ပဋိပက္ခ အရှိန်လျော့အောင် စစ်အာဏာသိမ်းအုပ်စုက အားထုတ်ခြင်း ရှိပုံမရဟု ကုလသမဂ္ဂ ပြော 

ပဋိပက္ခ အရှိန်လျော့အောင် စစ်အာဏာသိမ်းအုပ်စုက အားထုတ်ခြင်း ရှိပုံမရဟု ကုလသမဂ္ဂ ပြော 

ဇွန် ၁၂

စစ်အာဏာသိမ်းအုပ်စုက အာဆီယံခေါင်းဆောင်များအား ကတိကဝတ်ပြုထားသော်လည်း စစ်တပ်တပ်ဖြန့်ချထားခြင်းများနှင့် အရပ်သားများအပေါ် တိုက်ခိုက်နေခြင်း သတင်းများနှင့်အတူ ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေသည်ဟု ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောသည်။ 

“ပဋိပက္ခ ပြင်းထန်မှုတွေ လျော့ကျအောင် အားထုတ်တာမျိုး ရှိပုံမရဘူး၊ အဲဒီအစား စစ်တပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အပစ်ရပ်မယ်လို့ အာဆီယံကို ကတိခံထားတာနဲ့ ဆန့်ကျင်ပြီး အဓိကနယ်မြေဒေသတွေမှာ တပ်စွဲတပ်ဖြန့်တာတွေ လုပ်ဆောင်နေတယ်”ဟု အစီရင်ခံစာတစ်ရပ်၌ မီချဲလ်ဘတ်ချက်လက်က ပြောသည်။ 

ယုံကြည်ရသော သတင်းများကလည်း ကယားပြည်နယ် လွိုက်ကော်မြို့၊ ဖယ်ခုံနှင့် ဒီမော့ဆိုတို့တွင် လုံခြုံရေးတပ်များက အရပ်သားများကို လူသားဒိုင်းများအဖြစ် အသုံးပြုနေပြီး အရပ်သားနေအိမ်များနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို အမြောက်များဖြင့် ပစ်ခတ်ပြီး လူသားချင်းစာနာထောက်ထားရေးအကူအညီများကိုလည်း ပိတ်ဆို့ထားကာ လူသားချင်းစာနာထောက်ထားရေး လှုပ်ရှားသူများကိုပါ တိုက်ခိုက်ခြင်းများ ရှိနေသည်ဟု အဆိုပါ အစီရင်ခံစာ၌ ဖြည့်စွက်ဖော်ပြသည်။ 

ပြီးခဲ့သည့် သောကြာနေ့ နေ့လယ်ပိုင်းက ဒီမော့ဆိုအနီး လက်နက်မဲ့အရပ်သားများကို စစ်တပ်က ပစ်ခတ်ခဲ့သည်ဟု မျက်မြင်တစ်ဦးက Nikkei Asia သို့ ပြောသည်။ 

ကယားပြည်နယ်တွင် ပဋိပက္ခတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာဘေးလွတ်ရာ တိမ်းရှောင်ရသူပေါင်း တစ်သိန်းကျော်ထက်မနည်းရှိနေပြီဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးက ယခုသီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ပြီးနောက် ဘက်ချက်လက်က မှတ်ချက်ပြုပြောဆိုလာခြင်းလည်း ဖြစ်သည်။ အဆိုပါ နေရပ်စွန့်ခွာရသူအရေအတွက်သည် ကုန်လွန်ခဲ့သည့် သီတင်းပတ်သုံးပတ်အတွင်း ၁၀၈၀၀၀ ကျော်ရှိသည်ဟု မဟာမင်းကြီးက ဖြည့်စွက်ပြောဆိုသည်။ 

သီးခြားအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်သည် မြန်မာနိုင်ငံ အခြေအနေအား တရုတ်ထိပ်တန်းသံအမတ် ပေါလစ်ဗျူရိုအဖွဲ့ဝင် ယောင်ကျိချီနှင့် ဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ်ပရက်စ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly