နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၁ ရက် ၊ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ဒေသခံပြည်သူများ၏ ရောင်စုံflareများကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖော်ထုတ်(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ ရွှေရည်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွင် ဇွန်လ ၁၈ ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ရာ ဖောက်ခွဲသူများမှာ ဧည့်စာရင်းလာတိုင်သည့် အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရှိခဲ့ ရပြီး ပေါက်ကွဲမှုကြောင့် စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

• ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက် ဆာဖိုးသာခြံလမ်းထဲတွင် ဇွန်လ ၁၉ ရက် ည ၁၂ နာရီကျော်က ဖမ်းဆီးခံရသည့် သက်ပိုင်ထူး (ခ) အလီဆိုသူမှာ စစ်ကြောရေးတွင် သေဆုံးသွားပြီဖြစ်ကာ ၎င်းအား ဝင်ရောက်ဖမ်းဆီးစဉ်က စစ်အုပ်စုပစ်ခတ်မှုဖြင့် ကျည်ထိမှန်ခဲ့သူ အသက် ၁၃ နှစ်ရွယ် မောင်ဖိုးစိန်မှာ ကျည်ဆံထိမှန်ပြီးနောက် အသက်ရှင်နေသော်လည်း ဆေးကုသမှုမပေးဘဲ ထားခဲ့သည့်အတွက် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့သည်။ 

• လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်အနီး ဒိုင်းစုကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းရှာဖွေကာ ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားသည်ဟု သိရသည်။ 

• အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အီးဒ်ဂါဗလီတွင် အသွားအလာကန့်သတ်ထားသည့် နံနက် ၂ နာရီ ၂၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ ဗလီတာဝန်ရှိ။ အဆိုပါဗလီမှာ မတ်လ ၉ ရက်က စစ်အုပ်စုလက်နက်ကိုင် များ ဝင်ရောက်စီးနင်းကာ ဗလီအစောင့်များအား မောင်းထုတ်၍ ပစ်ခတ်မှုများပြုလုပ်ခဲ့ဖူးသည်။ 

• ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီးနှင့် ဗဟိုလမ်းပေါ် ခိုင်ရွှေဝါမှတ်တိုင်အနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက ဖြတ်သွားဖြတ်လာ ပြည်သူများအား တားဆီးစစ်ဆေးခဲ့ကာ လှည်းတန်းလမ်းပေါ် အ.ထ.က (၅) ကျောင်းရှေ့တွင်လည်း လုံခြုံရေးချထားခဲ့သည်ဟု သိရသည်။ 

• သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာသုခလမ်းအတွင်းရှိ တိုက်ခန်းမြေညီထပ်အနီးတွင် ဗုံးတွေ့သည်ဟုဆိုကာ နေ့လယ် ၁ နာရီကျော်က စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ လေးထောင့်ကန်လမ်းမကြီးပေါ် ဘီအိုစီနှင့် ဘုရားလမ်းမှတ်တိုင်တို့အထိ ယာယီလမ်းပိတ်ထားခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မိုးကုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDFက NUG အပါဝင် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA၊ မြို့နယ်တွင်း ဖွဲ့စည်း ထားသည့် အခြား PDF များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်အား နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကာ တပ်ဖွဲ့နှင့် ပတ်သက်သည့် သတင်းများကိုလည်း "မိုးကုတ်နွေဦးတော်လှန်ရေး မြေပြင်သတင်းမှန်" မှ ထုတ်ပြန်သွားမည် ဖြစ်သည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း "မယိုင်လဲတဲ့ တပ်ပေါင်းစု - ခိုင်မြဲတဲ့ တပ်ပေါင်းစု" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် ဒေါင်းစစ်သည်၊ မဟာအောင်မြေလူထု၊ သမဝါယမတက္ကသိုလ်ကျောင်းသားများ သပိတ်စစ်ကြောင်းတို့ ပါဝင်သည်။ 

• မန်း အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း "စစ်ခွေးလက်အောက် ဒူးမထောက်ဘူး" ဟု ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းဒေသခံအချို့ကလည်း "NUG အစိုးရထောက်ခံကြောင်း"၊ "PDF သူရဲကောင်းအားလုံး ဘေးရန်ကင်းပါစေ" ဟု စာများ ရေးသားကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• အမရပူရမြို့နယ်၊ နာမည်ကျော် ဦးပိန်တံတားတွင် လူငယ်အချို့က "မတရားမှုက ဥပဒေဖြစ်လာရင် ခုခံတော်လှန်ရေးက တာဝန်ဝတ္တရားဖြစ်လာတယ်" ဟု အဝတ်စကြီးများပေါ်တွင် ရေးသားကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပိုစတာကမ်ပိန်း ပြုလုပ်ခဲ့သည်။ 

• အောင်ပင်လယ်သပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

• ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ဗကသ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြင်းခြံမြို့၊ အမှတ် (၉) ကံဦးရပ်ကွက်တွင် စစ်အုပ်စုလက်နက်ကိုင်များက ဒေသခံပြည်သူများ၏ နေအိမ်အချို့အား ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံရသူ မရှိခဲ့ဟုသိရကာ အမှတ် (၆) ရပ်ကွက်တွင်လည်း ရပ်ကွက်ထဲ အိမ်စီးကားဖြင့် ဝင်လာသည့် စစ်အုပ်စုလက်နက်ကိုင်များအား ZERO ပြောက်ကျားတပ်ဖွဲ့ဝင်များက ချိန်ကိုက်ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ ဒဏ်ရာရရှိမှုအခြေအနေကိုမူ မသိရပေ။ 

• မြင်းခြံတွင် ယမန်နေ့က (၁၁) ရပ်ကွက်နေ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးစီ၊ (၆) ရပ်ကွက်ရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးနှင့် နွားကျောင်းသား ခြောက်ဦးအား စစ်အုပ်စုက ဖမ်းဆီးသွားပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကိုမူ မသိရပေ။ 

• စဉ့်ကူမြို့နယ်၊ လက်ပန်လှအုပ်စု၊ ငြိမ်းချမ်းအောင်ရွာနေ ဇွန်လ ၂၄ ရက်တွင် မင်္ဂလာဆောင်မည်ဖြစ်၍ ဆိုင်ကယ်ဖြင့် ဖိတ်စာလိုက်လံဝေငှသူ သတို့သားလောင်း မောင်ကျော်ကျော်မျိုးမှာ ဇွန်လ ၂၀ ရက်ညပိုင်းက လက်ပန်လှကျောင်းအရှေ့အရောက်တွင် စစ်အုပ်စုက ပစ်ခတ်သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကာ အဖော်လိုက်ပေးသူ သူငယ်ချင်းတစ်ဦးကိုလည်း စစ်တပ်က ရိုက်နှက်ဖမ်းဆီးထားသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့ရှိ စာရေးဆရာနှင့် Bago Weekly ဂျာနယ်ပင်တိုင်ဆောင်းပါးရှင် ငြိမ်း (ခ) ကိုအောင်ကိုနှင့် အသက် ၁၆ နှစ်အရွယ် တူဖြစ်သူ မောင်ဇော်လင်းထွေးတို့အား ၎င်းတို့၏ နေအိမ်တွင် စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးကာ နေအိမ် ရှေ့ရှိ Bago Weekly ဂျာနယ် အယ်ဒီတာဟောင်း ကိုနေထက်နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေစီးနင်းရာ အိမ်တွင်မရှိသည့် အတွက် လွတ်မြောက်သွားသည်။ 

• ပဲခူးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ပုသိမ်ဟိုတယ်ရှေ့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး ဟိုတယ်အနီး ကင်မလင်းကျွန်းလမ်းမကြီးနေ အသက် ၃၂ နှစ်အရွယ် ကိုထွန်းလင်းအောင်ဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက လက်ထိပ်ခတ် ဖမ်းဆီးသွားသည်။ 
• မြောင်းမြတွင် ကိုဗစ်ကူးစက်နှုန်း မြင့်မားမှုကြောင့် စစ်အုပ်စုက ဖွင့်ထားသည့် ကျောင်းများမှ ကျောင်းသားများအား ပြန်လွှတ်နေကာ မိဘများကိုယ်တိုင်ကလည်း ပြန်လည်ခေါ်ယူမှုများပြုလုပ်နေရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မြောင်မြို့နယ် သနပ်ကုန်းရွာတွင် ရေစကြိုမြို့နယ်မှ စံပြနာရေးကားပေါ်တွင် သာခေါင်ကျေးရွာသား သုံးဦး ဇွန်လ ၁၉ ရက် ညနေပိုင်းက အသတ်ခံရမှုမှာ မိမိတို့လက်ချက်မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များ ပုံရိပ်ကျဆင်းအောင်လုပ်ကြံသတင်းလွှင့်မှုများ ပြုလုပ်နေခြင်းသာဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က ထုတ်ပြန်ထားသည်။ 

• မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာနေ NLD တိုင်းလွှတ်တော်အမတ် ဒေါ်အေးမြတ်မွန် နေအိမ်အား စစ်အုပ်စုလက်နက်ကိုင် များက ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းက တံခါးများ ရိုက်ချိုး၍ ဝင်ရောက်စီးနင်းကာ နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို လည်း သိမ်းယူသွားခဲ့ကြောင်းသိရပြီး ဒေါ်အေးမြတ်မွန်မှာ ရှောင်တိမ်းနေသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း မရှိပေ။ 

• ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ အင်းယားကုန်းရှိ ဦးဝင်းဇော်ဦးနေအိမ်အား ဇွန်လ ၁၉ ရက်ညပိုင်းက ဝင်ရောက်စီးနင်း ကာ မိသားစုဝင်လေးဦးကို ပစ်သတ်ကာ ရွှေနှင့် တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွားခြင်းမှာ စစ်အုပ်စု၏ လက်ချက်သာဖြစ်ပြီး ယင်းလုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF က ထုတ်ပြန်ထားသည်။ 

• ကလေးမြို့တွင် ဇွန်လ ၂၀ ရက် နံနက်ပိုင်းက ချမ်းမြအောင်စည်ရပ်ကွက်၊ ဧရာဝတီလက်ဖက်ရည်ဆိုင်အား စစ်အုပ်စုလက် နက်ကိုင်များက ဝင်ရောက်စီးနင်းကာ အကိုဖြစ်သူအား မတွေ့သဖြင့် ညီဖြစ်သူနှင့် ဦးလေးဖြစ်သူတို့အား ဖမ်းဆီးခဲ့ရာ ဦးလေးဖြစ်သူမှာ အနံပျောက်လူနာဖြစ်နေသည့်အတွက် သိမ်းယူသွားသည့် ငွေကျပ် သိန်း ၅၀ ခန့်၊ ဖုန်းများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• ကလေးမြို့တွင် ဇွန်လ ၂၀ ရက် နံနက်ပိုင်းက ဖမ်းဆီးခံရကာ စစ်ကြောရေးတွင် သေဆုံးသွားသည့်အတွက် အလောင်းလာ ထုတ်ယူရန် မိဘများထံ အကြောင်းကြားခံထားရသည့် မောင်ကျော်မင်းခန့်မောင်မှာ မသေဆုံးသေးကြောင်းနှင့် စစ်ကြော ရေးတွင်ပင်ရှိကြောင်း ကလေးမြို့ရဲစခန်းမှူးက တုံ့ပြန်ပြောဆိုထားသည်။ 

• ကလေးမြို့တွင် စစ်အုပ်စုက အကြောင်းမဲ့ပစ်ခတ်မှုများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေသည့်ကြားကပင် ကလေးမြို့ခံလူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တန့်ဆည်-ကလေးဝလမ်းပေါ် မဟာမြိုင်ကြိုးဝိုင်းအတွင်း စစ်အုပ်စုနှင့် ပူးပေါင်းကာ သစ်ခိုးထုတ်မှုများ ရှိနေပြီး ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု တန့်ဆည်ပြည်သူ့ရဲဘော်များအဖွဲ့ - TPC က ကြေညာထားသည်။ 

• ယင်းမာပင်ခရိုင်၊ ကွေ့ချောင်းရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက စစ်ကားနှစ်စီးအပြည့်ဖြင့် ရောက်ရှိလာကာ နံနက် ၆ နာရီခွဲခန့်မှ ၈ နာရီခွဲခန့်အထိ ရွာတွင်းရှိ အိမ်အချို့အား ဝင်ရောက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် အဆိုပါစစ် ယာဉ်တန်းမှာ ယင်းမာပြင်မြို့နယ်၊ စုန်းချောင်းရွာနှင့် ဘန့်ဘွေ့ကုန်းကျေးရွာများသို့လည်း ဝင်ရောက်စီးနင်းမီမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ တိမ်းရှောင်ခဲ့ကြရသည်။ 

• ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ဘက် ပေကုန်းကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မုံရွာပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မြို့လယ်မီးပွိုင့်အလယ်တွင် စုဝေးကာ ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ မုံရွာမြို့နေ လူငယ်အချို့ကလည်း မုံရွာမြို့ပြင်အထိ ထွက်ကာ "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း လူအင် အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်ခရိုင်တွင်းရှိ သစ်တောဧရိယာများတွင် နေ့စဉ်သစ်ခိုးထုတ်မှုများရှိနေကာ ကာကွယ်စောင့်ရှောက်ရန်အတွက် ပည်သူလူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တို့ ပူးပေါင်းကာ ဖမ်းဆီးအရေးယူဆောင်ရွက်မည်ဟု ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကာ ကြေညာထားသည်။ 

• ဘုတလင်မြို့နယ်ရှိ လူအင်အားရာနှင့်ချီပါဝင်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့် လည်ချီတက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဘုတလင်မြို့နယ်၊ ချင်းတွင်းကျေးရွာတွင် လည်း သံဃာတော်များ ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• စစ်အုပ်စု လက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်သည့်အတွက် အလုပ်ထုတ်ခံထားရသည့် မကွေးတိုင်းတွင်းရှိ ထောက်ရှာပင်၊ ထန်းကိုင်း၊ ရေနံမရေနံမြေများမှ ဝန်ထမ်း ၄၉၅ ဦးမှာ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် အကူအညီ လိုအပ်လျက်ရှိသည်။ 

• မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြောက်ပိုင်းဇုန် ပြည်သူများ ပူးပေါင်းကာ မြောက်ပိုင်းဇုန်အတွင်း ရှိကျေးရွာများသို့ ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

• တောင်တွင်းကြီးမြို့နယ်တွင် စစ်အုပ်စုလက်အောက်ခံ ရုံးများက မြို့လယ်လမ်းဆုံမီးပွိုင့်များတွင် ကိုဗစ်ရောဂါမကူးစက် ရေးလှုပ်ရှားမှု ကမ်ပိန်းများ ပြုလုပ်နေပြီး ကိုဗစ် ပထမနှင့် ဒုတိယလှိုင်းတွင် တောင်တွင်းကြီး၌ ကူးစက်ခံခဲ့ရသူ ၂၅၀ ကျော် ရှိသည်။ 

• ပေါက်မြို့နယ်ရှိ ရွာလုံးကျွတ် မီးရှို့ခံရသည့် ကင်းမရွာပြည်သူများအတွက် NUG အစိုးရက ငွေကျပ် ၁၈၂ သိန်းကျော် ကူညီ ထောက်ပံ့ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ ရေဖြူရွာနေ ပြည်သူများကလည်း "ငါတို့ ငြိမ်သက်သွားမှာ မဟုတ်ဘူး" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ်ပြုလုပ်ခဲ့သည်။ ညင်းမော်ကျေးရွာ နေပြည်သူများကလည်း သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံ မြို့နယ် ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ ညနေပိုင်းတွင် ကညုံကျွန်းကျေးရွာနေ ပြည်သူများကလည်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်မြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မြို့နယ်တွင်း လမ်းများ၌ လှည့်လည်ဆန္ဒပြခဲ့ သည့်အပြင် မြို့ပေါ်လမ်းဆုံလမ်းခွများတွင် သွေးစွန်းသော စစ်တပ်ထုတ်ကုန်များ မသုံးရေး လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာနေ ပြည်သူများကလည်း ယနေ့ညနေပိုင်းတွင် သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• မိုးကောင်းနေ ပြည်သူများကလည်း မြို့နယ်တွင်း ဆိုင်ကယ်များဖြင့် လှည့်လည်ကာ အာရုဏ်ဦးသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက ဘာသာရေးကျောင်းများနှင့် ဆေးရုံးများတွင် ဝင်ရောက်တပ်စွဲထားကာ အချို့နေရာများတွင် အင်အား ၁၀၀ ခန့်အထိ ရှိသည်။ 

• ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စုနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ "ပြည်သူ့ဆန္ဒ အလေးထားရန်" နှင့် "ဖမ်းဆီးထားသည့် ခေါင်းဆောင်များ လွှတ်ပေးရန်" ကြွေးကြော်ကာ ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ ကျောက်ဝိုင်းတွင်လည်း "အသံမတိတ် အလံမလိပ် ကျောက်ဝိုင်းသပိတ်" စစ်ကြောင်းဖြင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြစ်ကြီးနားမြို့၊ ကချင်စုရပ်ကွက်ရှိ မူလတန်းလွန်ကျောင်းတွင် ကျောင်းဆရာမတစ်ဦး ကိုဗစ်ကူးစက်သည့်အတွက် ကျောင်း ကို ယာယီပိတ်ထားလိုက်ရသည်။ 

• ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့တွင် NLD အစိုးရလက်ထက်က ရပ်ဆိုင်းထားသည့် နောင်မွန်မြို့ လေယာဉ်ကွင်းစီမံကိန်းကို စစ်အုပ်စုအာဏာရပြီး လေးလကျော်အကြာတွင် ပြန်လည်ဆောက်လုပ်လျက်ရှိသည်။ နောင်မွန်မြို့သည် ကချင်လွတ်မြောက်ရေးတပ်မတော် - KIA စိုးမိုးသည့်ဒေသတွင် မပါဝင်ဘဲ စစ်အုပ်စုသြဇာခံ ပြည်သူစစ်များ ကြီးစိုးရာဒေသလည်း ဖြစ်သည်။ 

ကယားပြည်နယ်

• စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲတွင် ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် ၁၄၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP ဥက္ကဋ္ဌ အေဘယ်တွိဒ်က သဝဏ်လွှာပေးပို့ထားသည်။ အမျိုးသားနေ့အခမ်းအနားကို KNPP ဌာနချုပ်ရှိရာ ညာမို (ခေါ်) တာလဲဒူဆိုင်တွင် ယနေ့နံ နက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

ကရင်ပြည်နယ်

• ဖားပွန်-ကမေမာင်း ကားလမ်းမကြီးအား KNU/KNLA တပ်ဖွဲ့က တွင် ဇွန်လ ၁၉ ရက်က ပြန်လည်ဖွင့်ပေးခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက အရပ်သားကားဖြင့် ရိက္ခာတင်ပို့ မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ကားများအား တားဆီး စစ်ဆေးခဲ့ရာ သတင်းအရတွေ့ရှိသဖြင့် အဆိုပါရိက္ခာများအား မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ 

ချင်းပြည်နယ်

• စစ်အုပ်စုအား လက်နက်ကိုင်တွန်းလှန်ရန် ပြင်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းအား ဇိုမီးတော်လှန်ရေးတပ်မတော် - ZRA က ဝင်ရောက်တိုက်ခိုက်မှုအား ပြင်းထန်စွာ ရှုတ်ချကာ တိုက်ခိုက်မှုများ ဆက်လုပ်လာပါက မိမိတို့အနေ ဖြင့် မိတ်ဆက်အဖွဲ့အစည်းများနှင့်အတူ ရသည့်နည်းဖြင့် ပြန်လည်တိုက်ခိုက်ဆန့်ကျင်သွားမည်ဟု Chinland Defense Force က ထုတ်ပြန်ထားသည်။ 

• ဖလမ်းမြို့၊ လုမ်ဘန်ရွာအနီးတွင် Chinland Defense Force နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ခဲ့ရာတွင် CDF တပ်ဖွဲ့ဝင် Salai Nawl Piang ကျဆုံးခြင်း တစ်လပြည့်အထိမ်းအမှတ်ကို ဖလမ်းမြို့တွင် ပြုလုပ်ခဲ့သည်။ မေလ ၂၁ ရက် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်အုပ်စုဘက်က ခြောက်ဦးသေဆုံးခဲ့သည်။ 

• ဖလမ်းမြို့တွင် ယမန်နေ့ညက ညအိပ်ရပ်နားထားသည့် အင်အား ၂၀၀ ခန့် တင်ဆောင်ထားသည့် ကားကိုးစီးနှင့် စစ်ယာဉ်တန်းမှာ ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ဘက်သို့ ထွက်သွားပြီဖြစ်ကာ ရိဒ်လမ်းခွဲနှင့် တလာရ်ရောန်ရွာအနီးတွင်လည်း အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်သွားခဲ့သည်။ 

• ကိုဗစ် ၁၉ ကူးစက်မှုများ ရှိနေသည့် ဖလမ်းမြို့တွင် ဇွန်လ ၂၃ ရက်မှစ၍ ရှစ်ရက်ကြာ နေအိမ်တွင်း နေထိုင်ကြရန်နှင့် စျေးဆိုင်များ မဖွင့်ကြရန် ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံအမှုတော်ဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။ 

မွန်ပြည်နယ်

• မော်လမြိုင်မြို့၊ ကျောက်မီးသွေးစက်ရုံမီးပွိုင့်အနီးတွင် ယမန်နေ့ည ၈ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် ဘီလူးကျွန်း၊ အဘစ်ကျေးရွာနေ ကိုမိုးဇော်ဦးနှင့် ကိုမင်းဇော်ဦးတို့ နှစ်ဦးမှာ အင်အား ၂၀ ခန့်ရှိ စစ်အုပ်စုဘက်က ပစ်ခတ်သဖြင့် သေဆုံးခဲ့သည်။ မော်လမြိုင်တွင် ညမထွက်ရ အမိန့်မှာ ည ၁၀ နာရီမှ နံနက် ၂ နာရီအထိ ဖြစ်သည်။ ယနေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့၏ အလောင်းများအား အဘစ်ကျေးရွာသို့ ပြန်လည်ယူဆောင်ကာ မီးသင်္ဂြိုဟ်ခဲ့ရာ ရွာလုံးကျွတ် လိုက်ပါပို့ဆောင်ခဲ့သည်။ 

ရှမ်းပြည်နယ်

• တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြသာယာ စျေးရှေ့တွင် Youth Computer Tachileik ကွန်ပျူတာသင်တန်းပိုင်ရှင် ဦးဟန်မင်းထွန်းအား စစ်အုပ်စုက ယမန်နေ့ နေ့လယ်ပိုင်းတွင် ရိုက်နှက်ဖမ်းဆီးခဲ့ကာ ညပိုင်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ထားသည်။ 

• ကျောက်မဲမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ရန်ကင်းလမ်းတွင် ယမန်နေ့ညပိုင်း ၉ နာရီခန့်က လူငယ်ငါးဦးက ဆိုင်ကယ်နှစ်စီး ဖြင့် ပြန်လာစဉ်တွင် အောင်ဆန်းလမ်းမကြီးအနီးအရောက်တွင် စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်သဖြင့် နှစ်ဦးကျည် ထိမှန်ခဲ့ကာ ပုဒ်မ ၁၄၄ ကျူးလွန်သည်ဟုဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုထားသည်။ 

• မြန်မာ-တရုတ်နယ်စပ် ရွှေလီမြစ်ဝှမ်းဒေသ ဌာနေတိုင်းရင်းသားပေါင်းစုံ ပါဝင်ကာ စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒီများအား ဘုံရန်သူအဖြစ် ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရွှေလီမြစ်ဝှမ်းဒေသကို ဖွဲ့စည်းလိုက် ပြီ ဖြစ်သည်။ 
• NLD အစိုးရလက်ထက်က ရပ်နားထားသည့် တောင်ကြီးမြို့အနီးရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကို ပြန်လည်ဖွင့်လှစ်ရန် ရုရှားသံအမတ်နှင့် စစ်အုပ်စုအကြား ဆွေးနွေးမှုများ ပြန်လုပ်နေပြီ ဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၇ ခုနှစ် အစောပိုင်းက ရပ်နားခဲ့တာဖြစ်ပြီး ယင်းမတိုင်ခင်က စစ်တပ်ပိုင် MEC နှင့် ရုရှားအစိုးရလက်အောက်ခံ VO Tyazhpromexport တို့ ဖက်စပ်လုပ်ကိုင်နေခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်

• မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ဝန်ထမ်းတစ်ဦးတွင် မည်သည့်နေရာက ကူးစက်သည်မှန်းမသိရသေးဘဲ ကိုဗစ် ကူးစက်နေသည့်အတွက် ကွာရန်တင်းစင်တာတွင် ကုသမှုပေးနေရသည်။ 

• ရခိုင်တွင် တရားမဝင်နယ်စပ်ကုန်သွယ်မှုများမှ ကိုဗစ်ကူးစက်မှု မြင့်မားလာနေကာ ကာကွယ်ဆေးထိုးပြီးသူများကိုသာ နယ်စပ်ကုန်သွယ်ခွင့်ပြုရန် စစ်အုပ်စုက ညွှန်ကြားထားသည်ဟု သိရသည်။ 

နေပြည်တော်

• စစ်အုပ်စုလက်အောက်ခံ လူ/ကယ်/ပြန်ဌာနက ဖွင့်လှစ်နေသည့် မူလတန်းကြိုနှင့် အထူးပညာရေးကျောင်းများအား ဇူလိုင်လ ၁ ရက်တွင် စတင်ဖွင့်လှစ်ရန် ပြုလုပ်ထားသော်လည်း ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ဖွင့်လှစ်ရန် ပြင်ဆင်မှုများ အား ဆိုင်းငံ့ထားရမည်ဟု ပြန်လည်ထုတ်ပြန်ထားသည်။ 

• ကုလသမဂ္ဂက စစ်အုပ်စုအား လက်နက်မရောင်းချရေး မဲခွဲဆုံးဖြတ်ပြီးနောက် စစ်အုပ်ချုပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၂၀ ရက်တွင် လက်နက်ဝယ်ယူရေးကိစ္စ ဆွေးနွေးရန်အတွက် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကာ ၎င်းနှင့်အတူ ကာချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ရဲဝင်းဦး၊ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အရပ်သားတစ်ဦးလည်း ပါဝင်သည်။ 

• စစ်အုပ်စုအနေဖြင့် ဘာသာရေးအဆောက်အအုံနှင့်နေရာများအား လေးစားရန်အတွက် ဇွန်လ ၂၀ ရက်က ဗာတီကန်ဝတ်ပြုဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ထည့်သွင်းပြောဆိုခဲ့သည်။ 

• စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်နှိမ်နင်းခြင်း၊ ဖမ်းဆီးထားသည် စစ်ကြောရေး၌ သေဆုံးခြင်းများကြောင့် သေဆုံးရသည့်ပြည်သူ ၈၇၂ ဦးအထိ ရှိလာပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားသည်။ 

ဇွန် ၂၁ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် လူထုသပိတ်နှင့် ပြောက်ကျားသပိတ်များ မရှိသော်လည်း စစ်အုပ်စုလက်နက်ကိုင်များကမူ မြို့အနှံ့ နေရာအများအပြားတွင် လှည့်ကင်းပုံစံဖြင့် လုံခြုံရေး တင်းကြပ်ထားခဲ့သည်။ ကမာရွတ်နှင့် လှိုင်မြို့နယ်တို့တွင် မည်သည့်အတွက်ကြောင့်မှန်းမသိရသော်လည်း လုံခြုံရေးအထူးတင်းကြပ်ကာ လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်ကြီးများ အားကောင်းကောင်းဖြင့် ဆက်ရှိနေဆဲ ဖြစ်သည်။ မန္တလေးတိုင်းအတွင်း ရှိ မိုးကုတ်ကဲ့သို့သော မြို့ကြီးများတွင် စစ်အုပ်စုဘက်က သတင်းပေးဒလန်များ အကူအညီများဖြင့် လိုက်လံဖမ်းဆီးမှုများ အား ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။ 

• စစ်ကိုင်း မင်းကင်းနှင့် ကနီမြို့နယ်တွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုလက်နက်ကိုင်များက နေ့စဉ်မပျက် ဝင်ရောက်စီးနင်း ခြင်းများ ပြုလုပ်နေကာ ဒေသခံများ၏ အိမ်များအား ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများ လုယက်ခြင်းများ ဆက်တိုက်ပြုလုပ် လျက်ရှိသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်ရှိ မြို့ကြီးများတွင် လူအင်အား ရာနှင့်ချီသည့် သပိတ်ကြီးများ ရှိနေဆဲဖြစ်ကာ စစ်အုပ်စုက နယ်မြို့ကြီးများပေါ်တွင် ညပိုင်းများ၌ လူသေသည်အထိ ပစ်ခတ်မှုများ ဆက်လုပ်နေဆဲ ဖြစ်သည်။

• စစ်အုပ်စုက NLD အစိုးရလက်ထက် ရပ်ဆိုင်းထားသည့် စီမံကိန်းများအား ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကာ စီး ပွားရေးအကြပ်အတည်းအား ဖြေလျှော့ရန် လုပ်ဆောင်လာနေသည်။ လူထုသပိတ်များနှင့်ပတ်သက်၍ အင်အားအလုံးအရင်း သုံးဖြိုခွင်းခြင်းများကို မလုပ်ဆောင်ဘဲ ညပိုင်းအချိန်များတွင် သတင်းပေးအကူအညီများဖြင့် လိုက်လံဖမ်းဆီးမှုများ ဆက် လုပ်နေဆဲ ဖြစ်သည်။ ကုလသမဂ္ဂက လက်နက်မရောင်းရေး ဆုံးဖြတ်ချက်မှာ စစ်အုပ်စုအပေါ် ဖိအားဖြစ်စေကာ လက်နက် ရောင်းနိုင်မည့် နိုင်ငံများသို့ စစ်အုပ်စုခေါင်းဆောင်ကိုယ်တိုင် သွားရောက်ရသည့် အခြေအနေ ဖြစ်ပေါ်နေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly