ကပ်ရောဂါ တတိယလှိုင်းနဲ့ ကြုံနေရတဲ့ ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သိန်းကျော်အထိ ရှိလာ

ကပ်ရောဂါ တတိယလှိုင်းနဲ့ ကြုံနေရတဲ့ ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သိန်းကျော်အထိ ရှိလာ
Photo - AFP

ဇွန် ၂၀

ဘရာဇီးနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပြီး  ယခုအခါမှာ ယင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ဒုတိယမြောက် အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံဟာ လက်ရှိအချိန်မှာ ကပ်ရောဂါ တတိယလှိုင်းတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

“ကျွန်တော်တို့ ဘရာဇီးနိုင်ငံနဲ့ တကမ္ဘာလုံးကို ထိခိုက်ထားစေခဲ့တဲ့ ဒီကပ်ရောဂါကြောင့် ကျွန်တော်တို့နိုင်ငံမှာ လူ့အသက်ပေါင်း ငါးသိန်း ဆုံးရှုံးခဲ့ရပါပြီ” လို့ ကျန်းမာရေး၀န်ကြီး မာဆယ်လို ကွီရိုဂါက တွစ်တာမှာ ရေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၂,၃၀၁ ဦးအပါအ၀င် ယခုအခါမှာ နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၅၀၀,၈၀၀ ဦး ရှိနေခဲ့ပြီလို့ ဘရာဇီးကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် လက်ရှိ ကျန်းမာရေး အကျပ်အတည်းအတွင်း အမှန်တကယ် သေဆုံးသူဦးရေဟာ အဆိုပါပမာဏထက် များပြားနိုင်ပြီး လက်ရှိကိန်းဂဏန်းတွေဟာ လျှော့တွက်ထားတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ယင်းနိုင်ငံမှာ ယခုအပတ်ထဲ ကိုဗစ်ကြောင့် နေ့အလိုက် သေဆုံးသူ ပျမ်းမျှအရေအတွက်ဟာ မေလ ၁၀ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂,၀၀၀ ကျော်ကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။

“တတိယလှိုင်းက ရောက်နေပါပြီ၊ ပြီးတော့ ကူးစက်မှုနဲ့ သေဆုံးမှု ပိုင်းမှာ အပြောင်းအလဲတစ်ခု ရှိထားခဲ့ပါပြီ” လို့ အက်စ်ပီရီတို ဆန်တို တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ အီသယ်လ် မာစီယယ်လ်က အေအက်ဖ်ပီကို ပြောပါတယ်။

“မတူကွဲပြားမှုတစ်ခုကို ဖြစ်စေနိုင်တဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးထိုးနှံမှု ပရိုဂရမ်က နှေးကွေးနေပါတယ်၊ ကန့်သတ်ပိတ်ပင်မှု အစီအမံတွေနဲ့ပတ်သက်တဲ့ လက္ခဏာရပ်တွေတော့ မရှိပါဘူး၊ အတော်လေး ကွဲလွဲခြားနားနေပါတယ်” လို့ ၎င်းက ပြောပါတယ်။

ယင်းနိုင်ငံရဲ့ မြို့ကြီးတွေမှာတော့ သွားလာလှုပ်ရှားမှုတွေဟာ ပုံမှန်အခြေအနေကို ပြန်ရောက်လုနီး ဖြစ်နေပြီး စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ စျေးဆိုင်တွေ ဖွင့်လှစ်ထားသလို လမ်းတွေပေါ်မှာလည်း လူအများအပြားဟာ နှာခေါင်းစည်း မတပ်ဘဲ သွားလာနေကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးရဲ့ ပြည်နယ် ၂၇ ခုအနက် ၁၉ ခုမှာ အခြေအနေဟာ အတိမ်းအစောင်းမခံဘဲ အရေးကြီးနေပြီး ယင်းပြည်နယ်တွေရဲ့ ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသဆောင် (ICU) ခုတင်တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ လူနာတွေနဲ့ ပြည့်နေပြီး အဆိုပါ ပြည်နယ်တွေအနက် ကိုးခုမှာ ICU ဆေးရုံခုတင် ၉၀ ရာခိုင်နှုန်းကျော်မှာ လူနာတွေနဲ့ ပြည့်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၉ ရက်မှာတော့ ရီယို ဒီဂျနေးရိုး အပါအ၀င် နိုင်ငံတ၀န်း မြို့ကြီးတစ်ချို့မှာတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်လို့ သမ္မတ ဂျဲရ် ဘော်ဆွန်နာရိုရဲ့ ကိုင်တွယ်စီမံမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly