မလေးရှားမှာ ကာကွယ်ဆေးထိုးထရပ်ကားတွေ ဖြန့်ကျက်ပြီး ကိုဗစ်-၁၉ ကို အရှိန်မြှင့်တိုက်ဖျက်

မလေးရှားမှာ ကာကွယ်ဆေးထိုးထရပ်ကားတွေ ဖြန့်ကျက်ပြီး ကိုဗစ်-၁၉ ကို အရှိန်မြှင့်တိုက်ဖျက်
Photo - AFP

ဇွန် ၂၁

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တားဆီးဖို့အတွက် အာဏာပိုင်တွေဟာ ကာကွယ်ဆေးထိုးမှုတွေကို အရှိန်မြှင့်တင်လုပ်ဆောင်လျက် ရှိချိန် ယခုအခါမှာ ကာကွယ်ဆေးထိုးပေးတဲ့ ရွေ့လျား ထရပ်ကားတွေကိုပါ ဖြန့်ကျက်ပြီး ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။

ခုလိုမျိုး ထရပ်ကားတွေကို ကာကွယ်ဆေးထိုးစုရပ်နေရာတွေအဖြစ် ဖန်တီးအသုံးပြုလုပ်ဆောင်မှုကတော့ နိုင်ငံရဲ့ မြို့တော်တ၀န်းမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးဖို့အတွက် ရည်ရွယ်တဲ့ အစိုးရရဲ့ အစီအစဥ် တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံ‌ပေးတဲ့ ထရပ်ကားတွေကတော့ ကွာလာလမ်ပူမြို့က လူနေဧရိယာတွေ၊ အိမ်ယာ စီမံကိန်းတွေအနီး မြို့ပေါ်နေရာတွေမှာ ရပ်နားပြီး ထိုးနှံလုပ်ဆောင်ပေးနေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုတွေကို ဖေဖေါ်၀ါရီလက စတင်ခဲ့ပြီးနောက်ပိုင်း ယခုလက်ရှိအချိန်အထိ နိုင်ငံတ၀န်း ကာကွယ်ဆေးအလုံးရေပေါင်း ၅ ဒသမ ၈ သန်းကျော် ဖြန့်ဝေထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှ မလေးရှားနိုင်ငံကတော့ ဇွန်လအစောပိုင်းနောက်ပိုင်း တင်းကျပ်တဲ့ လော့ခ်ဒေါင်းတစ်ရပ်အောက်မှာ ရှိနေခဲ့ပြီး အစိုးရဘက်ကလည်း စီးပွားရေးလုပ်ငန်းအများအပြားကို ပိတ်သိမ်းခိုင်းထားခဲ့သလို သွားလာလှုပ်ရှားမှုတွေအပေါ်မှာလည်း ပိတ်ပင်ကန့်သတ်ချက်တွေ ချမှတ်ထားခဲ့ပါတယ်။

ယင်းနိုင်ငံမှာ လက်ရှိအချိန်မှာ နေ့အလိုက် ပျမ်းမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ်တွေ့ရှိမှုဟာ ၅,၀၀၀ ဦးကျော် ရှိနေသလို နေ့စဥ် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ဒါဇင်နှင့်ချီ ရှိနေတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာ ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းဟာ ခုနစ်သိန်းနီးပါး ရှိနေပြီး သေဆုံးသူ ၄,၄၀၀ ကျော် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly