ရှေးရိုးစွဲ ဘာသာရေးခေါင်းဆောင် အီရန်သမ္မတအဖြစ် ရွေးကောက်ခံရ 

ရှေးရိုးစွဲ ဘာသာရေးခေါင်းဆောင် အီရန်သမ္မတအဖြစ် ရွေးကောက်ခံရ 
Photo - AFP

ဇွန် ၁၉

အီရန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ တရားဝင်ရလဒ် မကြေညာရသေးပေမယ့် အနိုင်ရဖို့ ကျိန်းသေနေပြီဖြစ်တဲ့ ရှေးရိုစွဲ ဘာသာရေးခေါင်းဆောင် အီဘရာဟမ်ရိုင်စီကို စနေနေ့မှာ ချီးကျူးဂုဏ်ပြုကြပါတယ်။ 

ရာထူးက ထွက်ခွာဖို့ ရှိနေတဲ့ အလယ်အလတ်ဝါဒီ သမ္မတ ဟတ်ဆန်ရိုဟာနီက ပြီးခဲ့တဲ့ရက်က ကျင်းပတဲ့ မဲပေးပွဲမှာ သူ့နေရာ ဆက်ခံမယ့်သူကို ရွေးကောက်နိုင်ခဲ့ပြီလို့ ကျယ်ကျယ်ပြန့်ပြန် အနိုင်ပြီ မျှော်လင့်ထားတဲ့ ရိုင်စီရဲ့ နာမည်ကို မဖော်ပြဘဲ ပြောဆိုပါတယ်။ 

“သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ကြတဲ့ ပြည်သူတွေကို ကျွန်တော် ဂုဏ်ယူပါတယ်”လို့ ရိုဟာနီက ပြောပါတယ်။ 

“ကျွန်တော်အနေနဲ့ တရားဝင်ဂုဏ်ပြုမှုကို မကြာခင်မှာ လုပ်ဆောင်မှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့လည်း အသိပါပဲ၊ ရွေးကောက်ပွဲမှာ လုံလောက်တဲ့ မဲအရေအတွက် ဘယ်သူရသလဲနဲ့ ပြည်သူတွေက ဘယ်သူ့ကို ရွေးကောက်ကြသလဲဆိုတာ ကျွန်တော်တို့ သိထားပြီးဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။ 

အခြား ရှေးရိုးစွဲ ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်တဲ့ မိုဆန်ရီဇိုင်းနဲ့ အမ်မီယာဟူစိန်တို့ကလည်း ရိုင်စီကို အတိအလင်း ဂုဏ်ပြုစကား ဆိုကြပါတယ်။ 

“နိုင်ငံက ရွေးကောက်တဲ့ ရိုင်စီကို ကျွန်တော် ဂုဏ်ပြုပါတယ်”လို့ အမ်မီယာဟူစိန်က ပြောခဲ့ကြောင်း အီရန်မီဒီယာက ဖော်ပြပါတယ်။ 

ရိုင်စီဟာ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းမယ့် အင်အားကောင်းပြီး လူကြိုက်များတဲ့ အစိုးရကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်ဆိုပြီး ရီဇိုင်းကလည်း တွစ်တာကနေ ရေးသားပါတယ်။ 

ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာ တစ်ယောက်တည်းသော ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်တဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း ဟမ်မာတီကပါ ရိုင်စီကို တွစ်တာကနေ ဂုဏ်ပြုရေးသားခဲ့ပါတယ်။ 

ခုလို ပြိုင်ဖက်တွေက ရိုင်စီကို ရှုံးနိမ့်ကြောင်း ဝန်ခံလာကြပြီးနောက် လက်ရှိအထိ သမ္မတ ရွေးကောက်ပွဲ မဲရေတွက်ထားသမျှမှာ ရိုင်စီက ၆၂ ရာခိုင်နှုန်း အနိုင်ရထားပြီလို့ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။ 

မဲပေါင်း ၂၈ ဒသမ ၆ သန်းမှာ ရိုင်စီဟာ ၁၇ ဒသမ ၈ သန်း ရရှိထားပြီး ဒုတိယနေရာကနေ မဲပေါင်း ၃ ဒသမ ၃ သန်း ရရှိထားတဲ့ မိုဆန်ရီဇိုင်းထက် အပြတ်အသတ်သာနေကြောင်း ရွေးကောက်ပွဲရုံး ဥက္ကဋ္ဌဖြစ်သူ ဂျာမဲလ်အော့ဖ်က နိုင်ငံပိုင်ရုပ်သံကနေ ကြေညာပါတယ်။ 

အီရန်မှာ ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူ ၅၉ သန်းကျော် ရှိပေမယ့် မဲပေးဦးရေစာရင်းကို ထုတ်ပြန်သေးခြင်း မရှိပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required