ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးစစ်ပွဲကို ICC စုံစမ်းစစ်ဆေးမှုမှာ သမ္မတ ဒူတာတေးက ပူးပေါင်းလိမ့်မှာ မဟုတ် 

ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးစစ်ပွဲကို ICC စုံစမ်းစစ်ဆေးမှုမှာ သမ္မတ ဒူတာတေးက ပူးပေါင်းလိမ့်မှာ မဟုတ် 
Photo - AFP

ဇွန် ၁၅

ဖိလစ်ပိုင်နိုင်ငံရဲ့ လူသေဆုံးမှုများတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က စုံစမ်းမှုမှာ သမ္မတ ရိုဒရီဂိုဒူတာတေးဟာ ‘ဘယ်တော့မှ ပူးပေါင်းဆောင်ရွက်’မှာ မဟုတ်ဘူးလို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိက အင်္ဂါနေ့မှာ ပြောပြီး ICC ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ‘မမှန်ကန်သော လုပ်ရပ်’ဆိုပြီး ပြောဆိုပါတယ်။ 

ဖိလစ်ပိုင်ရဲတွေဟာ ၂၀၁၆ နဲ့ ၂၀၁၉ ကြားမှာ အရပ်သားထောင်ပေါင်းများစွာကို တရားလက်မဲ့ သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့တစ်ခုတည်းသော စစ်ရာဇဝတ်ခုံရုံး ICC က တရားသူကြီးတွေအနေနဲ့ စုံစမ်းစစ်ဆေးရေးတစ်ရပ် ဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းဖို့ကို ICC ရှေ့နေချုပ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဘန်ဆော့ဒါက တနင်္လာနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။ 

ဒူတာတေးဟာ နိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖယ်ရှားရှင်းလင်းပစ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကတိကဝတ်နဲ့ ၂၀၁၆ မှာ ရွေးကောက်ခံရတာဖြစ်ပြီး ရဲတွေအနေနဲ့ ကိုယ့်အတွက် အန္တရာယ်ရှိရင် မူးယစ်သံသယတရားခံတွေကို ပစ်သတ်ဖို့ လူသိရှင်ကြား အမိန့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

“သမ္မတဟာ သူ့ ရာထူးသက်တမ်း ကုန်တဲ့ ၂၀၂၂ ဇွန် ၃၀ ရောက်တဲ့အထိ ICC စုံစမ်းစစ်ဆေးမှုမှာ ဘယ်တော့မှ ပူးပေါင်းပါဝင်လိမ့်မှာ မဟုတ်ဘူး”လို့ ပြောခွင့်ရသူ ဟာရီရုဒ်က သတင်းထောက်တွေကို ပြောပြီး ဖိလစ်ပိုင်ဟာ ICC ကနေ နုတ်ထွက်ထားတာကြောင့် ICC အနေနဲ့ ဖိလစ်ပိုင်မှာ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ အရင်ပြောဆိုထားချက်ကို ထပ်လောင်းပြောဆိုပါတယ်။ 

မူးယစ်ဆေးဝါးစစ်ပွဲကို ICC က အကြိုစုံစမ်းမှု ဆောင်ရွက်လာတာကြောင့် ဖိလစ်ပိုင်ဟာ ၂၀၁၉ မှာ နုတ်ထွက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်နေတဲ့အချိန် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ICC က စုံစမ်းစစ်ဆေးနိုင်ဆဲဖြစ်တယ်လို့ ရာထူးက နုတ်ထွက်ဖို့ရှိနေတဲ့ ဘန်ဆော့ဒါက ပြောပါတယ်။ 

“ရထားတဲ့ သတင်းအချက်အလက်တွေအရတော့ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့နဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်သူတွေဟာ အရပ်သား ထောင်နဲ့ချီပြီးကို ဥပဒေမဲ့ သတ်ဖြတ်တာကို ညွှန်ပြနေပါတယ်”လို့ အခု သီတင်းပတ်မှာ ရာထူးနေ မနုတ်ထွက်ခင် နောက်ဆုံး ဆောင်ရွက်ချက်တစ်ရပ်အဖြစ် ဘန်ဆော့ဒါက ပြောဆိုပါတယ်။ 

ဒါပေမဲ့ အဲဒီ တွေ့ရှိချက် သတင်းအချက်အလက်တွေကို ဟာရီရုဒ်က ပယ်ချပြီး “ဖိလစ်ပိုင်ရဲ့ တရားရေးစနစ်က အလုပ်မလုပ်ဘူးလို့ ပြောပြီး ပြည်သူအားလုံးကို ထိပါးစော်ကားလိုက်တာပဲ”လို့ ဆိုပါတယ်။ 

“စနစ်တကျ အစိုးရ စုဖွဲ့မှု မရှိတဲ့ အနောက်ပိုင်း ဆူဒန်က ဒါဖာဒေသလို နိုင်ငံမျိုးတွေနဲ့ ကျွန်တော်တို့ကို ခိုင်းနှိုင်းခံရလိမ့်မယ်၊ ဒါဟာ မမှန်ကန်ဘူး”လို့ သူက ဆိုပါတယ်။ “တကယ်ပဲ သတ်ဖြတ်မှုတွေ ဖြစ်နေတယ်ဆိုရင် သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခတွေကို စောင့်ကြည့်နေမှာပဲ ဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required