နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၂၀ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်သုံးချောင်းထောင် ဆန္ဒပြလှုပ်ရှားမှု(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• မှော်ဘီမြို့၊ စိန်ရွှေကုန်းကျေးရွာ မူလတန်းကျောင်းတွင် ဇွန်လ ၁၄ ရက်က မီးလောင်မှုဖြစ်ပြီးနောက် ဒေသခံ ၄၀ ဦးကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ဖုန်းတွင် ဆန္ဒပြစဉ်က ဓာတ်ပုံများ တွေ့သည်ဟုဆိုကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ရိုက်နှက်ခဲ့သဖြင့် ကိုယ်ဝန်ပျက်ကျခဲ့သည်။ မီးလောင်မှုပြီးနောက် ရွာအတွင်း ဧည့်စာရင်းစစ်ဆေးမှုများအား ပြုလုပ်လျက် ရှိကာ ကလေးရှိပါက ကျောင်းအပ်၊ မအပ် မေးမြန်းကာ ကျောင်းမအပ်သည့် မိဘများကိုလည်း ရိုက်နှက်မှုများ ပြုလုပ်လျက် ရှိသည်။ 

• ရန်ကုန်ယူနိုက်တက် ဘောလုံးအကယ်ဒမီမှ နည်းပြဖြစ်သူ ဦးမျိုးအောင်ကို လှိုင်မြို့နယ်ရှိ ၎င်း၏ အိမ်တါင် စစ်အုပ်စုလက်နက်ကိုင်များက ည ၁၁ နာရီ ၁၀ မိနစ်ကျော်ခန့်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဖမ်းဆီးသွားကာ မည်သည့်အတွက် ကြောင့် ဖမ်းဆီးသည်ကိုမူ မသိရသေးပေ။ 
• ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက်၊ ဆာဖိုးသာခြံလမ်းတွင် ယမန်ည ၁၂ နာရီခန့်က လူငယ်နှစ်ဦးအား စစ်အုပ်စု လက်နက်ကိုင်များက ပစ်ခတ်ခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစိန်ဆိုသူ တစ်ဦး နောက်ကျောထိမှန် သေဆုံးကာ ၎င်း၏ အလောင်းအား စစ်အုပ်စုက သိမ်းယူသွားပြီး ကျန်လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်။ 

• ရန်ကုန်မြို့ရှိ One Stop Mart သုံးခုတွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။ ကျောက်တံတားမြို့နယ် ၃၉ လမ်း၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင်းရှိ ဆိုင်သုံးဆိုင်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ 

• မြောက်ဥက္ကလာပ လူငယ်များနှင့် အရှေ့ဒဂုံလူငယ်များကလည်း NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြောက်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်များတွင် လူငယ်များက "ဖက်ဒရယ်ရောင်နီ" အမည်ဖြင့် ထုတ်ဝေသည့် စစ်အာဏာရှင်စနစ်တော်လှန်ရေး လှုပ်ရှားမှုစာစာစောင်များအား လိုက်လံဝေငှခဲ့သည်။ 

• သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏလူငယ်များကလည်း "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်လွှင့်ထူကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ရွှေပြည်သာမြို့နယ်တွင် လူငယ်များက "အသံမတိတ် အလံမလိပ် ရွှေပြည်သာသပိတ်" ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဂမုန်းပွင့်စျေးဝယ်စင်တာအကျော် မြို့ထဲဘက် အသွားလမ်းပေါ်တွင် နေ့လယ် ၁ နာရီ ၅၅ မိနစ်ကျော်ခန့်က အထုတ်မဲတစ်ခု လာရောက်ချထားခဲ့သဖြင့် စစ်အုပ်စုလက်နက်ကိုင်များက ကားများအား ဖြတ်သန်းခွင့်မပေးတော့ဘဲ ရှင်းလင်းခဲ့သည်ဟု သိရသည်။ 

• ကိုဗစ်ရောဂါ ကူးစက်မှုများ ရှိနေသည့်ကာလကပင် လုပ်ငန်းလည်ပတ်ခဲ့သည့် လှိုင်သာယာမြို့နယ် ဟန်မောက် (မြန်မာ) အထည်ချုပ်စက်ရုံကို စစ်အာဏာသိမ်းပြီး ငါးလခန့်အကြာတွင် ပိတ်သိမ်းလိုက်ပြီဖြစ်ကာ အဆိုပါစက်ရုံးတွင် ဝန်ထမ်း ၈၀၀ မှ ၁၀၀၀ ကြား ရှိသည်။ 

• စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီလမ်းဆုံတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်း အမှတ်ဓာတ်ပုံဗီနိုင်းအား လမ်းဆုံမီးပွိုင့်တွင် ချိတ်ထားခဲ့ရာ စစ်အုပ်စုက လမ်းဆုံအနီးရှိ ဆိုင်ကယ်ကယ်ရီဆွဲသူနှင့် စျေးသည်ငါးဦးအား ယမန်နေ့က ဖမ်းဆီးထားရာ ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့်အတူ စစ်အာဏာရှင်စနစ်အား အမြစ်ဖျက်တိုက်ပွဲများ ပြုလုပ်ရာတွင် ကူညီထောက်ပံ့နိုင်ရန်အတွက် ပြည်သူ့ထောက်ပံ့ရေးအဖွဲ့ - People Supply Force မင်္ဂလာဒုံကို ယနေ့ နေ့စွဲဖြင့် ဖွဲ့စည်းလိုက်သည်။ 

မန္တလေးတိုင်းဒေသကြီး

• စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူများကို လက်ထောက်ချသတင်းပေး၍ ဖမ်းဆီးမှုများပြုလုပ်ရန် ကူညီပေးနေသည့် တောင်သာမြို့၊ ရုံးစည်ကြီးကျေးရွာရှိ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဋ္ဌေးအား ဇွန်လ ၁၈ ရက် ညပိုင်းက တောင်သာမြို့နယ် ပြောက်ကျားလူငယ်အဖွဲ့ -TTA က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သဖြင့်သေဆုံး သွားပြီ ဖြစ်သည်။ 

• မိုးကုတ်မြို့အနောက်ပိုင်းရှိ လောကဟိတပရဟိတအသင်းသို့ ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ မတ်လ ၂၇ ရက်က ဆန္ဒပြသူများအား ပစ်ခတ်နှိမ်နင်းမှု ဖြစ်ပွားစဉ်က ဒဏ်ရာရသူများစာရင်း သိချင်သည်ဟုဆိုကာ ဝင်ရောက်ပြီးနောက် ရုံးရှိ ပရဟိတအသင်းဝင် ကိုကျော်တူးကို ဖမ်းဆီးသွားကာ မိုးကုတ်အနောက်ပိုင်းရှိ ပါရမီလူမှုကူညီရေးအ သင်းကိုလည်း ဒဏ်ရာရသူများစာရင်း သိချင်သည်ဆိုကာ ဝင်ရောက်မေးမြန်းမှုများလည်း ပြုလုပ်သွားသည်။

• အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်းလည်း ယနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းများပေါ် တက် ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• မြတောင်သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုဘက်က အရပ်ဝတ်ဖြင့် အသွင်ယူဖမ်းဆီးမှုများ ပြုလုပ်နေသည့်ကြားကပင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မတ္တရာမြို့နယ်နေ တောင်သူများကလည်း လုပ်ငန်းခွင် ဝင်ရောက်ပြီးအပြန်လမ်းတွင် လက်သုံးချောင်းပုံပါ နွေဦးတော်လှန် ရေးအလံများ လွှင့်ထူ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် ဇွန်လ ၁၈ ရက်က သေနတ်ပစ်ခံရသဖြင့် ယာဉ်ထိန်းရဲသေဆုံးပြီးနောက် ၎င်းနှင့် ရန်ဖြစ်ဖူး သူ အမျိုးသားတစ်ဦး၊ ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အား သံသယရှိသူဟုဆိုကာ သေဆုံးသူ၏ ယာဉ်ထိန်းရဲ၏ အမျိုးသမီး ဖြစ်သူက တိုင်ကြားသဖြင့် ဖမ်းဆီးခံထားရသည်။ 

• မြင်းခြံမြို့ မြောက်ဘက်မှ မြို့သစ်ဘက်သို့ စစ်အုပ်စုလက်နက်ကိုင်များက ကားအသေး ခြောက်စီးဖြင့် နေ့လယ် ၃ နာရီ ၂၀ မိနစ်ခန့်က ဝင်ရောက်လာရာ ကားတစ်စီးပေါ်တွင် ဖမ်းဆီးလာသည်ဟု ယူဆရသော မျက်နှာအား ပုဆိုးစည်းခံထားရသူ ခြောက်ဦး ပါလာကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ 

ပဲခူးတိုင်းဒေသကြီး

• ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အထက်တန်းကျောင်းတွင် ဆရာမ လေးဦး၊ ကျောင်းသူ ၁၃ ဦးနှင့် ကျောင်းသား ကိုးဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည်။ 

ဧရာဝတီတိုင်းဒေသကြီး 

• ဧရာဝတီတိုင်းအဝင်တွင် စစ်အုပ်စုက ကိုဗစ်စစ်ဆေးရေးဂိတ်များ ပြန်ဖွင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့တွင် ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့်အချိန်က အင်းယာကုန်းရပ်ကွက်ရှိ နေအိမ်တစ်ခုအား စစ်အုပ်စုလက်နက်ကိုင်များက ကားငါးစီးဖြင့် ဝိုင်းကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး မျက်လုံးတွင် ဒဏ်ရာရရှိခဲ့ကာ အဆိုပါအိမ်မှ ကားနှင့် ပစ္စည်းများကို သိမ်းဆည်းသွားသည်ဟု သိရသည်။ သေဆုံးသူများမှာ ဦးဝင်းဇော်ဦး၊ ဒေါ်စန်းစန်းမော်၊ ကိုသီအောင် (၂၃ နှစ်) နှင့် ကိုဇော်ဇော် (၃၅) နှစ်တို့ ဖြစ်သည်။ ထို့ပြင် ယနေ့နံ နက် ၂ နာရီဝန်းကျင်ကလည်း ချမ်းမြေ့အောင်စည်ရပ်ကွက် ဧရာဝတီလက်ဖက်ရည်ဆိုင်မှ အသက် ၁၂ နှစ်အရွယ် လူငယ်တစ်ဦး၊ ဘဲအင်းရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်မောင်နှင့် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ကိုအောင်မြတ်မိုးတို့ကိုလည်း ဖမ်းဆီးသွားသည်။ သေဆုံးသွားသည့်သူများအား မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို မသိရသေးဘဲ နေ့လယ်ပိုင်းတွင်မူ ဘဲအင်းရပ်ကွက်နေ မောင်ကျော်မင်းခန့်မောင် (၁၅ နှစ်) အလောင်းအား လာရောက်ယူဆောင်ရန် မိသားစုထံ အကြောင်းကြားလာခဲ့ကာ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးခံခဲ့ရသူနှင့် ပတ်သက်၍လည်း ဖမ်းဆီးခံထားရသူ၏ အကိုဖြစ်သူ လာရောက်အဖမ်းခံပါက ပြန်လည်လွှတ်ပေးမည်ဟုလည်း မိသားစုထံ အကြောင်းကြားထားသည်ဟု သိရသည်။ ညပိုင်းနှင့် နံနက်ပိုင်းတွင် စစ်အုပ်စုက လူသေသည်အထိ ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ယနေ့ ညနေပိုင်းအထိ စစ်အုပ်စုဘက်က လုံခြုံရေးတိုးမြှင့်မှုများ မရှိဘဲ ယခင်အတိုင်းသာ ထားရှိထားသည်ဟု ကလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ 

• မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင် စံပြပရဟိတအဖွဲ့မှ လူငယ်သုံးဦး ယမန်နေ့ ညနေ ငါးနာရီခွဲခန့်က အသတ်ခံခဲ့ရကြောင်း သိရသည်။ 

• ကလေးမြို့တွင် ယမန်နေ့ညပိုင်းက လူသေသည်အထိ ပစ်ခတ်မှုများ ရှိသည့်ကြားကပင် ကလေးမြို့ခံလူငယ်များက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကနီမြို့နယ်၊ မိကျောင်းတွင်းကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ရွာတွင်းဝင်ရောက်စီးနင်း၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဦးစိန်မင်းဆိုသူ သေဆုံးကာ ၎င်းအလောင်းဘေးတွင် တူမီးသေနတ် ချထား၍ မှတ်တမ်း ဓာတ်ပုံများလည်း ရိုက်ယူသွားကြောင်း သိရသည်။အဆိုပါဖြစ်စဉ်အပြီး ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များအား လက်လုပ်မိုင်း၊ တူမီးသေနတ်များဖြင့် တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်တစ်စီး လေကာမှန်မိုင်းထိမှန်ပျက်စီးကာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်ခုနှင့် အမျိုးသားအလောင်းတစ်ခုအား တူမီးတစ်လက်နှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိသည်ဟု စစ်အုပ်စု လိမ်လည်ထုတ်ပြန်ခဲ့သည်။ 

• ကနီမြို့နယ်တွင်း ကျေးရွာများအား စီးနင်းဖျက်ဆီး၊ လုယက်မှုများ ပြုလုပ်ခဲ့သည့်စစ်အုပ်စုလက်နက်ကိုင်အဖွဲ့မှာ မင်းကင်း မြို့သို့ ပြန်အလာ လမ်းတွင် နေ့လယ် ၁ နာရီကျော်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ ပြီး တိုက်ပွဲအခြေအနေကိုမူ အသေးစိတ် မသိရသေးပေ။ 

• ခင်ဦးမြို့နယ်၊ သာဂရနှင့် မြင်းဒေါင်းကျေးရွာအကြား မူးတိမ်ချောင်းတံတားတွင် ယမန်နေ့ နေလယ်ပိုင်း ၂ နာရီခန့်က စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အကြားတိုက်ပွဲဖြစ်ကာ PDF ဘက်က နှစ်ဦးကျဆုံးကာ ငါးဦးဖမ်းဆီးရမိထားသည်ဟု စစ်အုပ်စု ကြေညာထားသည်။ 

• ယင်းမာပင်ခရိုင် ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာများစုပေါင်းသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မုံရွာပင်မသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်နက်ကိုင်များ အတားအဆီးများ ချထားလေ့ရှိသည့် အာဇာနည်လမ်းမ ကြီးပေါ်ထိတက်ကာ ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဘုတလင်မြို့နယ်၊ စီပါရွာတွင် သံဃာတော်များ ဦးဆောင်သည့် လူအင်အား ရာနှင့်ချီပါဝင်သည့် ကျေးရွာပေါင်းစုံသပိတ်စစ် ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နေ တောင်သူများကလည်း ယာခင်းများအတွင်း အလုပ်လုပ်ရင်းကပင် စုဝေး၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ဂန့်ဂေါခရိုင်၊ ဘော်ပြင်းကျေးရွာနေ ပြည်သူနှစ်ဦး သေဆုံးမှုမှာ မိမိတို့လက်ချက်မဟုတ်ကြောင်းနှင့် စစ်အုပ်စုဘက်က ပျူစောထီးအဖွဲ့များ ရှိနေသည်ကိုလည်း သတိပြုကြရန် လိုအပ်ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ - YDF က ထုတ်ပြန် ထားသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာတွင် မိုးသည်းထွန်စွာ ရွာသွန်းနေသည့်ကြားကပင် ဒေသခံများက သပိတ်စစ်ကြောင်း ထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ အောက်ရေဖြူကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ်၊ ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နေ့လယ်ပိုင်းက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်ပင်မသပိတ်စစ်ကြောင်းနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

ကချင်ပြည်နယ်

• ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နမ့်ယားကျေးရွာနေ ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင် စိုင်းမျိုးမင်းထွန်းမှာ ဇွန်လ ၁၁ ရက် အမည်မသိအဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၁၇ ရက်တွင် အသတ်ခံလိုက်ရရပြီး ၎င်းအား KIA တပ်မဟာ ၉ လက် အောက်ခံ တပ်ရင်း ၄၄ က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ထုတ်ပြန်ထားသော်လည်း KIA ဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

• ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ်၊ ဘတ်တလင်ကျေးရွာအနီးတွင် ဆွေးမြေ့ကာ မည်သူမှန်းခွဲခြားရန်ခက်ခဲသည့် အလောင်းတစ်ခုအား ထပ်မံတွေ့ရှိခဲ့ကာ ဒေသခံများက မီးသင်္ဂြိုဟ်ပေးခဲ့သည်။ ကယားပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံ ရသည့် ဒေသခံပြည်သူ ၆၄ ဦးအထိ ရှိနေကြောင်း ကရင်နီပြည်သူ့အင်အားစုအဖွဲ့ - PKPF က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်

• ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်မဟာ (၇) တပ်မဟာမှူး အသက် ၇၀ နှစ်ရှိ ဗိုလ်မှူးချုပ်စောဂျော်ဖြူမှာ ယမန်နေ့ည ၁၁ နာရီခန့်က ကွယ်လွန်သွားပြီဖြစ်ကာ ၎င်းမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ညီလည်း ဖြစ်သည်။

ချင်းပြည်နယ်

• ပလက်ဝဗုံးကွဲမှုအပြီး ဖမ်းဆီးခံထားရသူ ချင်းတိုင်းရင်းသားငါးဦးအား စစ်တွေမြို့သို့ ပို့ဆောင်ထားကာ ပုဒ်မ ၅၀၅ (က) ဖြင့် လည်း အမှုဖွင့်ထားသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ ကိုအိုက်မင်း၊ အိုက်ထွန်းမင်၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အားလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော်တို့ ဖြစ်သည်။ 

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် နေအိမ်စွန့်ခွာ စစ်ရှောင်သူများ ကိုယ့်အိမ်ကိုယ် ပြန်လာနိုင်ရေးအတွက် မြို့မိမြို့ဖများ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ၁၄ ရက်ကြာ အပစ်အခတ်ရပ်ဆိုင်းထားရန် စစ်အုပ်ချုပ်ရေးအဖွဲ့က သဘောတူထားသည်။ 

• မင်းတပ်တွင် CDM ဝန်ထမ်း ၉၀ ရာခိုင်နှုန်းခန့်ရှိသည့် မင်းတပ်ပြည်သူ့ဆေးရုံကြီးအား ပြန်လည်ဖွင့်လှစ်ရန်အတွက် သန့်ရှင်းရေးလုပ်ငန်းများကို ဒေသန္တရစစ်အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်လျက်ရှိသည်။ 

မွန်ပြည်နယ်

• ရေးမြို့နယ် ကနင်ကမော့ကျေးရွာ အ.လ.ကကျောင်းတွင် ယမန်နေ့ည ၈ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုတစုံတရာ မရှိခဲ့ပေ။ အဆိုပါကျောင်းကို ဇွန်လ ပထမပတ်အတွင်းက ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ 

• မော်လမြိုင်တက္ကသိုလ်တွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနနာ ၂၁ ဦးအထိ တွေ့ရှိထားပြီး ကူးစက်မှုအား မထုတ်ပြန်ဘဲ သတင်းအမှောင်ချထားသည့်အပေါ် မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကလည်း ဝေဖန်ပြစ်တင်ထားသည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်ပင်စင် သဇင် (၃) လမ်းနေ ကိုသန့်ဇင်ထွန်းဆိုသူအား စစ်အုပ်စုလက်နက် ကိုင်များက ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်က အိမ်စီးကားနှစ်စီးဖြင့် လာရောက်ကာ နေအိမ်အုတ်တံတိုင်းအား ကျော်ဝင်၍ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

• တောင်ကြီးမြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက အရပ်ဝတ်များဖြင့် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကာ ယနေ့နံနက်ပိုင်းက တောင်ကြီးတက္ကသိုလ်အနီးရှိ အမျိုးသားတစ်ဦးနှင့် ဝါးပြားမြောက် နတ်စင်ကုန်းအနီး နေထိုင်သူ အသက် ၁၆ နှစ်အ ရွယ် လူငယ်တစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားသည်။ 

• ညောင်ရွှေမြို့ အ.ထ.က (၁) ကျောင်းအနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ လူထိခိုက်မှု မရှိဟု သိရသည်။ 

• နမ့်ခမ်းမြို့၊ နေဝင်းနီစစ်ရှောင်စခန်းအနီး ရေကာတာနားတွင် အခိုင်အမာပြုလုပ်ထားသည့် ဘိန်းစားစခန်းကို သျှမ်းပြည်တိုး တက်ရေးပါတီ - SSPP/SSA အဖွဲ့များက ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်က ဝင်ရောက်ပစ်ခတ် ရှင်းလင်းကာ စခန်းအား မီးရှို့ပြီးနောက် ဘိန်းရောင်းသူ ၁၉ ဦးခန့်ကို ဖမ်းဆီးသွားသည်။ 

ရခိုင်ပြည်နယ်

• မောတောင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးရှိ ဝန်ထမ်းများအာ ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာ ဝန်ထမ်းနှစ်ဦး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။ 

• ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကူးသန်းရောင်းဝယ်ရေးလုပ်သူများအား ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးပေးနေကာ ၎င်းတို့ပြီးပါက ပညာရေးဝန်ထမ်းများအား ဒုတိယဦးစားပေး ထိုးနှံပေးမည်ဖြစ်သည်။ 

နေပြည်တော်

• လက်နက်ရောင်းချမှု မပြုလုပ်ရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်မှာ နိုင်ငံအချုပ်အခြာအာဏာထိပါးကာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း စစ်အုပ်စုက တုံ့ပြန်ထားသည်။ 

• ယနေ့ ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် စစ်အုပ်စုအား နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပေးရန်အတွက် NUG အစိုးရ လူံအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုလိုက်သည်။ ထို့ပြင် စစ်အုပ်စုအကြမ်းဖက်မှုကြောင့် စစ်ဘေး ရှောင်နေရသည့် မြန်မာဒုက္ခသည်များကို ယာယီလက်ခံထားပေးရန်လည်း အိမ်နီးချင်းနိုင်ငံများအား တောင်းဆိုထားသည်။ 

ဇွန် ၂၀ သုံးသပ်ချက်

• ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်များ ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက် မြို့အနှံ့ လှည့်ကင်းပုံစံဖြင့် လုံခြုံရေးယူထားကာ အထူးသဖြင့် လှိုင်သာယာ၊ အင်းစိန်၊ တာမွေ၊ လှိုင်၊ ကမာရွက်၊ ကြည့်မြင်တိုင်တို့တွင် ဖြစ်သည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်များ ဆက်ရှိနေဆဲ ဖြစ်သည်။ မန္တလေးတိုင်းအတွင်း ဖိနှိပ်မှုကြောင့် ဆန္ဒပြမှုများ ငြိမ်သက်နေသည့် မိုးကုတ်နှင့် မြင်းခြံတို့တွင် စစ်အုပ်စုဘက်က သတင်းပေးဒလန်များအကူအညီဖြင့် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ 

• လက်နက်ကိုင်ခုခံမှု မရှိသလောက် ဖြစ်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုဘက်က နေအိမ်အထဲအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံလေးဦး သေဆုံးသည့်အပြင် နံနက် ၂ နာရီက ဖမ်းသွားသည့် အသက်မပြည့်မပြည့်သေးသည့် လူငယ်တစ်ဦးမှာလည်း နေ့တစ်ဝက်မရောက်ခင်မှာပင် စစ်ကြောရေး၌ နှိပ်စက်ခံရမှုများကြောင့် သေဆုံးခဲ့သည်။ စစ်ကိုင်း၊ မင်းကင်းနှင့် ကနီမြို့နယ်ဘက်တွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီး၊ လုယက်ခြင်းအပြင် လူသေသည်အထိ ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ သည်။

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူဦးရေ ထောင်နှင့်ချီ ပါဝင်သည့် လူထုသပိတ်ကြီးများ ဆက်ရှိနေဆဲ ဖြစ်သည်။ 

• နိုင်ငံတကာ ဖိအားမရှိသလောက် ဖြစ်နေသည့် စစ်အုပ်စုတွင် ပြည်တွင်းအုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရေးအတွက် ဆက်တိုက်လုပ်ဆောင်နေကာ မြို့ကြီးများတွင်လည်း စစ်အုပ်စုဒေါက်တိုင်ရုံးများ၌ လုံခြုံရေးအစီအမံများ တိုးမြှင့်ထားဆဲ ဖြစ်သည်။ စစ်အုပ်စုက အာဏာသိမ်းပြီး နောက်ပိုင်း ကျဆင်းသွားသည့် နိုင်ငံ့စီးပွားရေးထက် ၎င်းတို့စစ်အုပ်စုသက်ဆိုးရှည်ရေးအတွက် အထောက်အပံ့ဖြစ်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား တိုင်းရင်းသားဒေသများတွင် ခွင့်ပြုပေးလျက်ရှိသည်။ စစ်အုပ်စုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများနှင့် ပတ်သက်၍ သတင်းပေးဒလန်များ အသုံးပြုကာ လိုက်လံဖမ်းဆီးမှုများအား ဆက်တိုက်လုပ်ဆောင်နေဆဲလည်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly