ရှောင်တာနဲလ်၏ အမှု စစ်ဆေးကြားနာခြင်းကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရေး သြစတြေးလျ တိုက်တွန်း

ရှောင်တာနဲလ်၏ အမှု စစ်ဆေးကြားနာခြင်းကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရေး သြစတြေးလျ တိုက်တွန်း

ဇွန် ၂၀

မြန်မာနိုင်ငံတွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည့် သြစတြေးလျစီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ်၏ အမှု စစ်ဆေးကြားနာခြင်းကို ယခုအပတ်ထဲ နေပြည်တော်တွင် လုပ်ဆောင်ဖွယ် ရှိနေပြီး ယင်းမတိုင်မီ သြစတြေးလျအစိုးရက ၎င်းတို့အနေဖြင့် ရှောင်တာနဲလ် ပြန်လည်လွတ်မြောက်ရေးကိစ္စကို ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရှောင်တာနဲလ်၏ အမှု ရုံးတင်ကြားနာစစ်ဆေးခြင်းကို ပွင့်လင်းမြင်သာမှု ရှိပြီး တရားမျှတသော နည်းလမ်းတစ်ရပ်ဖြင့် လုပ်ဆောင်ရန် မြန်မာအာဏာသိမ်းစစ်အုပ်စုကို သြစတြေးလျအစိုးရဘက်က တိုက်တွန်းကြောင်း နိုင်ငံခြားရေး၀န်ကြီး မာရိုက်စ် ပေး က ပြောသည်။

“ဒီ စစ်ဆေးကြားနာမှု လုပ်ငန်းစဥ်ဟာ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စစ်ဆေးမှုတစ်ခု ဖြစ်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်” ဟု ဆိနိတ်တာ ပေးက ဇွန်လ ၂၀ ရက်တွင် ပြောသွားခဲ့သည်။

“ဘာပဲဖြစ်ဖြစ် ပါမောက္ခ ရှောင်တာနဲလ်ဟာ တစ်ဖက်သတ် ထိန်းသိမ်းခံထားရတယ်လို့ ကျွန်မတို့ ယုံကြည်ထားဆဲဖြစ်ပါတယ်၊ ဒါကြောင့် သူ ထိန်းသိမ်းခံထားရတာ လတွေနဲ့ချီ ကြာလာနေတာနဲ့အတူ သူ ပြန်လွတ်ဖို့ ကျွန်မတို့ အဆက်မပြတ် ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ပြောသည်။

ထိန်းသိမ်းခံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနဲလ်သည် ပြီးခဲ့သည့် လေးလအကြာခန့်က စစ်အုပ်စု၏ ထိန်းသိမ်းခြင်းကို ခံထားခဲ့ရသည်။

ပါမောက္ခ ရှောင်တာနဲလ်သည် နိုင်ငံကနေ ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီး ၎င်းထံကနေ နိုင်ငံတော်လျှို့၀ှက်ဘဏ္ဍာရေးအချက်အလက်များ တွေ့ခဲ့ကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောခဲ့သည်ဟုဆိုပြီး MRTV က ဖော်ပြထားခဲ့သည်။

ယခုအပတ်ထဲ ဖြစ်ပေါ်ဖွယ် ရှိသည့် ၎င်း၏ စစ်ဆေးကြားနာမှု မတိုင်မီ ကောင်စစ်၀န်ရုံးအရာရှိများသည် ရှောင်တာနဲလ်နှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့ကြောင်း မာရိုက်စ် ပေးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required