ပုသိမ်ဟိုတယ်ရှေ့က ဗုံးပေါက်ကွဲမှုအပြီး မြို့ခံလူငယ် ၆ ဦးဖမ်းဆီးခံရ 

ပုသိမ်ဟိုတယ်ရှေ့က ဗုံးပေါက်ကွဲမှုအပြီး မြို့ခံလူငယ် ၆ ဦးဖမ်းဆီးခံရ 

ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ဇွန်လ ၂၀ ရက် ညပိုင်းက ပုသိမ်ဟော်တယ်နဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုနဲ့ အနီးအနားမှာနေထိုင်တဲ့ ကိုထွန်းလင်းအောင်ဆိုသူကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ 

"ပထမဆုံးအဖမ်းခံရတဲ့ကောင်လေးနေတဲ့နေရာက ပုသိမ်ဟိုတယ်ကနေ လမ်းလျှောက်သွားရင်တောင် ၅ မိနစ်မကြာဘူး။ ညမထွက်ရအမိန့်က ည ၈ နာရီကနေ ၁၀ နာရီပြောင်းထားတော့ လူငယ်ဆိုတော့ ဟိုနားဒီနား သွားတာလာတာရှိတာပေါ့၊ စစ်ကောင်စီဘက်ကတော့ ကောင်လေးရဲ့လက်ထဲချိန်ကိုက်ဗုံးတွေ့တယ်လို့ပြောတာပဲ"လို့ဒေသခံတစ်ဦးကပြောပါတယ်။ 

ဖမ်းဆီးခံခဲ့ရတဲ့ ကိုထွန်းလင်းအောင်ကို စစ်အုပ်စုက ရိုက်နှက်စစ်ဆေးတာတွေပြုလုပ်ပြီး အဲ့ဒီလူငယ်ရဲ့ ထွက်ဆိုချက်အရဟုဆိုပြီး ပုသိမ်မြို့ခံလူငယ် ငါး ဦးကိုထပ်မံဖမ်းဆီးခဲ့တာပါ။

ကိုထွန်းလင်းအောင် အပါအဝင် လူငယ် ခြောက် ဦးကို သေနတ်တစ်လက်၊ကျည်အတောင့် ၅၀၊လက်လုပ်ဗုံး ၂ လုံးနဲ့ လက်လုပ်ဗုံးပြုလုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တာလို့လည်း အကြမ်းဖက်စစ်ကောင်စီကိုထောက်ခံတဲ့ တရားမဝင် သတင်းစာမျက်နှာတွေမှာဖော်ပြထားပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ ပုသိမ်ဟော်တယ်နဲ့ ပတ်ဝန်းကျင်ကို စစ်အုပ်စုနဲ့ရဲတွေက စစ်ဆေးနေချိန်မှာ ပုသိမ်ဟော်တယ်နဲ့ အနီးမှာရှိတဲ့ ဆောက်လုပ်ရေး (ယန္တရား)ရုံးဝန်းအတွင်း ပုန်းခိုနေတဲ့အတွက် ကိုထွန်းလင်းအောင် ကို ချိန်ကိုက်ဗုံး (၁) လုံးနဲ့အတူဖမ်းဆီးခဲ့တာလို့ အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ 

ကိုထွန်းလင်းအောင်အပါအဝင် ဖမ်းဆီးခံရတဲ့ လူငယ် ခြောက် ဦးကို အကြမ်းဖက်စစ်ကောင်စီက မတရားလုပ်ကြံဖမ်းဆီးခဲ့တာလို့ ပုသိမ်မြို့ခံတွေကပြောဆိုနေကြပြီး မိသားစုဝင်တွေကလည်း စိုးရိမ်နေကြပါတယ်။

ပုသိမ်ဟော်တယ်ရှေ့ကအမှိုက်ပုံးအနီးမှာ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံးတစ်လုံးထပ်မံတွေ့ရှိခဲ့တာကြောင့် စစ်အုပ်စုက ရှင်းလင်းဖြုတ်သိမ်းသွားတယ်လို့လည်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly