အနုပညာတက္ကသိုလ် CDM ဆရာများကို အလုပ်မှထုတ်ပယ်ပြီး ၆လအတွင်း   ချေးငွေ ပြန်မဆပ်ပါက တရားစွဲမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

အနုပညာတက္ကသိုလ် CDM ဆရာများကို အလုပ်မှထုတ်ပယ်ပြီး ၆လအတွင်း   ချေးငွေ ပြန်မဆပ်ပါက တရားစွဲမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

ဇွန်လ ၁၂ ရက်

ရန်ကုန်တိုင်းဒေသကြီး အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် မန္တလေးတိုင်းဒေသကြီး အနုပညာတက္ကသိုလ် (မန္တလေး)မှ ဆရာ ဆရာမများကို အလုပ်မှထုတ်ပယ်ပြီး ခြောက်လအတွင်း နိုင်ငံတော်မှ ယူထားသည့် နှစ်လစာ ချေးငွေကို ပြန်မဆပ်ပါက ဥပဒေကြောင်းအရ တရားစွဲမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်စာ ပေးပို့ကြောင်းသိရသည်။

" ခြောက်လဆိုတာက အချိန်ရှိပါသေးတယ်။ အဲ့အချိန် သူတို့လဲ ရှိချင်မှ ရှိတော့မှာ ''ဟု ခြိမ်းခြောက်စာအပို့ခံရ သည့် ဆရာတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ သတ်မှတ်သည့် ပြစ်မှုမျိုး မကျူးလွန်မိကြောင်း နှင့် သွေး​ဆောင်ဖျားယောင်းမှု ကြောင့် CDM လုပ်ဆောင်မိကြောင်း ဝန်ခံကာ အယူခံဝင်ခွင့်ကို အလုပ်မှ ထုတ်ပယ်သည့် ခြောက်လအထိ စစ်ကောင်စီမှ သတ်မှတ်ပေးထားသည်ဟုလည်း သိရသည်။

"ဒီအခြေအနေထိ အမေလုပ်သူနဲ့ မိသားစုနဲ့ အတိုက်အခံလုပ်လာတာ။အဖေဆုံးတာတောင် လပိုင်းပဲရှိသေးတာကို တစ်ယောက်ထဲကျန်တဲ့ အမေကိုတောင် မျက်ရည်အကျခံပြီး အမေစိတ်ဆင်းရဲအောင်လုပ်ပြီး CDM ဆက်လုပ်ခဲ့တာ။ အစ်ကိုကလဲ အမေတစ်ခုခုဖြစ်ရင် မင်းကြောင့်တဲ့။ ဒါမျိုးတွေကိုတောင် ကြံကြံခံလာတာမို့ သူတို့ရဲ့ ဘယ်လိုပုံစံမျိုးမဆို အယူခံဝင်ဖို့ Non CDM လုပ်ဖို့ စိတ်ကူးမရှိဘူး''ဟု ဆရာတစ်ဦးက ဆိုသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ရှိ ဝန်ထမ်းအိမ်ရာတွင် ဆရာဆရာမ ၈၇ယောက်နေထိုင်ပြီး အဆိုပါ ၈၇ယောက်လုံး CDM ပြုလုပ်နေခြင်း ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် ဆရာ ဆရာမ များနှင့် ဝန်ထမ်းများအပါ အဝင် အရေအတွက်  ၂၂၄ဦးရှိပြီး CDM ၈၂ဦး အထိ ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required