အမေရိကန်ကို ရုရှက ဆိုင်ဘာတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက အဓိပ္ပာယ် မရှိဘူးလို့ ပူတင် ငြင်း 

အမေရိကန်ကို ရုရှက ဆိုင်ဘာတိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက အဓိပ္ပာယ် မရှိဘူးလို့ ပူတင် ငြင်း 
Photo - AFP

ဇွန် ၁၅ 

အမေရိကန်ကို ဆိုင်ဘာတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ရုရှရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ‘အဓိပ္ပာယ်မရှိ’ဘူးလို့ သမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ထိပ်သီးအစည်းအဝေး မတိုင်ခင် ပြုလုပ်တဲ့ တနင်္လာနေ့က NBC ရုပ်သံနဲ့ အင်တာဗျူးမှာ ငြင်းဆန်ပြောဆိုပါတယ်။ 

အမေရိကန်နဲ့ အကျဉ်းသား အလဲအလှယ်လုပ်ဖို့ကို စီစဉ်ထားကြောင်းလည်း ရုရှခေါင်းဆောင် ပူတင်က ပြောဆိုပါတယ်။ လဲလှယ်မယ့် အကျဉ်းသားတွေကိုတော့ ဗုဒ္ဓဟူးနေ့မှာ ခေါင်းဆောင်နှစ်ဦး ဂျီနီဗာမှာ တွေ့ဆုံတဲ့အခါ ရွေးချယ်သတ်မှတ်မှာ ဖြစ်ပါတယ်။ 

ထောင်ချခံနေရတဲ့ ရုရှအစိုးရကို ဝေဖန်သူ အလက်ဇီနဗားနီကိုလည်း ဘယ်သူမဆိုထက် ပိုပြီး ဘာမှ ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံလိမ့်မှာ မဟုတ်ဘူးလို့လည်း ပူတင်က ပြောပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဂျီ-၇၊ ဥရောပသမဂ္ဂနဲ့ နေတိုးက မဟာမိတ်တွေနဲ့ သီတင်းပတ်တာ တွေ့ဆုံအပြီးမှာ ပူတင်နဲ့ ထိပ်သီးအစည်းအဝေးဆီ လာရောက်မှာ ဖြစ်ပါတယ်။ ရုရှနဲ့ အမေရိကန်ကြား အငြင်းပွားတဲ့ ကိစ္စရပ်တွေများစွာကြောင့် နှစ်အတော်ကြာအတွင်းမှာ ဆက်ဆံရေး တင်းမာမှု အမြင့်ဆုံးရောက်ရှိနေချိန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြမှာပဲ ဖြစ်ပါတယ်။ 

အမေရိကန်ကို ရုရှက ‘ဆိုင်ဘာစစ်ပွဲ’ ဆင်နွှဲနေတာလားဆိုပြီး မေးမြန်းတာကို ပူတင်က “သက်သေ ဘယ်မှာလဲ၊ ဒါဟာ အဓိပ္ပာယ် မရှိတော့ဘူး”ဆိုပြီး ဖြေဆိုပါတယ်။ 

“ခုလို စွပ်စွဲမှုတွေကို ကျွန်တော်တို့ ကြုံတွေ့ထားပြီး ဖြစ်တယ်၊ ရွေးကောက်ပွဲ ကြားဝင်နှောင့်ယှက်တာ၊ ဆိုင်ဘာတိုက်ခိုက်တာ၊ အမျိုးစုံ အမျိုးစုံပဲ စွပ်စွဲပြောဆိုနေကြတယ်၊ တစ်ကြိမ်တည်းလည်း မဟုတ်၊ တစ်ခါတည်းလည်း မဟုတ်ဘူး၊ သူတို့တွေအနေနဲ့ သက်သေသက္ကာရ ပြနိုင်သလား၊ အခြေအမြစ်မရှိ စွပ်စွဲချက်တွေပါ”လို့ ပူတင်က ပြောပါတယ်။ 

မကြာသေးတဲ့ လတွေမှာ အဓိက လောင်စာပိုက်လိုင်းကွန်ရက် အပါအဝင် အမေရိကန်ကုမ္ပဏီတွေ ဆိုင်ဘာ တိုက်ခိုက်ခံရပြီး ငွေညှစ်တောင်းခံငွေပေးပြီးမှ ပြန်လည်ဖွင့်လှစ်လည်ပတ်နိုင်တာတွေ ဖြစ်ထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required