ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို တရားစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)အမှုအတွက် ကြားဖြတ်အမိန့်ချမည်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို တရားစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)အမှုအတွက် ကြားဖြတ်အမိန့်ချမည်

ဇွန် ၂၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးအား တစ်ပေါင်းတည်း တရားစွဲဆိုထားသည့်  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) အမှုအတွက် ဇွန် ၂၉ ရက် ရုံးချိန်းတွင် ကြားဖြတ်အမိန့်တစ်ခု ချမှတ်သွားမည်ဖြစ်ကြောင်း သူတို့၏ရှေ့နေက ပြောသည်။

“ သူတို့သုံးဦးစလုံးအမှုအတွက် တရားလိုက အရင်တစ်ပတ်မှာ သက်သေခံစာရွက်စာတမ်းတွေ တင်သွင်းတာ ကို ကျွန်မတို့ ကန့်ကွက်ထားတယ်။ ကန့်ကွက်ထားတဲ့ အပေါ်မှာ ဒီနေ့ နှစ်ဘက်လျှောက်လဲချက် ပေးရတာပါ။ ၂၉ ရက်နေ့မှာ သက်သေခံတင်သွင်းမှုကို ရုံးတော်က အမိန့်တစ်ခု အနေနဲ့ချမှာပါ။ အမေစုဘက်ကတော့ သူလိုအပ်တဲ့ ပစ္စည်းလေးတွေ ထပ်မှာတာမျိုးဘဲရှိပါတယ်”  ဟု တရားလွှတ်တော်ရှေ့ ဒေါ်မင်းမင်းစိုးက မဇ္ဈိမကို ပြောသည်။ 

ကြားဖြတ်အမိန့်ဆိုသည်မှာ အမှုနှင့်ပတ်သက်၍ တရားရုံးက ကြားနာစစ်ဆေးမှု ဆုံးဖြတ်ချက် တစ်ခုပြီးတိုင်း ချမှတ်သည့် အမိန့်ကို ဆိုလိုခြင်းဖြစ်သည်။ တရားလိုဘက်က တင်သွင်းထားသည့် သက်သေခံအတွက် လက်ခံမည် လက်မခံမည် ဆိုသည်ကို အမိန့်ချမှတ်ခြင်းမျိုး (သို့မဟုတ်) စွဲဆိုထားသည့် ပုဒ်မသည် ခိုင်လုံသော အကြောင်းပြချက်ရှိခြင်းကိုယုံကြည်သောကြောင့် စွဲဆိုချက်အပေါ် လက်ခံကြောင်း အမိန့်ချမှတ်ခြင်းမျိုး ကို ဆိုလိုခြင်းဖြစ်သည်။

ယနေ့ အင်္ဂါနေ့ ရုံးချိန်းတွင် တရားလိုဘက်က သက်သေခံအထောက်အထားများ တင်သွင်းထားသည့်အပေါ် နှစ်ဘက်ရှေ့နေများ အချေအတင် လျှောက်လဲချက်ပေးခဲ့ကြပြီးနောက် လာမည့် ဇွန်၂၉ရက် ရုံးချိန်းတွင် သက်သေခံအထောက်အထား တင်သွင်းထားမှုအား တရားရုံးက လက်ခံသင့် /လက်မခံသင့် ကို ဆုံးဖြတ်ပေးမည့် အမိန့်(ကြားဖြတ်အမိန့်) ချမှတ်သွားမည်ဖြစ်သည်။

ယနေ့ ရုံးထုတ်စစ်ဆေးမှုတွင် နိုင်ငံခေါင်းဆောင်သုံးဦးစလုံးနှင့် မိနစ်၃၀ တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး စွဲဆိုထားသော အမှုအတွက်တိုင်ပင်ကြကာ အခြားအရာများ သီးခြားပြောဆိုခြင်းမျိုးမရှိကြောင်း ဒေါ်မင်းမင်းစိုးက ဆိုသည်။

ယနေ့ ရာဇသတ်ကြီး ဥပေဒေပုဒ်မ ၅၀၅(ခ)အမှုအတွက် စစ်ဆေးကြားနာအပြီး တရားလို ဦးထွန်းမြင့်အောင်က ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအား တရားစွဲဆိုထားသော သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် တရားလိုနှင့် လိုပြသက်သေ ရွှေကြာပင် အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဦးကို ဆက်လက်စစ်ဆေးခဲ့သည် ဟုဆိုသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲဆိုရာတွင် တရားလိုနှစ်ဦးက ယင်းပုဒ်မတစ်ခုစီဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်သုံးဦးကို တရားစွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ ရုံးချိန်းကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ပုံမှန်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required