စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအထည်ချုပ်စက်ရုံ ၁၅၀ ဝန်းကျင်ပိတ်သိမ်းသွားပြီး အလုပ်သမား ၂သိန်းခန့် အလုပ်လက်မဲ့ဖြစ်

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအထည်ချုပ်စက်ရုံ ၁၅၀ ဝန်းကျင်ပိတ်သိမ်းသွားပြီး အလုပ်သမား ၂သိန်းခန့် အလုပ်လက်မဲ့ဖြစ်
ဓာတ်ပုံ - ဇွန်လ၁၉ရက်က အပြီးပိတ်သိမ်းလိုက်သည့် ဟန်မောက်(မြန်မာ) အထည်ချုပ်

ဇွန် ၂၀

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး လက်ရှိအချိန်အထိ ပြည်တွင်းအထည်ချုပ်စက်ရုံ ၁၅၀ ဝန်းကျင်အထိ ပိတ်သိမ်းခဲ့ပြီး အလုပ်သမား နှစ်သိန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း အလုပ်သမားအဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။

"အထည်ချုပ်လုပ်ငန်းရှင်အသင်းဝင်ထားတဲ့စက်ရုံက ၁၃၁ရုံ အထည်ချုပ်လုပ်ငန်းအသင်းမဝင်ထားတဲ့ စက်ရုံတွေနဲ့ဆိုရင် ၁၅၀ဝန်းကျင်လောက်အထိရှိမယ်လို့ ခန့်မှန်း ရတယ်''ဟု အလုပ်သမားအရေးကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ထို့အပြင် မီးလောင်၍ ပျက်စီးသွားသည့် စက်ရုံ မှာ ၂၈ရုံရှိပြီး ယာယီပိတ်သိမ်းစက်ရုံမှာ ၅၃ရုံနှင့် အပြီးပိတ်သိမ်းသွားသည့် စက်ရုံမှာ  ၅၀အထိရှိပြီး အထည်ချုပ် လုပ်ငန်းအသင်းမဝင်ထားသည့် စက်ရုံများမှ ပိတ်သိမ်းမှုများလည်း ရှိသေးကြောင်းသိရသည်။

အလုပ်သမားနှစ်သိန်းခန့်တွင် အမျိုးသမီးအရေအတွက်မှာ ၉၅ရာခိုင်နှုန်းအထိရှိသည်ဟု သိရသည်။

"စက်ရုံတွေ ပိတ်သိမ်းသွားတဲ့အခါကျတော့ စက်ရုံမှာ လုပ်တဲ့ အမျိုးသမီးငယ်တွေအများကြီး အလုပ်လက်မဲ့ဖြစ်သွားတယ်။ တချို့လည်း နေရပ်ပြန်သွားတယ်ဆိုပေမယ့် နေရပ်မှာ လုပ်ကိုင်စားသောက်ဖို့ဆိုတာကလည်း မဖြစ်ပြန်ဘူး။ စက်ရုံတွေမှာ အလုပ်ပြန်ရှာဖို့ကလည်း ပိတ်သိမ်းခံထားရတဲ့သူတွေဖြစ်တဲ့အတွက် အလုပ်ပြန်ရှာဖို့ခက်တယ် ''ဟု အလုပ်သမား အရေးကျွမ်းကျင်သူတစ်ဦးကဆိုသည်။

ဆက်လက်၍ စက်ရုံပိတ်သိမ်းသည့်နောက်ဆက်တွဲအနေဖြင့် လူကုန်ကူးခံရမှုများနှင့် ပြည့်တန်ဆာလုပ်ငန်းများဆီ ရောက်ရှိသွားမည်ကို စိုးရိမ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

"စက်ရုံပိတ်သိမ်းတာရဲ့နောက်ဆက်တွဲမှာ ကျွန်တော်တို့စိုးရိမ်တာက လူကုန်ကူးခံရတာမျိုး၊ ပြည့်တန်ဆာ လုပ်ငန်းတွေဆီ ရောက်သွားနိုင်တဲ့ ကိစ္စမျိုးတွေကို စိုးရိမ်တယ်။ အရင်လဲ ဒါမျိုးတွေရှိခဲ့ဖူးတယ်လေ။ ဒါကြောင့်မို့ ဒီလိုပိတ်သိမ်းမှုတွေမှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ နစ်နာမှုတွေရရှိဖို့ လိုအပ်တယ် ။ လူကုန်ကူးမှုတွေကိုလည်း အထက်အဆင့်ဆင့်က လုပ်ဆောင် သွားဖို့ လိုအပ်တယ်။ အလုပ်လက်မဲ့အရေအတွက်ကနေ ပိုဆိုးတဲ့အခြေအနေရောက်မသွားဖို့ အာရုံစိုက်ပေးမှ ရမယ် လိုအပ်တယ်''ဟု ၎င်းကဆက်လက် ပြောသည်။

လက်ရှိတွင် အထည်ချုပ်စက်ရုံများသည် ကုန်ကြမ်းပြတ်လပ်မှုနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် ပိတ်သိမ်းမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly