ဦးဖြိုးမင်းသိန်းကို တပ်မတော်ရိပ်သာတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း စစ်ကောင်စီပြန်ကြားရေးပြော 

ဦးဖြိုးမင်းသိန်းကို တပ်မတော်ရိပ်သာတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း စစ်ကောင်စီပြန်ကြားရေးပြော 

ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တပ်မတော်ရိပ်သာတစ်ခုမှာ ကောင်းမွန်စွာထိန်းသိမ်း ထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဒုတိယပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ပြုလုပ်တဲ့ ခြောက်ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ယခုလို ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊  မည်သည့် နေရာမှာဆိုတာကိုတော့ အသေးစိတ် ထည့်သွင်းပြောကြားသွားတာမျိုး မရှိပါဘူး။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ဖွဲစည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုလည်း တပ်မတော်ရိပ်သာတစ်ခုမှာ ကောင်းမွန်စွာထားရှိတယ်လို့ လည်း ဆိုပါတယ်။

“အကုန်လုံးက အင်းစိန်ထောင်ထဲမှာ မဟုတ်ပါဘူး တစ်ချို့သူတွေဟာ ကျွန်တော်ပြောခဲ့သလိုဘဲ တပ်မတော်ရိပ်သာတွေမှာ ရှိပါတယ်။ တပ်မတော်ရိပ်သာတွေမှာ ကောင်းမွန်စွာထားပါတယ်။ ယခင် UEC(ရွေးကောက်ပွဲကော်မရှင်အဖွဲ့)တွေကိုလည်း တပ်မတော်ရိပ်သာမှာဘဲ ကောင်းမွန်စွာထားရှိပါတယ်။”  လို့သူက တဆက်တည်း ပြောပါတယ်။

ဦးဖြိုးမင်းသိန်းဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန်ဒေါ်လာနဲ့ အခေါက်ရွှေချောင်းအချို့ကို ရန်ကုန်ဒေသကြီးအတွင်းမှာရှိတဲ့ စီမံကိန်းအချို့နဲ့ ပတ်သက်ပြီး လာဘ်ထိုးခဲ့တယ်လို့ ထွက်ဆိုထားတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ရှိ/မရှိကို အလဲဗင်း မီဒီယာက မေးမြန်းခဲ့ရာမှာ ဥပဒေအတိုင်းသာ ဖြစ်စေရမယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“  ဝန်ကြီးချုပ်များနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေတာတွေရှိပါတယ်။ ထုတ်ပြန်နေတာတွေလည်း ရှိပါတယ် စစ်ဆေးမေးမြန်းစဉ်ကာလနဲ့ စစ်ဆေးမမေးမြန်းစဉ်ကာလမှာတော့ ကြိုတင်ပြောလို့ မရပါဘူး။ ကျွန်တော်တို့ တွေ့ရှိချက်တွေကို ထုတ်ပြန်သွားပါမယ်။ ဝန်ကြီးချုပ်တိုင်းလည်း အရေးယူတာမဟုတ်ပါဘူး။ အရေးယူခဲ့တဲ့ ဝန်ကြီးချုပ်တွေက ဘာ့ကြောင့် အမှုဖွင့်ခဲ့တယ် ဘာ့ကြောင့် အရေးယူခဲ့တယ် ဆိုတာကို ကျွန်တော်တို့က ပွင့်လင်းမြင်သာစွာထုတ်ပြန်မယ်ဆိုတာကို ပြောလိုပါတယ်။” လို့ ဆိုပါတယ်။

ထိန်းသိမ်းခံနေရသည့် ဦးဖြိုးမင်းသိန်းကို ဘာကြောင့် အမှုဖွင့် အရေးမယူလဲလို့ အလဲဗင်းသတင်းထောက်က ထပ်ကာထပ်ကာ မေးရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကရယ်ပြီး “ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အလဲဗင်းက ဘာဖြစ်နေလဲ ” လို့ မေးခွန်းပြန်မေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required