လက်နက်ရောင်းချခြင်းနဲ့ ဖွံ့ဖြိုးရေးအကူအညီမပေးဆိုတဲ့ G7 ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာပြည်သူများ မျှော်လင့်

လက်နက်ရောင်းချခြင်းနဲ့ ဖွံ့ဖြိုးရေးအကူအညီမပေးဆိုတဲ့ G7 ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာပြည်သူများ မျှော်လင့်
Photo - AFP

ဇွန်၊ ၁၄၊ ရန်ကုန်

G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်အားလုံးဟာ ၄၇ ကြိမ်မြောက် အစည်းအဝေးမှာ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ရာဇသံ ပေးလိုက်တဲ့အပြင် အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုပါ ချက်ချင်းရပ်ပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို လိုက်နာဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ 

ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ အစည်းအဝေးပွဲကို ဇွန်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ အင်္ဂလန်နိုင်ငံ ကားဘစ်ပင်လယ်အော် (Carbis Bay ) အနီးက Cornwall မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးထဲက ဆွေးနွေးချက်တွေထဲမှာတော့ တနေ့တခြား အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံအရေး၊ ကိုဗစ် ၁၉ ကပ်ရောဂါအရေး၊ မြန်မာ့အရေး၊ အီသီရိုပီးယားအရေးနဲ့ အာဖဂန်နစ္စတန် နှုတ်ဆက်ပွဲအကြောင်းတွေကို အဓိကဆွေးနွေးခဲ့ကြတာပါ။ 

မြန်မာ့အရေးကိစ္စကို ဆွေးနွေးရာမှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်း လွှတ်ပေးဖို့၊ အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ရပ်ပြီး ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို လိုက်နာဖို့အပြင်၊ မြန်မာ့အရေးအတွက် အာဆီယံက အဓိကကဏ္ဍကနေ လုပ်ဆောင်ဖို့နဲ့ ဂျာကာတာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောတူထားတဲ့ မြန်မာ့အရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို ကြိုဆိုပြီး ဒါတွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်လို့ G7 နိုင်ငံများရဲ့ သဘောတူညီချက်ကို ပြင်သစ်သံရုံးက ကြေညာထားခဲ့ပါတယ်။ 

ဒါ့အပြင် ပြည်ပ ကုမ္ပဏီများတွေအနေနဲ့လည်း စစ်ကောင်စီကို အကျိုးရှိစေမယ့် လုပ်ငန်းများကို သတိထား ရှောင်ရှားရန်လည်း တိုက်တွန်းထားကြတဲ့အပြင် အထူးသဖြင့် အာဏာလုယူထားပြီး ပြည်သူ ၈ရာကျော်ကို မတရားသတ်ဖြတ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်နက် ရောင်းချခြင်းနဲ့ အခြားဖွံ့ဖြိုးရေးအကူအညီတွေ ပေးမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
“ဆွေးနွေးချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုထားတာနဲ့ပတ်သက်ရင်တော့ မျှော်လင့်ချက်မရှိဘူး။ သူတို့ဘက်က လွှတ်ပေးဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဆွေးနွေးချက်တွေထဲမှာပါတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိတ်ပင်တာနဲ့ လက်နက်ရောင်းချဖို့ ပိတ်ပင်တာ အလုပ်ဖြစ်သွားရင်တော့ တော်တော်ထိရောက်နိုင်တယ်”လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးပါတီတခုက တာဝန်ရှိသူတဦးက မဇ္ဇျိမကို ပြောပါတယ်။

စစ်ကောင်စီအတွက် လက်နက် အဓိက ရောင်းချပေးနေတဲ့ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ ခရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ၂၀၁၄ ခုနှစ်ကစပြီး G7 အဖွဲ့ဝင်နိုင်ငံထဲကနေ ဖယ်ရှားခံလိုက်ရပါတယ်။

ဒါကြောင့် အခု G7 အဖွဲ့အစည်းရဲ့ ၄၇ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ထဲက မြန်မာနိုင်ငံကို လက်နက်ရောင်းချဖို့ ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ဟာ ရုရှားနိုင်ငံနဲ့ မသက်ဆိုင်တဲ့အနေအထားမျိုး ဖြစ်နေတယ်လို့ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းထဲက အများစုက ပြောဆိုဝေဖန်နေကြတာကိုလည်း တွေ့ရပါတယ်။

“ရုရှားနိုင်ငံက မြန်မာစစ်တပ်ကို လက်နက်တွေ ပိုရောင်းလာပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်နေတာ တွေ့ရတယ်”လို့ ဘန်ကောက်အခြေစိုက် Jane's Group က နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ သုံးသပ်သူ Anthony Davis က မတ်လတုန်းက ပြောခဲ့ဖူးပါတယ်။  

မြန်မာနိုင်ငံအတွက် လက်နက်ရောင်းချမှုကို ကုလသမဂ္ဂအနေနဲ့ တားမြစ်ပေးဖို့ မေလဆန်းပိုင်းလောက်တုန်းက နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က တောင်းဆိုခဲ့ကြသလို၊ ကုလသမဂ္ဂကလည်း စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ ဆော်သြထားတဲ့ မူကြမ်းကို ထုတ်ပြန်ခဲ့ပေမယ့် ဒီစာသားကို ဖြုတ်ပေးဖို့ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံထဲက မြန်မာနိုင်ငံအပါအဝင် ၉ နိုင်ငံက တောင်းဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် G7 အစည်းအဝေးဆုံးဖြတ်ချက်ထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အခြားနိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်လာနေပေမယ့် တရုတ်နိုင်ငံကတော့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့  နိုင်ငံ့ခေါင်းဆောင်အဖြစ် သုံးနှုန်းသတ်မှတ်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုလည်း ဇွန်လ ၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံ အထူးအစည်းအဝေးကို မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ ချုံချင်းမြို့သို့ ဖိတ်ကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာတော့ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းတွေကို ဖျက်သိမ်းမှာ မဟုတ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံကို ဒဏ်ခတ်အရေးယူရာမှာလည်း မပါဝင်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီက စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပအခြေအနေတွေ ဘယ်လိုပဲရှိရှိ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြောင်းလဲသွားမှာ မဟုတ်ဘဲ၊ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မယ့်လမ်းကို လွတ်လပ်စွာ ရွေးချယ်သွားဖို့အတွက် အားပေးထောက်ခံသွားမှာဖြစ်တယ်”လို့ မစ္စတာ ဝမ်ယီက ပြောခဲ့တာပါ။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့  ပြည်တွင်းရေးကို အလွန်အကျွံ ဝင်ရောက်စွက်ဖက်နေတာဖြစ်ပြီး၊ ‌ဒေသတွင်းတည်ငြိမ်ရေးကိုလည်း ခြိမ်းခြောက်နေတာဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်တပ်ကို ထောက်ခံတဲ့ လုပ်ရပ်တွေကြောင့် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေးအဖွဲ့အစည်းတွေအကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားစေကာ ပြည်တွင်းစစ်မီးကိုလည်း ပိုမို တောက်လောင်စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်နည်းလမ်းနဲ့ အာဏာရရှိဖို့ ကြိုးပမ်းနေတဲ့ မင်းအောင်လှိုင်ကို ကူညီခြင်းဖြင့် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပါက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားများ အားလုံးအနေနဲ့ ‌ဖြစ်ပေါ်လာမယ့် ရှုပ်ထွေးမှုများနဲ့ အကြမ်းဖက်မှုများရဲ့ ရိုက်ခတ်မှုကို ခံစားရလိမ့်မယ်လို့ မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေက ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း G7 အစည်းအဝေးကို တက်ရောက်ဖို့ မထွက်ခွာခင်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နဲ့ ရုရှားအစိုးရတို့ရဲ့  အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို တုန့်ပြန်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံဟာ ဦးဆောင်နေရာကနေ ပါဝင်ဖို့လိုတယ်လို့ ပြောခဲ့တဲ့အပြင်
G7 အစည်းအဝေးမှာလည်း တရုတ်နိုင်ငံကို လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး ရာဇသံပေးခဲ့ကြပါတယ်။

ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၇ နိုင်ငံ (G7) က ခေါင်းဆောင်တွေ မျက်နှာစုံညီတွေ့ဆုံကြတဲ့အချိန်မှာ မြန်မာပြည် စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဖိအားပေး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာအပြင်၊ G7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတိုးတက်ဖို့ လိုအပ်တဲ့ နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေကို ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာနဲ့ပတ်သက်ပြီး မြန်မာပြည်သူအများစုကတော့ မျှော်လင့်ချက်ထားလျက်ရှိကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required