိုးထုတ်နေသူ နှစ်ဦး အား Center အမျိုးအစား ခြောက်ဘီးကား၊ သစ်များအား ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကာ သစ်များအား မီးရှို့ပစ်ခဲ့ပြီး သတိပေးသည့်အနေဖြင့် ကားနှင့် လူများအား ပြန်လွှတ်ပေးလိုက်သည်။ 

• မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်အောက်ခံ တပ်ရင်း ၁၆ အနီး ဗိုလ်ချုပ်လမ်းပေါ်အထိ တက်၍ ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေအိုးရရွာရှိ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၏ နေအိမ်များ ယနေ့နံနက် ၉ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ရွာသားတစ်ဦး ကျည်ဆံထိမှန်သေ ဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ငါးဦးဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ထို့ပြင် ဒေါက်တာတေဇာဆန်းနေအိမ်ကိုလည်း ဖျက်ဆီးခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• မြိုင်မြို့နယ်၊ အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန်ဒေသခံများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာနေပြည်သူများကလည်း လူထုသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• နတ်မောက်နေ လူငယ်များကလည်း နွေဦးတော်လှန်ရေးသင်္ကေတ လက်သုံးချောင်းပေါ်တွင် "Save Myanmar” ဟု ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မြို့ခံလူငယ်အချို့ကလည်း ယနေ့ညနေပိုင်းတွင် "နွေဦးတော်လှန်ရေး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးရွာရှိ ရေခဲချောင်းရောင်းသူ ကိုမျိုးအောင်ဆိုသူအား စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးက လက် နက်ရှိသည်ဟုဆိုကာ လိမ်လည်တိုင်တန်းသဖြင့် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များ လာရောက်ဖမ်းဆီးသွား ကာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးပေ။ 

• ရေနံချောင်းမြို့နယ်နေ လူငယ်များကလည်း "ကျဆုံးသွားသော သူရဲကောင်းများကို ဂုဏ်ပြုပါတယ်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ဖြန့်ကြဲကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 
တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာနေ ပြည်သူများက "ငါတို့ ငြိမ်သက်သွားမှာ မဟုတ်ဘူး" ဟု ကြွေးကြော်ကာ သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကော့သောင်းမြို့၊ အေးရိပ်ငြိမ်းရပ်ကွက်၊ ပေါ်ဦးအောက်လမ်းရှိ အင်ဂျင်ဝိုင်စက်ရုံအနီး နေအိမ်တွင် မတ်လ ၂၃ ရက်က ဖမ်းဆီးခံခဲ့ရသည့် ခြောက်ဦးအနက် ငါးဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကာ အသက်မပြည့်သေးသူတစ်ဦးကို လူငယ်ပြုပြင်ရေးသင်တန်းကျောင်းသို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

• ထားဝယ်ကျောင်းသားသပိတ်စစ်ကြောင်းလည်း လမ်းများပေါ်တက်ကာ နွေဦးတော်လှန်ရေးမှာ သွေးစွန်းနေပြီဖြစ်ကြောင်း ပြသသည့်အနေဖြင့် လက်သုံးချောင်းတံဆိပ်တွင် ဆေးအနီများ သုတ်လိမ်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။ 
• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနေ ပြည်သူများကလည်း "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်

• ဗန်းမော်မြို့ ခွန်သာနှင့် ညောင်ပင်ရပ်အပါအဝင် ရပ်ကွက်အချို့၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ဟု စွပ်စွဲကာ ရပ်ကွက်နေ လူငယ် ၂၀ ခန့်ကို ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားသည်။

• မိုးမောက်မြို့၊ ခါနန်ရပ်ကွက် အ.ထ.က (၁) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲ၍ ဆရာမတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိပြီးနောက် ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ကျောင်းများ၌ ကျောင်းတက်သူတစ်ဦးမှ မရှိတော့ကြောင်း သိရသည်။ 

• ဖားကန့်၊ လုံးခင်းကျေးရွာတွင် မေလ ၂၅ ရက်က ညသပိတ်ပြုလုပ်စဉ် ဖမ်းဆီးခံရသည့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ကို စစ်အုပ်စုက ပုဒ်မ ၅၀၅ (က) အပြင် ၎င်းစီးနင်းလာသည့်ဆိုင်ကယ်မှာ တရားဝင်လိုင်စင်မရှိသည့်အတွက် ပို့ကုန်သွင်းကုန်ဥပဒေဖြင့်ပါ အမှုဖွင့်တရားစွဲဆိုထားသည်။ 

• ဖားကန့်မြို့နယ် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအ တွက် ဆန္ဒပြခဲ့ကြသည်။ 

• မိုးညှင်းမြို့နေ လူငယ်များကလည်း "အားတင်းထားပါ ရွှေမန္တလေးရာ မင်းတို့နောက်မှာ ငါတို့ရှိတယ်" ဟု ကြွေးကြော်ကာ စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ဆန္ဒပြခဲ့ကြသည်။ 

• စီးပွားရေးဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ရန် လျာထားသည့် မြစ်ကြီးနားမြို့၊ နမ်ကျင်ကျေးရွာတွင် စစ်အုပ်စုလက်နက် ကိုင်များက အင်အား ၁၀၀ ခန့်ဖြင့် စခန်းချလျက်ရှိရာ ၂၀၁၈ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က အဆိုပါ စခန်းကို တိုက်ထုတ်ခဲ့ပြီးနောက် ထပ်မံစခန်းချလာခြင်း ဖြစ်သည်။ 

ကယားပြည်နယ်

• ကယားပြည်နယ် လွိုင်ကော်၊ လွိုင်လင်လေးမြို့အရှေ့ဘက်နှင့် ဒီးမော့ဆိုအရှေ့ဘက်တို့တွင် စစ်အုပ်စုဘက်က တပ်အင်အား တိုးချဲ့မှုများ ပြုလုပ်ပြီး KNPP နှင့် အချိ်နမရွေး ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာနိုင်ကြောင်းတိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF က ယနေ့နံနက်ပိုင်းက သတိပေးထုတ်ပြန်ထားသည်။ 

ကရင်ပြည်နယ်

• မြဝတီမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မြိုပတ်လမ်း သဲပုံဂိတ်အနီး နေထိုင်သူ စစ်အုပ်စုခန့် ရာအိမ်မှူး ဦးသန်းဋ္ဌေး (၅၈ နှစ်) မှာ နေအိမ်အရှေ့တွင်ရှိနေစဉ် အမည်မသိ လက်နက်ကိုင်များက ကားအနက်ရောင်တစ်စီးဖြင့် ရောက်လာကာ ပစ်ခတ်ခဲ့သည့်အတွက် ဒဏ်ရာရရှိသွား၍ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်ပင် သေဆုံးသွားသည်။ 

• လှိုင်းဘွဲ့မြို့နယ်အတွင်းတွင် စစ်အုပ်စုသြဇာခံ နယ်ခြားစောင့်တပ် - BGF နှင့် စစ်အုပ်စုခန့် ကျေးရွာတာဝန်ခံများ ဦးဆောင်ကာ လောင်းကစားဝိုင်းများအား နေ့ည မပျက် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။ 

ချင်းပြည်နယ်

• လေသေနတ်ကိုင်ဆောင်သည်ဟုဆိုကာ ဧပြီလ ၁၅ ရက်တွင် စစ်အုပ်စုလက်နက်ကိုင်များကဖမ်းဆီးထားသည့် မင်းတပ်မြို့မှ ဦးထန်နှင်းဆိုသူအား ယမန်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• ချင်းအမျိုးသားတပ်ဦး - CNF ဌာနချုပ်နှင့် ၁၆ မိုင်သာ ကွာဝေးသည့် အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယဘက်အခြမ်း Farkawn ရွာတွင် ဖောက်ခွဲရေးကိရိယာအများအပြားနှင့်အတူ လူနှစ်ဦးအား အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း နယ်စပ်တွင် ရက္ခိုင့်တပ်မတော် - AA မှ ခြောက်ဦးကိုလည်း လက်နက်များနှင့်အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ က ဖမ်းဆီးထားသေးသည်။ 

• မင်းတပ်တွင် မြို့ခံများ ကြားဝင်ညှိနှိုင်းမှုဖြင့် မင်းတပ် Chinland Defense Force နှင့် စစ်အုပ်စုအကြား သဘောတူညီချက်ငါးချက်ဖြင့် အပစ်အခတ် ရပ်စွဲထားမည် ဖြစ်သည်။ (၁) စေ့စပ်ညှိနှိုင်းမှုမှာ မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ်အားလုံး အကျုံးဝင်စေရန်နှင့် မင်းတပ်မြို့အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် မြိုပေါ်တွင် လက်နက်ဖြင့် ကိုင်ဆောင်စောင့်ကြပ်စစ်ဆေး ပစ်ခတ်ခြင်းများ မပြုရန် (၂) အစိုးရဌာနဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားဆီးခြင်းများ မပြုလုပ်ရန်၊ CDM ဝန်ထမ်းများကို အတင်းအကျပ်ဖိအားပေး၍ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်စေခြင်း မပြုလုပ်ရန် (၃) ပြည်သူလူထုအား ခြိမ်းခြောက်ခြင်းမပြုလုပ်ရန်နှင့် သဘောတူညီမှုများကို ထိခိုက်ပျက်စီးစေနိင်မည့် ဆောင်ရွက်ချက်များ မပြုလုပ်ရန်၊ CDF မင်းတပ်နှင့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့၏ အွန် လိုင်းစာမျက်နှာတွင် ဝေမျှထားမှုများအတွက် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးက တာဝန်ယူပါသည်။ တစ်ဦးချင်းပုဂ္ဂိုလ်များ၏ အွန်လိုင်းစာမျက်နှာများတွင် မဟုတ်မမှန် ဝေမျှမှုများကို တာဝန်မယူပါ (၄) ကျောက်ထု-မင်းတပ်-မတူပီလမ်းကြောင်းတွင် ဆိုင်ကယ်/လူ သွားလာမှုများကို နှောင့်ယှက်တားဆီးခြင်းမပြုလုပ်ရန် (၅) ရိက္ခာသယ်သောကားများကိုသာ အဝင်အထွက် စစ်ဆေး၍ သွားလာခွင့်ပြုမည်၊ မင်းတပ်စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်သောကားများ ဝင်ထွက်ရာတွင် ဗိုလ်မှူးအောင်ကိုကို၊ ဦးထန်းနိန်၊ ဦးလောရှိန်းဘွမ်၊ ဆရာတော် ရှယ်ဟာဟုန်းတို့ထံသို့ ကြိုတင်သတင်းပေးပို့ကြပါရန်" တို့ ဖြစ်သည်။ သတင်းပေးပို့ရမည့်သူလေးဦး၏ ဖုန်းနံပါတ်များကိုလည်း တစ်ပါတည်း ထည့်သွင်းဖော်ပြထားသည်။ 

• မြန်မာ-အိန္ဒိနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ်ကူးစက်မှု မြင့်မားလာသည့်အတွက် နယ်စပ်ဝင်ပေါက်များအား အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်က လုံခြုံရေးတင်းကြပ်တော့ရန် စီစဉ်နေပြီး ချင်းပြည်နယ် စစ်ဘေးရှောင်ပြည်သူများမှာ ယင်းနယ်စပ်ထွက်ပေါက်များသုံး၍ မီဇိုရမ်ဘက်အထိ တိမ်းရှောင်နေရမှုများ ရှိသည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နယ် လူငယ်များကလည်း ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရှမ်းပြည်နယ်

• မန္တလေးတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် နိုင်ငံအနှံ့တွင် ပြည်သူများ သေကြေပျက်စီးသည်အထိ စစ်အုပ်စုဘက်မှ လုပ် ဆောင်ခြင်းမှာ ပြည်သူများအား စစ်မက်ရေးရာစိန်ခေါ်မှု ပြုလိုက်သည်ဟု သတ်မှတ်ကာ ယင်းလုပ်ရပ်များ ရပ်တန့်စေရန်အတွက် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် ပူးပေါင်းကာ စစ်အုပ်စု တိုက်ခိုက်သွားမည်ဟု ရှမ်းပြည် တောင်ပိုင်း PDF က ထုတ်ပြန်ထားသည်။ 

• ကျိုင်းတုံတွင် ဇွန်လ ၁၉ ရက် ညပိုင်း ၉ နာရီခန့်က သမီးဖြစ်သူအား ဆေးခန်းသွားပြပြီး ဆိုင်ကယ်ဖြင့် ပြန်လာသူတစ်ဦး အား စစ်အုပ်စု ရဲ၊ စစ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကားဖြင့် တိုက်ခိုက်ရာ ကလေးငယ်မှာ ဆိုင်ငယ်ပေါ်မှလွင့်ကာ ခေါင်းအား အုတ်ခဲဖြင့် ထိမိသည့်အတွက် သေဆုံးခဲ့ရာ ဖခင်ဖြစ်သူအား စစ်အုပ်စုက လူသတ်မှုဖြင့် ထပ်မံတရားစွဲဆိုထား သည်။ 

• ဟိုပုံးမြို့တွင် ယနေ့နေ့လယ် ၁ နာရီဝန်းကျင်က တောင်ကြီးမြို့သို့ ဦးတည်၍ စစ်သားနှင့် စားနပ်ရိက္ခာအပြည့် တင်ဆောင် ထားသည့် အစီးရေ ၂၀ ကျော်ပါ စစ်ယာဉ်တန်း တက်သွားကြောင်း သိရသည်။ 

နေပြည်တော်

• စစ်အုပ်စုလက်အောက်တွင် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် စီမံ/ဘဏ္ဍာလက်အောက်ခံ စီမံကိန်းရေးဆွဲရေးဌာနမှ လက်ထောက်ညွှန်မှူးနှင့် ဦးစီးအရာရှိ ၇၆ ဦးကို အလုပ်က ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ 

• နော်ဝေနိုင်ငံ၏ အကြီးဆုံးပင်စင်ရန်ပုံငွေ ကုမ္ပဏီ KLP က မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် အထူးစီးပွားရေး ဇုန်စီမံကိန်းနှင့် Adani ဆိပ်ကမ်းတို့မှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။ Adani ဆိပ်ကမ်းလုပ်ငန်းကို မြန်မာစစ်တပ်ပိုင်လုပ်ငန်းစု တစ်ခုထံမှ မြေငှားရမ်းကာ ရန်ကုန်မြို့တွင် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မည့်စီမံကိန်း ဖြစ်သည်။ 

• စစ်အုပ်စုအာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ ဇွန်လ ၂၂ ရက်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၈၇၅ ဦး၊ မတရားဖမ်း ဆီးခံရသူ ၅၀၅၃ ဦးနှင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၉၅၀ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း - AAPP က ထုတ်ပြန်ထားသည်။ 

• မန္တလေးမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် စစ်အုပ်စုတို့အကြား မြို့ပြတိုက်ပွဲဖြစ်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က "အိမ်ထောင်စုအဆင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် သတိပေးချက်" ထုတ်ပြန်ထားသည်။ 

• အာဏာသိမ်းစစ်အုပ်စု ရုံးထိုင်နေသည့် နေပြည်တော်တွင်လည်း နေပြည်တော်ကျောင်းသားသမဂ္ဂနှင့် မြို့ခံလူငယ်များ စု ပေါင်းကာ "ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြန်မာသတင်းမီဒီယာများနှင့် သတင်းသမားများအပေါ် စစ်အုပ်စုက တိုက်ခိုက်၊ ခြိမ်းခြောက်နေမှုများအား ရပ်တန့်ရန်နှင့် မြန်မာမီဒီယာသတင်းသမားများနှင့်အတူ ရပ်တည်ကြောင်း အရှေ့တောင်အာရှသတင်းစာဆရာသမဂ္ဂ - SEAJU က တောင်း ဆိုထားသည်။ 

ဇွန် ၂၃ သုံးသပ်ချက်

• ရန်ကုန်တွင် ပြောက်ကျားသပိတ်များ ဆက်ရှိလာနေကာ စစ်အုပ်စုသတင်းပေးဒလန် ရှင်းလင်းမှုများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြားဖြင့် မြို့အနှံ့ ကင်းလှည့်မှုများ ပြုလုပ်နေကာ စမ်းချောင်း၊ လှိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ လှိုင်သာယာမြို့နယ်များတွင် ကင်းလှည့်စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ လျက်ရှိသည်။ ရန်ကုန်တွင် လက်နက်ကိုင် တန်ပြန်တိုက်ခိုက်မှုများအပြင် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးရုံးများတွင် ဓားဖြင့် ဝင်ရောက်တိုက်ခိုက်မှုများလည်း ဖြစ်ပွားလျက်ရှိသည်။ 

• မန္တလေးတွင် ပစ်ခတ်တိုက်ခိုက်မှုများအပြီး စစ်အုပ်စုက မြို့အနှံ့ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် လမ်းပေါ်တက် လူထုသပိတ်များ ဆက်ရှိနေဆဲဖြစ်ကာ စစ်အုပ်စုဘက်က အင်အားအများအပြားသုံး၍ ကင်းလှည့်ခြင်းများ၊ ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ မြို့ပေါ် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးများတွင်လည်း လုံခြုံရေးအစီအမံများ တိုးမြှင့်ထားကာ ယနေ့နံနက်ပိုင်းအထိလည်း ပစ်ခတ်မှုအချို့အား မနော်ဟရီဘက်တွင် ထပ်မံပြုလုပ်ခဲ့သေးသည်။ 

• မန္တလေး PDF တိုက်ခိုက်ခံရမှုအပြီးတွင် မြင်းခြံ၊ ပဲခူးတို့တွင် စစ်အုပ်စုလက်အောက်ခံ ရုံးနှင့် ရဲစခန်းများတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ - PDF များဘက်က တန်ပြန်တိုက်ခိုက်မှုများ ရှိခဲ့ရာ စစ်အုပ်စုလက်အောက်ခံတပ်ဖွဲ့များ သေဆုံး၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။ 

• စစ်ကိုင်း၊ ကနီနှင့် မင်းကင်းတစ်ဝိုက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် စစ်အုပ်စုလက်နကကိုင်များ အကြား ရက်ခြားဆိုသလို တိုက်ပွဲများရှိနေကာ စစ်အုပ်စုဘက်က အကျအဆုံးများသည့်အတွက် အင်အားတိုးကာ ကျေးရွာများအား စီးနင်းခြင်း၊ လူသေသည်အထိ ပစ်ခတ်ခြင်း၊ တန်ဖိုးရှိပစ္စည်းများ လုယက်ခြင်းနှင့် နေအိမ်မီးရှို့ခြင်းများအား ဆက် တိုက်ပြုလုပ်လျက်ရှိသည်။

• ကျန် တိုင်းနှင့် ဒေသကြီးများတွင် လူထုဆန္ဒပြမှုများ အားကောင်းစွာဖြင့် ဆက်ရှိနေဆဲဖြစ်ပြီး အချို့မြို့နယ်များတွင် Non CDM သမားများပင် CDM ပြုလုပ်လာမှုများ ရှိနေသည်။

• စစ်အုပ်စုဘက်တွင် လက်နက်ဝယ်ယူမှု ကန့်သတ်ခံရမှုကြောင့် ဖိအားများ ရှိလာနေကာ ပြည်တွင်းရှိ လကနက်ကိုင် ခုခံမှုများကြောင့် အထိနာလျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ရှိရာ ဒေသများတွင် မကြာခဏ ကြားဖြတ်တိုက် ခိုက်ခံရခြင်း၊ တိုက်ခိုက်ခံရခြင်းများကြောင့် တပ်မိသားစုဝင်များအတွင်း ထွက်ပြေးတိမ်းရှောင်မှုများ ရှိလာနေကာ တပ်တွင်း စည်းရုံးရေးအပိုင်းတွင် အားနည်းလာလျက်ရှိသည်။ ကိုဗစ်တတိယလှိုင်းကူးစက်မှု မြင့်မားလာခြင်းကလည်း စစ်အုပ်စုအတွက် အကြပ်အတည်းဖြစ်စေကာ ဖြစ်ပွားသည့်နေရာများတွင် Lockdown ချခြင်းနှင့် ကျောင်း၊ စျေးများ ပိတ်ထားခြင်းတို့သာလုပ်ဆောင်နိုင်ပြီး ဝန်ထမ်းများမလုံလောက်သည့်အတွက် ကုသရေးအပိုင်းတွင် အခက်အခဲများ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required