စစ်အုပ်စုအပေါ် နိုင်ငံတကာက ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရေး ဦးကျော်မိုးထွန်း တောင်းဆို

စစ်အုပ်စုအပေါ် နိုင်ငံတကာက ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရေး ဦးကျော်မိုးထွန်း တောင်းဆို
Photo - AFP

ဇွန် ၁၅

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် “ထိရောက်ပြီး တစုတစည်းတည်း ရှိသည့် အရေးယူဆောင်ရွက်မှုများ” နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပန်ကြားတောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိ ကုလ လုံခြုံရေးကောင်စီ ဆွေးနွေးမှုများ မတိုင်မီ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“လူသားတွေအပေါ် ဖြစ်နိုင်ခြေရှိ ပြစ်မှုကျူးလွန်မှု မှန်သမျှကို တားဆီးဖို့၊ ဖြစ်နိုင်ခြေရှိ ဒေသဆိုင်ရာ လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခု ထွက်ပေါ်မှုကို တားဆီးဖို့အတွက် ခုချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ထိရောက်တဲ့ စုပေါင်းညီညာတဲ့ အရေးယူဆောင်ရွက်မှု အစီအမံတွေ လုပ်ဆောင်ဖို့ အားချင်း လိုအပ်နေပါပြီ” ဟု ဦးကျော်မိုးထွန်းက ကမ္ဘာ့အဖွဲ့အစည်းထံ စာတစ်စောင် ရေးသားပေးပို့ ပန်ကြားခဲ့သည်။

“အားကောင်းပြီး တိကျပြတ်သားတဲ့၊ စည်းလုံးညီညွတ်မှုရှိတဲ့ အရေးယူမှု အစီအမံတွေဟာ အင်မတန် အရေးပါပြီး ချက်ချင်းလက်ငင်း လုပ်ဖို့ လိုနေပါပြီ” ဟု ၎င်းက ရေးခဲ့သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အဲဒီလိုမျိုး လုပ်ဆောင်ချက်တွေ မရှိဘူးဆိုရင်တော့ စစ်တပ်ဘက်က အရပ်သားတွေအပေါ် လူမဆန်တဲ့၊ ရက်စက်တဲ့ လုပ်ရပ်တွေ ဆက်လက် ကျူးလွန်စေအောင် ထပ်မံ အားပေးသလို ဖြစ်မှာဖြစ်သလို မြန်မာနိုင်ငံမှာ အပြစ်မဲ့ အရပ်သားတွေရဲ့ အသက်တွေ ထပ်မံဆုံးရှုံးရမှုတွေ ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ရေးခဲ့သည်။

သံအမတ်ကြီး ဦး‌ကျော်မိုးထွန်းသည် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်ထားခဲ့သူဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရပ်တည်နိုင်တော့ခြင်း မရှိဆိုသည့် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ပြောဆိုချက်များကို အရေးမစိုက်ဘဲ ပယ်ချထားခဲ့သူလည်းဖြစ်သည်။ ကုလသမဂ္ဂဘက်ကလည်း ၎င်းကိုပင် မှန်ကန်ဖြစ်ထိုက်သော သံတမန်အဖြစ် ဆက်လက် ရှုမြင်သဘောထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required