တိုက်ပွဲဇုန်များ၌ ပိတ်မိနေသူများအတွက် ‘လူသားချင်းစာနာမှု စင်္ကြန်လမ်းကြောင်း’ ဖော်ဆောင်ရေး ကက်သလစ်ဆရာတော်ကြီးများ တိုက်တွန်း

တိုက်ပွဲဇုန်များ၌ ပိတ်မိနေသူများအတွက် ‘လူသားချင်းစာနာမှု စင်္ကြန်လမ်းကြောင်း’ ဖော်ဆောင်ရေး ကက်သလစ်ဆရာတော်ကြီးများ တိုက်တွန်း

ဇွန် ၁၃

စစ်တပ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံရှိ တိုက်ပွဲဖြစ်ပွားရာဧရိယာဇုန်များ၌ ပိတ်မိနေပြီး အစာရေစာ ငတ်မွတ်မှုနှင့် ကြုံနေရသည့် တိုက်ပွဲရှောင်ပြည်သူ ထောင်နှင့်ချီတို့အတွက် ‘လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်လမ်းကြောင်း’ တစ်ခု ဖော်ဆောင်ရန် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများက မေတ္တာရပ်ခံ ပန်ကြားသွားခဲ့သည်။

အပြစ်မဲ့ အရပ်သားအများအပြား ခိုလှုံနေကြရသည့် ဘာသာရေး၀တ်ပြုနေရာများနှင့် အခြားသော စပ်ကြား နယ်မြေများကို လေးစားထောက်ထားပြီး တိုက်ခိုက်မှုများ မလုပ်ဆောင်ရန်အတွက်လည်း ကက်သလစ်ဆရာတော်ကြီးများက ပန်ကြားသွားခဲ့သည်။

“မိမိတို့ နိုင်ငံဟာ ခုချိန်မှာ ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းနေရချိန်မှာ မိမိတို့အနေနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေခံအကြောင်းတရားတွေနဲ့ ဒီ ပန်ကြားချက်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် (CBCM) ၏ ပန်ကြားချက်တွင် ပြောထားသည်။

“မိမိတို့ဟာ နိုင်ငံရေးသမားတွေ မဟုတ်ပါဘူး၊ မိမိတို့ဟာ ဘာသာရေး ခေါင်းဆောင်တွေဖြစ်ပါတယ်၊ မိမိတို့ဟာ လူ့ဂုဏ်သိက္ခာဆီ ဦးတည်သွားတဲ့ ခရီးလမ်းကြောင်းမှာ မိမိတို့နိုင်ငံသားတွေနဲ့အတူ ရှိနေပါတယ်” ဟု CBCM က ဇွန်လ ၈ ရက်ကနေ ၁၁ ရက်အထိ ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် မျက်နှာစုံညီ ညီလာခံအပြီးသတ်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ထဲတွင် ပြောထားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ စစ်တပ်၏ မတရားအာဏာသိမ်းမှုနောက်ပိုင်း အကျပ်အတည်းကာလကို ဖြတ်သန်းနေရပြီး လက်ရှိအချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့အကြား ပဋိပက္ခ တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်ထားခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပြင် အာဏာသိမ်းမှုဆန့်ကျင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားထားခဲ့ပြီး စစ်တပ်သည် တိုက်လေယာဥ်များ၊ လက်နက်ကြီးများ သုံးပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ထားခဲ့သည်။

ထိုသို့သော တိုက်ပွဲများအတွင်း ပိတ်မိနေခဲ့သော အရပ်သားအများအပြားသည် ၎င်းတို့၏ နေအိမ်ကျေးရွာများကနေ စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဘာသာရေးကိုးကွယ်ရာနေရာများတွင် ခိုလှုံကြရခြင်း သို့မဟုတ် တောထဲသို့ ထွက်ပြေးနေကြရခြင်းတို့ ရှိနေပြီး အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးနေကြရသူများအနေဖြင့် အစားအစာနှင့် အခြားသော အခြေခံလိုအပ်ချက်များ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ကယားပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူများသည် အစားအစာ၊ ရေနှင့် ဆေး၀ါးတို့ မရရှိနိုင်ဘဲ ဖြစ်နေပြီး အစာရေစာ ငတ်ပြတ်ခြင်း၊ ရောဂါကူးစက်ခံရခြင်း၊ ပြင်းထန်ရာသီဥတုဒဏ်ခံရခြင်းတို့ကြောင့် လူအများအပြား သေဆုံးမှုများ ကြုံတွေ့လာရနိုင်ကြောင်း ကုလသမဂ္ဂကလည်း သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required