အငြင်းပွားဒေသ အနောက်ဆာဟာရအနီး အမေရိကန်တပ်တွေ ဦးဆောင်ပြီး စစ်ရေးလေ့ကျင့် 

အငြင်းပွားဒေသ အနောက်ဆာဟာရအနီး အမေရိကန်တပ်တွေ ဦးဆောင်ပြီး စစ်ရေးလေ့ကျင့် 
Photo - AFP

ဇွန် ၁၆

အငြင်းပွားဒေသ အနောက်ဆာဟာရအနီးမှာ မော်ရိုကိုနိုင်ငံ ပူးပေါင်းစီစဉ်ပြီး အမေရိကန်က ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးလေ့ကျင်လျက်ရှိနေပြီး အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတစ်ရပ်အဖြစ် အမေရိကန် အာဖရိက စစ်ဌာန Africom က အမွှမ်းတင်ပြောဆိုပါတယ်။  

ဇွန် ၈ ရက်ကစတင်ပြီး ‘အာဖရိက ခြင်္သေ့’ လို့ နာမည်ပေးထားတဲ့ အခု စစ်ရေးလေ့ကျင့်မှာ နိုင်ငံ ကိုးနိုင်ငံနဲ့ နေတိုးတပ်တွေက စစ်သား ၇၀၀၀ ကျော်ထက်မနည်း ပါဝင်လေ့ကျင့်နေတာ ဖြစ်တယ်လို့ Aficom က ထုတ်ပြန်ပါတယ်။ 

သောကြာနေ့မှာ ပြီးဆုံးမယ့် အခု စစ်ရေးလေ့ကျင့်မှုမှာ အနောက်ဆာဟာရအနီး ဒုံးကျည်တွေ ပစ်ခတ်တာ၊ စပိန်ရဲ့ ကာနာရီကျွန်းစုရဲ့ ကမ်းလွန်မှာ ရေတပ်ကင်းလှည့်တာနဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေပါ လုပ်ဆောင်နေတာပါ။ 

“အာဖရိက ခြင်္သေ့ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန် အာဖရိက စစ်ဌာနရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုပါပဲ”လို့ Africom က ၎င်းတို့ရဲ့ ဝက်ဆိုက်မှာ ဖော်ပြပြီး “အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ စစ်ရေးအသင့်ရှိမှုကို မြှင့်တင်နိုင်ဖို့ ပစ်မှတ်ထားရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုပဲ ဖြစ်ပါတယ်”လို့ ထပ်လောင်းဖော်ပြပါတယ်။ 

ဒီ စစ်ရေးလေ့ကျင့်မှုဟာ မော်ရိုကိုရဲ့ ဆာဟာရပိုင်နက်ကို အမေရိကန်က အသိအမှတ်ပြုတာပဲလို့ စစ်ရေးလေ့ကျင့်မှုတွေ မတိုင်ခင် မော်ရိုကို ဝန်ကြီးချုပ် ဆက်ဒ် အက်ဒ်ဒင်း အယ်လ် အော့မာနီက တွစ်တာမှာ ရေးသားပါတယ်။ 

ဒါပေမဲ့ အမေရိကန်ကတော့ ဒီ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ ကွဲပြားစွာ ဆိုပါတယ်။ 

“စစ်ရေးလေ့ကျင့်တဲ့ နေရာတွေဟာ မော်ရိုကိုအနှံ့မှာ အဓိကပါပဲ၊ မြောက်ပိုင်း ကန်နက်ထရာလေတပ်စခန်းကနေ တောင်ပိုင်း တန်တန်နဲ့ ဂွာရီယာလာဘော့ဟီ လေ့ကျင့်ရေးနေရာတွေမှာ ပြုလုပ်တာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာ Africom က ဆိုထားပါတယ်။ 

ဖော့စဖိတ်ဒြပ်စင် ကြွယ်ဝပြီး ကမ်းလွန်ငါးဖမ်းလုပ်ငန်း တွင်ကျယ်တဲ့ စပိန်ကိုလိုနီဟောင်း အနောက်ဆာဟာရကို ၁၉၇၅ မှာ စပိန်က ထွက်ခွာသွားပြီးတဲ့နောက်မှာ မော်ရိုကိုဟာ ၎င်းပိုင်အဖြစ် အတည်ပြုထားတာပါ။ 

Polisario Front ဆိုတဲ့ အဖွဲ့က လက်နက်စွဲကိုင်ကာ လွတ်လပ်ရေးတောင်းဆိုပြီး ၁၉၇၆ မှာ ဆာဟာရအာရပ်ဒီမိုကရေစီနိုင်ငံ SADR အဖြစ် ကြေညာခဲ့ရာမှာ မော်ရိုကိုနဲ့ ၁၆ နှစ်ကြာ စစ်ပွဲဖြစ်ပွားနေတာပါ။ 

လက်ရှိမှာ မော်ရိုကိုဟာ အဲဒီ ဒေသရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်နက်ပြု ထိန်းချုပ်ထားပြီး ကျန်နယ်မြေကိုတော့ Polisario Front က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။ မော်ရိုကိုဟာ အနောက်ဆာဟာရဒေသကို ကိုယ်ပိုင်အုပ်ချုပ်စီရင်ပိုင်ခွင့် ကမ်းလှမ်းခဲ့ပေမယ့် ဘုရင့်နိုင်ငံရဲ့ အချုပ်အခြာပိုင် တစ်စိတ်တစ်ဒေအဖြစ်ပဲ နယ်မြေ အပိုင်ပြုမှုကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ 

အရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ မော်ရိုကိုက အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ပြီးတဲ့နောက် အနောက်ဆာဟာရကို မော်ရိုကိုရဲ့ အချုပ်အခြာပိုင်အဖြစ် အသိအမှတ်ပြုခဲ့တာကြောင့် Polisario အုပ်စုက အမျက်ဒေါသနဲ့ တုံ့ပြန်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly