မန္တလေးပစ်ခတ်မှုတွင် PDF ကျဆုံးသူအရေအတွက် စစ်ကောင်စီထုတ်ပြန်ချက်လွဲမှား၊ သာမန်အရပ်သားများ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရခြင်းကို PDF ဟု စာရင်းပြ

မန္တလေးပစ်ခတ်မှုတွင် PDF ကျဆုံးသူအရေအတွက် စစ်ကောင်စီထုတ်ပြန်ချက်လွဲမှား၊ သာမန်အရပ်သားများ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရခြင်းကို PDF ဟု စာရင်းပြ

ဇွန် ၂၃

မန္တလေးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့အကြားဖြစ်ပွားသော ယမန်နေ့က တိုက်ပွဲတွင် ကျဆုံးသော PDF အရေအတွက်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီက စာရင်းပိုပြခဲ့သည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ Apex ပုဂ္ဂလိကကျောင်း အဆောက်အဦထဲတွင်ရှိနေသော PDF အဖွဲ့ဝင်များကို စစ်ကောင်စီတပ်များက ပိတ်ဆို့စီးနင်းမှုများလုပ်နေချိန်တွင် ၅၃ လမ်းပေါ်တွင်လည်း စစ်သားများက အိမ်စီးကားတစ်စီးကို သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အဆိုပါပစ်ခတ်မှုမှလွတ်ရန် မောင်းပြေးသောအိမ်စီးကားတစ်စီးသည် လမ်းဘေး ထရန်စဖော်မာကိုတိုက်မိပြီး ကားပေါ်ပါသူ လေးဦးသေဆုံးသွားခဲ့သည်။

အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ နေပြည်တော်က ထုတ်ပြန်ချက်တွင်  " ပါကျဲရိုး အဖြူရောင်မော်တော်ယာဉ်တစ်ီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးသွားခဲ့" ဟု ပါရှိသည်။

  " ၅၆ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ ထရန်စဖော်မာအားအရှိန်ဖြင့်ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်အား သေဆုံးလျက်ရှိသော အကြမ်းဖက်သူလေးဦးနှင့်အတူ သိမ်းဆည်းရမိသည်" ဟုလည်း ဆက်လက်ရေးသားထားသည်။  

သို့သော်  ထရန်စဖော်မာပုံးကို ပါကျဲရိုးဖြင့်ဝင်တိုက်မိ၍ သေဆုံးသွားသူများသည် PDF အဖွဲ့ဝင်တွေ မဟုတ်ဘဲ သာမာန်အရပ်သားများသာဖြစ်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်များမန္တလေးဒေသခံများက မဇ္ဈိမသို့ပြောသည်။ 

“သူတို့က PDF နဲ့လုံးဝမဆိုင်ဘူး၊ သာမာန်စီးပွားရေးလုပ်တဲ့ သူတွေဘဲ၊ ပလောင်(တအောဝ်) လူမျိုး သုံးယောက်နဲ့ တရုတ်လူမျိုး တစ်ယောက်၊ တစ်ယောက်ဆို မင်္ဂလာဆောင်ထားတာ တစ်လတောင်မပြည့်သေးဘူး” ဟု သေဆုံးခဲ့ရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ 

သေဆုံးသူများမှာ ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းဘက်က တအောင်း (ပလောင်) လူမျိုးများဖြစ်ကြသည့် မိုင်းနိုင်လိုင်း၊ မိုင်းနိုင်ထွန်းကြည် ၊မိုင်းချင်းဆွေ နှင့် မန္တလေးမြို့နေ တရုတ်လူမျိုး အားတီတို့ဖြစ်သည်။

 ၎င်းတို့လေးဦးလုံးသည် မန္တလေးတွင် စီးပွားရေးအတူလုပ်နေကြသူများဖြစ်ကြကာ အင်္ဂါနေ့နံနက်က မန္တလေးမှသည် စဉ့်ကိုင်ဘက်ရှိ ကြက်ခြံလုပ်ငန်းများ သွားကြည့်ရန် ကားဖြင့်ထွက်လာခိုက် တိုက်ပွဲဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေခဲ့ရာ ကားကို ပြန်လှည့်ထွက်သော်လည်း စစ်သားများက အနောက်ကနေ လိုက်ပစ်ခြင်းသာဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“အလောင်းတွေက ပြန်မရသေးဘူး၊ စစ်ကောင်စီဘက်က ကားထဲမှာ လက်နက်ပါတယ်ဆိုပြီး စွပ်စွဲထားတယ်၊ ကျွန်တော့ညီ အဲဒီလိုလုပ်မှာမဟုတ်ဘူး၊ ဘယ်မှာထားတယ်ဆိုတာလဲ မသိရသေးဘူး၊ လက်နက်ပါတယ် စွပ်စွဲထားတော့ အခက်အခဲတွေ ရှိနေတာပေါ့၊ ဖြစ်လည်းဖြစ်ပြီးသွားပြီဆိုတော့ ကျွန်တော်တို့က ရုပ်အလောင်တွေကိုပဲ ပြန်ရချင်တယ်။ ” ဟု ပြောသည်။

မန္တလေး PDF ဘက်ကထုတ်ပြန်ချက်တွင်လည်း တိုက်ပွဲကြောင့် PDF နှစ်ဦးကျဆုံးပြီး ခြောက်ဦးအဖမ်းခံခဲ့ရသည်ဟုသာ ပါရှိသည်။ 

စစ်အုပ်စုဘက်ကတော့ အခင်းဖြစ်ပွားမှုနှစ်ခုကိုပေါင်းစပ်ဖော်ပြထားပြီး ပထမဖြစ်စဉ်တွင် PDF လေးဦးသေဆုံးကာ ရှစ်ဦးဖမ်းဆီးမိသည်ဟုဆိုသည်။ ဒုတိယဖြစ်စဉ်တွင်တော့ လေးဦးသေဆုံးသည်ဟု ပါရှိသည်။  

သို့သော် စစ်အုပ်စုဘက်ကပင်ထွက်ရှိလာသော ဓာတ်ပုံတစ်ခုတွင် အဆောက်အဦတွင် လက်ပြန်ကြိုးတုပ်မှောက်ခိုင်းထားသည့် အဖမ်းခံထားရသူနှင့် သေဆုံးသူအားလုံးပေါင်းမှာ ရှစ်ဦးသာရှိသည်။ အဆိုပါဓာတ်ပုံသည်အစစ်ဖြစ်ကြောင်း ကျောက်ဆည် PDF ဘက်က မဇ္ဈိမကို အတည်ပြုပြောထားသည်။ အဖမ်းခံရသူများတွင် ကျောက်ဆည် PDF အဖွဲ့ဝင် နှစ်ဦးပါဝင်သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly