ဗဟန်းမှာ စစ်ကောင်စီတပ်တွေပစ်ခတ်လို့ ၁၃ နှစ်အရွယ်ကလေး သေဆုံး

ဗဟန်းမှာ စစ်ကောင်စီတပ်တွေပစ်ခတ်လို့ ၁၃ နှစ်အရွယ်ကလေး သေဆုံး

ဇွန် ၂၀

ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေပစ်ခတ်လို့ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစိန်ဆိုတဲ့ကလေး တစ်ဦးသေဆုံးခဲ့ပါတယ်။

မနေ့က ဇွန်လ ၁၉ ရက် ည၁၂ နာရီအချိန်က ဗဟန်းမြို့နယ် ငါးထပ်ကြီး တောင်ရပ်ကွက်က ဆာဖိုးသာခြံလမ်းထဲ မှာ သူငယ်ချင်းနှစ်‌ယောက်ထိုင်နေတဲ့အချိန် စစ်ကောင်စီတပ်တွေ ရောက်လာလို့ ထွက်ပြေးကြရင်း သေနတ်နဲ့ နောက်ကျောကို ပစ်ခံလိုက်ရတာလို့ သိရပါတယ်။

“ကင်းဘဲလမ်းဘက်ခြမ်းကနေ စစ်သားတွေဆင်းလာတာမြင်တော့ ပြေးကြတယ်။ ပြေးတာကို လှမ်းပစ်တာ။ သေနတ်သံ သုံးချက်ဆက်တိုက်ပစ်တာ ကြားလိုက်တယ်၊ ကောင်လေးနောက်ကျောကို ထုတ်ချင်းဖောက်ထိတာ ”လို့ ဗဟန်းနေ ပြည်သူတစ်ဦးက ပြောပါတယ်။ 

သေဆုံးသွားတဲ့ မောင်ဖိုးစိန်ရဲ့ အလောင်းကို စစ်ကောင်စီတပ်တွေက ယူဆောင်သွားပြီး ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်မှုတွေ မဖြစ်ခင် ညဦးပိုင်းကလည်း စစ်ကောင်စီတပ်က သူတို့ဖမ်းခြင်တဲ့သူကို ဓားစာခံနဲ့အတူ လာရှာတာတွေ လုပ်ခဲ့ပြီး မတွေ့တဲ့အတွက် ညနက်ပိုင်းမှာ ဒုတိယအကြိမ် အင်အား ၇၀ လောက်နဲ့ ထပ်လာရှာတာလို့ သိရပါတယ်။ သူတို့လိုချင်တဲ့ သူကိုတော့ ဖမ်းမမိခဲ့ပါဘူး။

အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး မနေ့က ဇွန်လ ၁၉ ရက်အထိ သေဆုံးသူ ၈၇၀ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၄၉၉၉ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly