ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် “ ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ဘဲ” အမည်ရှိ အသံတိတ် ပန်းသပိတ်လှုပ်ရှားမှု နိုင်ငံအဝှမ်းလုပ်ဆောင်ရန် တကသ ခေါင်းဆောင် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် “ ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ဘဲ” အမည်ရှိ အသံတိတ် ပန်းသပိတ်လှုပ်ရှားမှု နိုင်ငံအဝှမ်းလုပ်ဆောင်ရန် တကသ ခေါင်းဆောင် တိုက်တွန်း

ဇွန် ၁၈

ဇွန် ၁၉ ရက်တွင် အသက် ၇၆ နှစ် တင်းတင်းပြည့်ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် “ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ဘဲ” အမည်ရှိ အသံတိတ်လှုပ်ရှားမှုတစ်ခုကို နိုင်ငံအဝှမ်းရှိ ပြည်သူများပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂခေါင်းဆောင်ဖြစ်သူ ကိုမင်းဟန်ထက် က ၎င်း၏ဖေ့ဘွတ်စ်လူမှုကွန်ယက်စာမျက်မှတဆင့် တိုက်တွန်းနှိုးဆော်ထားသည်။

၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ ဇွန်၁၉ မှာ မွေးနေ့ရှင်  ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံခေါင်းဆောင်များနှင့် တော်လှန်ရေးသူရဲကောင်းတွေဖြစ်တဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့အိမ်ရှေ့တိုင်းမှာ  ပန်းတွေထိုးကြပါ”  ဟု ရေးသားဖော်ပြထားသည်။

ယင်းသို့ လုပ်ဆောင်ရာတွင် အမျိုးသမီးတိုင်း၏ ကေသာထက်တွင် ပန်းများ ပန်ဆင်ကြရန်၊ အမျိုးသားတိုင်း၏ရင်ဘတ်တွင် ပန်းများထိုးကြရန်နှင့် မိမိတို့အိမ်ရှေ့တွင် ပန်းအိုးများ ချထားခြင်းနှင့် ပန်းများချိတ်ဆွဲထားခြင်းတို့ကို ပြုလုပ်ပေးကြရန် တိုက်တွန်းထားသည်။

ထို့အပြင်  ဓားရေးဘယ်လောက် ပြပြ တော်လှန်ခြင်းရဲ့ ပန်းတွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေမှာဖြစ်ကြောင်း ပြသပေးကြရန် ထပ်မံတိုက်တွန်းနှိုးဆော်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အထူးလျို့ဝှက်ထားသော နေရာတွင် ထားရှိပြီး အဆိုပါ နေအိမ်တွင် သူမနှင့်အတူ လူကိုးဦးနှင့် သူမ၏ အချစ်တော် ခွေးကလေး တိုက်ချီဒို တို့ဖြင့် နေထိုင်လျှက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required