အစ္စရေးမှာ နေတန်ယာဟုကို ဖြုတ်ချပြီး အစိုးရသစ် ဖွဲ့စည်းနိုင်တာကြောင့် အောင်ပွဲခံ အခမ်းအနားတွေ ကျင်းပ 

အစ္စရေးမှာ နေတန်ယာဟုကို ဖြုတ်ချပြီး အစိုးရသစ် ဖွဲ့စည်းနိုင်တာကြောင့် အောင်ပွဲခံ အခမ်းအနားတွေ ကျင်းပ 
Photo - AFP

ဇွန် ၁၄

အစ္စရေးနိုင်ငံမှာ အစိုးရသစ် ဖွဲ့စည်းလိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာလိုက်ချိန်မှာ လွှတ်တော်အနီး စုရုံးရောက်ရှိနေကြတဲ့ ပြည်သူတွေဟာ အော်ဟစ်ကြွေးကြော်ကြပြီး အောင်ပွဲခံ အခမ်းအနားတွေ ကျင်းပကြပါတယ်။ အစ္စရေးက မတူကွဲပြားတဲ့ ပါတီတွေ စုဖွဲ့ထားတဲ့ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ဟာ ဘန်ဂျမင်နေတန်ယာဟုရဲ့ ဝန်ကြီးချုပ်အဖြစ် ၁၂ တာ အုပ်ချုပ်မှုကို အဆုံးသတ်စေပြီ ဖြစ်ပါတယ်။ 

နေတန်ယာဟုရဲ့ မဟာမိတ်ဟောင်း လက်ယာယိမ်း အမျိုးသားရေးဝါဒီ နက်ဖ်တာလီဘန်းနက်ဦးဆောင်တဲ့ အစိုးရကို ပါလီမန်လွှတ်တော်က တနင်္ဂနွေနေ့မှာ မဲပေးအတည်ပြုလိုက်တာပါ။ “အစိုးရသစ်ဟာ သူတို့ကို ကျွန်တော်တို့ စောင့်ကြည့်နေတယ်ဆိုတာ သိတယ်၊ ဒီအတွက် သူတို့ ကောင်းကောင်း လုပ်ကိုင်ကြရလိမ့်မယ်”လို့ မဲပေးသူ လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။ 

နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် နေတန်ယာဟုကို ဖြုတ်ချနိုင်ရေးကပဲ စုစည်းညွန့်ပေါင်း ဖွဲ့စေဖြစ်တဲ့ မတူကွဲပြား ပါတီ ရှစ်ပါတီပါ ညွန့်ပေါင်းအဖွဲ့ရဲ့ အကြီးအကဲအဖြစ် နည်းပညာသန်းကြွယ်သူဌေးကြီးဖြစ်သူ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဘန်းနက်က ကျမ်းသစ္စာဆိုခဲ့ပါတယ်။ 

ပင်ကိုကကို တိုက်လိုခိုက်လိုတဲ့ ညာဉ်ရှိတဲ့ အသက် ၇၂ အရွယ် နေတန်ယာဟုဟာ လွှတ်တော်မဲပေးမှုမှာ အရေးနိမ့်ကြောင်း သိလိုက်ပြီး အချိန်ပိုင်းမှာပဲ “အတိုက်အခံ ဖြစ်သွားပြီမို့ ကျွန်တော်တို့ အားသွန်လုံ့လစိုက် ဒီ ညံ့ဖျင်းတဲ့ အစိုးရကို ဖြုတ်ချပြီး နိုင်ငံကို ကျွန်တော်တို့ လမ်းစဉ်အတိုင်း ပြန်လည်ဦးဆောင်မယ်” ဆိုပြီး စိတ်ပိုင်းဖြတ်ပြောဆိုပါတယ်။ 

ထောက်ခံသူတွေက ‘King Bibi’ နဲ့ ‘မစ္စတာ လုံခြုံရေးလို့ ချင်ခင်စွာ ခေါ်ကြပြီး မလိုလားသူတွေကတော့ ‘ရာဇဝတ်ဝန်ကြီး’လို့ အခေါ်ခံရတဲ့ နေတန်ယာဟုဟာ အစ္စရေးနိုင်ငံရေးကို ကာလကြာရှည် လွှမ်းမိုးထားခဲ့သူပါ။ 

ဒါပေမဲ့ တနင်္ဂနွေနေ့က လွှတ်တော်မှာ အမတ် ၁၂၀ ရဲ့ မဲပေးပြီးနောက်မှာ မဲရလဒ် ၆၀-၅၀ နဲ့ နေတန်ယာဟာ ပွတ်ကာသီကာ အရေးနိမ့်ပြီး သူ့အစိုးရ အဆုံးသတ်ခဲ့တော့တာပဲ ဖြစ်ပါတယ်။ 

အနိုင်ရတဲ့ ဘန်းနက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမြန်အဆန်ပဲ ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ နှစ်နိုင်ငံကြားက ရင်းနှီးပြီး အဓွန့်ရှည်တဲ့ ဆက်ဆံရေး ရှုထောင့်စုံကို ပိုမို ခိုင်ခံ့အားကောင်းအောင် ဝန်ကြီးချုပ် ဘန်းနက်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ကျွန်တော် စောင့်မျှော်နေပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ 

နေတန်ယာဟု အာဏာလက်လွတ်ရတာအတွက် လွှတ်တော်အနီး ရင်ပြင်မှာ ပျော်ပါးအောင်ပွဲခံကြသလို တဲလ်အဗစ်မြို့လယ်မှာလည်း သွားရောက်စုရုံးကြပြီး အောင်ပွဲခံကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required