အိုလံပစ်မတိုင်ခင် ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာလကို ရုပ်သိမ်း 

အိုလံပစ်မတိုင်ခင် ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာလကို ရုပ်သိမ်း 
Photo - AFP

ဇွန် ၁၈

ဂျပန်အစိုးရက အိုလံပစ်အားကစားပွဲတော်မတိုင်ခင် တစ်လကျော်အလိုမှာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာလကို ရုပ်သိမ်းဖို့ ကြာသပတေးနေ့က အတည်ပြုလိုက်ပေမယ့် ပြဋ္ဌာန်းချမှတ်လာတဲ့ ကန့်သတ်စည်းမျဉ်းသစ်တွေက အိုလံပစ် ပွဲလာပရိသတ်တွေအတွက် သိသိသာသာ အကန့်အသတ်တွေ ဖြစ်စေမှာပါ။ 

တိုကျိုမှာ အရေးပေါ်အခြေအနေကို ဧပြီလနှောင်းပိုင်းမှာ စတင်ပြဋ္ဌာန်းထားတာဖြစ်ပြီး ဘးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ဖွင့်လှစ်ရတဲ့ အချိန်ကို ကန့်သတ်ထားခဲ့ပြီး အရက်ရောင်းချတာကိုလည်း ပိတ်ပင်ထားခဲ့တာပါ။ 

အဲဒီ လုပ်ငန်းစဉ်တွေဟာ မြို့တော်နဲ့ အခြားဒေသ ရှစ်ခုမှာ ဇွန် ၂၀ ဆို အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါက ပြောပါတယ်။ ဒါပေမဲ့ အိုကီနာဝါမှာတော့ ဆက်လက်ကျင့်သုံးချမှတ်ထားမှာ ဖြစ်ပါတယ်။ 

“မေလလယ်ကစပြီး နိုင်ငံတစ်ဝန်း ကူးစက်နှုန်းဟာ ကျဆင်းလာခဲ့တယ်၊ ဆေးရုံတွေရဲ့ ဝန်ဆောင်နိုင်မှုလည်း တည်ငြိမ်စွာ တိုးတက်ကောင်းမွန်လာခဲ့တယ်”လို့ ဝန်ကြီးချုပ် ဆူဂါက ပြောပါတယ်။ 

“အခြားတစ်ဖက်မှာ အချို့ဒေသတွေမှာတော့ ကူးစက်နှုန်း ကျဆင်းမှုဟာ နှေးကွေးတဲ့ လက္ခဏာတွေ တွေ့ရတယ်”လို့ ဆူဂါက ဖြည့်စွက်ဆိုပါတယ်။ 

ဒီအခြေအနေကြောင့် တိုကျိုနဲ့ အခြား ဧရိယာ ခြောက်ခုမှာ တစ်စိတ်တစ်ပိုင်းအရေးပေါ် အခြေအနေကို ဇူလိုင် ၁၁ ရက်အထိ အစိုးရက ထားရှိသွားမှာ ဖြစ်ပါတယ်။ 

အရေးပေါ် အခြေအနေသစ်အရ အရက် ရောင်းချမှု စည်းမျဉ်းတွေကို အနည်းငယ် ဖြေလျှော့ပြီး ည ၇ နာရီအထိ ရောင်းချခွင့်ပြုမှာ ဖြစ်ပေမယ့် စားသောက်ဆိုင်တွေနဲ့ ဘားတွေကိုတော့ ည ၈ နာရီမှာ ပိတ်ခိုင်းမှာ ဖြစ်ပါတယ်။ 

ကပ်ဘေးကြောင့် နှောင့်နှေးနေတဲ့ အိုလံပစ်ပွဲတော် ဖွင့်လှစ်ဖို့ ငါးပတ်တာ လိုတော့တာနဲ့အတူ အလွန်အရေးကြီးတာကတော့ အကြီးစား အိုလံပစ်ပွဲတော်တွေမှာ ပွဲကြည့်သူ အရေအတွက်ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ခွင့်ပြုသွားဖို့ ရှိနေပါတယ်။ 

လက်ရှိ အရေးပေါ်အခြေအနေအရ အားကစားကွင်းတွေရဲ့ ဝင်ဆံ့နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် လူ ၅၀၀၀ ကိုပဲ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ အစိုးရဟာ အဲဒီ ခွင့်ပြုဦးရေကို ၁၀၀၀၀ အထိ တိုးမြှင့်ပေးခဲ့ပေမယ့် ကန့်သတ်ချက်တွေအောက်မှာ မရှိတဲ့ ဧရိယာနေရာတွေမှာပဲ ခွင့်ပြုမှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly