ကရင်နီဒေသမှာ စစ်ကောင်စီပစ်သတ်လို့ လူမသိသူမသိသေဆုံးသူ ၂၀ ဝန်းကျင်ရှိတယ်လို့ PKPF ထုတ်ပြန်

ကရင်နီဒေသမှာ စစ်ကောင်စီပစ်သတ်လို့ လူမသိသူမသိသေဆုံးသူ ၂၀ ဝန်းကျင်ရှိတယ်လို့ PKPF ထုတ်ပြန်

 ဇွန် ၁၇

ကရင်နီပြည်နယ် ဒီးမော့ဆိုနဲ့ ဗိုးဗြဲမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တွေ သတ်ဖြတ်လို့ လူမသိ သူမသိသေဆုံးသူ နှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီးမော့ဆိုဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲအတွင်း ဖမ်းဆီးသတ်ဖြတ်ခံလိုက်ကြရတာဖြစ်ပြီး ပုတ်ပွပြန့်ကျဲနေတဲ့ ရုပ်အလောင်းတွေကို ဆရာတော်တွေက ဦးဆောင်ကောက်ယူကာ မနေ့က (ဇွန်လ ၁၆ ရက်) မီးသင်္ဂြိုလ်ပေးလိုက်တယ်လို့ သိရပါတယ်။

ပုတ်ပွပြန့်ကျဲ သေဆုံးနေတဲ့ ရုပ်အလောင်းတွေမှာတော့ လက်နောက်ပြန်ကြိုးတုပ်ပြီး သေနတ်ပစ်သတ်ခံ ထားရတဲ့ ရုပ်အလောင်းတွေနဲ့ အမျိုးသမီး၊ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံပြည်သူ တစ်သိန်းကျော် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အဲဒါကြောင့် ကရင်နီဒေသအတွင်းအရှိ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်အရ ထိုးစစ်ဆင် တိုက်ခိုက်တာကို ယာယီရပ်ဆိုင်းထားမယ်လို့ KNDF (ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly