မဝင်းမော်ဦးအတွက် အစိုးရသစ်တက်ပြီးမှသာ အမျှဝေမည်ဟု ဖခင်ပြော

မဝင်းမော်ဦးအတွက် အစိုးရသစ်တက်ပြီးမှသာ အမျှဝေမည်ဟု ဖခင်ပြော

ပုသိမ်၊ ဒီဇင်ဘာ ၆ ။             ။ ၁၉၈၈ အရေးတော်ပုံအတွင်း ရန်ကုန်မြို့၌ ကျည်ထိမှန်ခဲ့ကာ သေဆုံးခဲ့သည့် အဌ္စမတန်းကျောင်းသူ မဝင်းမော်ဦးအား အစိုးရသစ်ထံ တာဝန်များ လွှဲပြောင်းပြီးမှ အမျှပေးဝေမည်ဖြစ်ကြောင်း ၎င်းဖခင် ဦးဝင်းကြူက မဇ္ဈိမကို ပြောသည်။

"အခု ညောင်တုန်းမှာလုပ်မယ့်ပွဲက ညောင်တုန်းက နိုင်/ကျဉ်းတွေ ဂုဏ်ပြုပွဲလုပ်မယ်ဆိုလို ခွင့်ပြုတာပါ၊အမျှပေးဝေဖို့မဟုတ်ပါဘူး။ ကျွန်တော် အစိုးရသစ်ဖွဲ့ပြီးရင် အမျှပေးဝေမှာ။ သမီးတောင်းဆိုထားတဲ့ ဒီမိုကရေစီ မြင်နေရပါပြီ"ဟု မဝင်းမော်ဦးဖခင်က မဇ္ဈိမသို့ပြောသည်။

၎င်းက ဆက်လက်ပြီး "သမီး ကျည်ထိတယ်နေ့က ဆေးရုံရောက်သွားပြီး သူ ကျွန်တော့်ကို ကတိတခုတောင်းပါတယ်၊ အဖေ သမီး တခုခုဖြစ်ခဲ့ရင် အဖေ သမီးတို့တောင်းဆိုထားတယ်။ ဒီမိုကရေစီ မရမချင်း အဖေ သမီးနာမည်ခေါ်ပြီး အမျှမဝေပါနဲ့လို့ တောင်းဆိုခဲ့တယ်။ ကျွန်တော်လည်းပေးထားတယ်၊ နှစ်စဉ်တိုင်း သမီး နှစ်ပတ်လည် လုပ်ခဲ့ပါတယ်"ဟု ဆက်လက်ပြောသည်။

ဒီဇင်ဘာ ၆ရက်၊ နံနက် ၉နာရီတွင် ညောင်တုန်းမြို့၊ အရွှဲကျေးရွာအုပ်စု၊ အမြောင်းကျေးရွာ၊ ဝေဠုဝန်ဘုန်ကြီးကျောင်းတွင် ညောင်တုန်းမြို့၊ မဲဇလီမှ နိုင်/ကျဉ်းအဖွဲ့ဝင် ကိုဘုန်းကျော်၏ စီစဉ်မှုဖြင့် မဝင်းမော်ဦးအတွက် ဆွမ်းကျွေးပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly