ညီလာခံ တက်ရောက်ရန် မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် ရုရှားသို့ ထွက်ခွာ

ညီလာခံ တက်ရောက်ရန် မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် ရုရှားသို့ ထွက်ခွာ

ဇွန် ၂၁

ရုရှားနိုင်ငံတွင် ကျင်းပမည့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံတစ်ခုတွင် ပါ၀င်တက်ရောက်ရန်အတွက် မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း စစ်အုပ်စုထိန်းချုပ်သည့် မီဒီယာက ဖော်ပြသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၂၀ ရက်က နေပြည်တော်ကနေ ရုရှားသို့ ထွက်ခွာသွားကြောင်းနှင့် ရုရှားကာကွယ်ရေး၀န်ကြီးဌာနက စီစဥ်ပြီး ဇွန်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမည့် လုံခြုံရေးညီလာခံတွင် ပါ၀င်တက်ရောက်လိမ့်မည်ဖြစ်ကြောင်း စစ်အုပ်စုပိုင် မီဒီယာကို ကိုးကားပြီး NHK World ကလည်း ဖော်ပြသည်။

၎င်းသည် ရုရှားစစ်တပ်နှင့် အစိုးရဆိုင်ရာ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန် စီစဥ်ထားသလို တက္ကသိုလ်တစ်ခုနှင့် စက်ရုံတစ်ခုသို့လည်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသည် မြန်မာအာဏာသိမ်းစစ်ခေါင်း‌ဆောင်အတွက် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယမြောက် ပြည်ပခရီးစဥ်လည်း ဖြစ်သည်။ ယခုခရီးစဥ်မတိုင်မီ အာဏာသိမ်းခေါင်း‌ဆောင်သည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဧပြီလက အင်ဒိုနီးရှားသို့ သွားရောက်ထားခဲ့သည်။

မြန်မာနိုင်ငံ၏ စစ်တပ်အာဏာသိမ်းမှုအပေါ် ညင်သာပျော့ပြောင်းသည့် ရပ်တည်ချက် ထားရှိခြင်းနှင့်ပတ်သက်ပြီး တရုတ်၊ ရုရှားနှင့် အာဆီယံတို့အပေါ် ဝေဖန်ပြစ်တင်မှုများလည်း ပေါ်ထွက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများအပေါ် စစ်အုပ်စုလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့၀င်များက လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရာ လူရာပေါင်းများစွာ အသက်ဆုံးရှုံးထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required