အလုပ်သမားခေါင်းဆောင်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

အလုပ်သမားခေါင်းဆောင်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

ဇွန် ၁၈

စစ်အာဏာသိမ်းပြီးနောက် လူထု လှုပ်ရှားမှုတွေနဲ့ အလုပ်သမားသပိတ်တွေမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသည့်အတွက် အလုပ်သမားအဖွဲ့ခေါင်းဆောင်တွေက အလုပ်သမားရုံးတွေကိုတောင် မသွားနိုင်တော့ပဲ ရှောင်တိမ်းနေကြရပါတယ်။  

"အခုနောက်ပိုင်း ကတော့ အလုပ်သမား ရုံးနားကိုတောင်ကပ်လို့မရတော့ဘူး။ တို့နောက်ကိုလိုက်နေတယ်လေ။ အလုပ်သမား တွေ အခြေအနေတော်တော်ဆိုးနေတယ်''ဟုအလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ တာဝန်ခံအမျိုးသမီးကိုလည်း ဖေဖော်ဝါရီ ၅ရက်နေ့ကတည်းက လိုက်ခံဖမ်းဆီးနေခြင်းဖြစ်ပြီး  ဧပြီလကလည်း အဆိုပါ အမျိုးသမီးနေထိုင်သည့် နယ်သို့ စစ်ကောင်စိလက်အောက်ခံများ ရောက်ရှိလာကာ မိဘများကို ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

"FGWM လှိုင်သာယာbocရုံးကို ဖေဖော်ဝါရီလ ၅ ရက်နေ့ညမှာ လာရှာတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ညမှာ အိမ်ကိုလာရှာတယ်။ အဓိက တာဝန်ခံကိုလာဖမ်းတာပေါ့၊ အဲကာလက ဧရာဝတီ သတင်းမှာတက်တယ်။ အဲဒီကတည်းက ရှောင်နေရတာလေ အခုထိပဲ။သင်္ကြန် အကြတ်နေ့မှာ အဲ့အစ်မရဲ့ မိဘတွေနေတဲ့ တွံတေးက အိမ်ကိုစစ်ကားလေးစီးနဲ့လာရှာတယ်။  မိဘတွေကို ဖမ်းမယ်လုပ်လို့သူ့တို့ခန့်ထားတဲ့ ရွာလူကြီးကမလာပါဘူး။ လာရင်ချက်ချင်းသတင်းပို့ပါ့မယ်ဆိုပြီး အာမခံလိုက်လို့ သက်သာသွားတာ။ အလုပ်သမားတွေကိုလည်းတောက်လျောက်စုံစမ်းနေတယ်။ တွေ့တဲ့နေရာဖမ်းမယ်ပေါ့။ အခု စိတ်ချရတဲ့နေရာ မှာရှောင်နေရတယ်''ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက ဆိုသည်။

ထို့အပြင် ဇွန်လ၁၄ရက်ကလည်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်၏ မိသားစုနေအိမ်သို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး အဖွဲ့ချုပ်ပိုင် ပစ္စည်းများကို ယူဆောင်သွားကာ ဇွန်လ၁၅ရက်တွင် တောင်ဒဂုံမြို့နယ်တွင်ရှိသည့် ရန်ကုန်ရုံးချုပ်ကို ချိတ်ပိတ်သွားခဲ့ သည်ဟု ဦးသက်နှင်းအောင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောကြားထားသည်ကိုတွေ့ရသည်။ 

လက်ရှိတွင် ဖမ်းဆီးခံနေသည့် အလုပ်သမားခေါင်းဆောင်များ အလုပ်သမားများအရေအတွက် တိတိကျကျသိရှိရန် မလွယ်သေးကြောင်းနှင့် လုပ်ငန်းခွင်တွင် အလုပ်သမားများ ဖိနှိပ်ခံရမှုများ ပိုမို ကြုံတွေ့နေရသည်ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required