နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ ဇွန် ၂၀၂၁)

ရန်ကုန်တိုင်းဒေသကြီး

• ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်များအား NUG, CRPH နှင့် PDF တွင် မပါဝင်ကြောင်း ဖိအားပေး လက်မှတ်ထိုးခိုင်းမှုများအား စစ်အုပ်စုဘက်က လုပ်ဆောင်နေပြီး ယင်းမှာ တရားမဝင်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

• စစ်အုပ်စုထောက်တိုင်များ ရှင်းလင်းခြင်း၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တိုက်ခိုက်ခြင်း၊ စစ်အုပ်စုထောက်ပံ့ရေးလမ်းကြောင်းများအား ဖြတ်တောက်ခြင်း၊ စစ်ဘေးသင့်ပြည်သူများအား ကူညီခြင်းနှင့် စစ်အုပ်အား တော်လှန်သည့်အဖွဲ့အ စည်းများနှင့် လက်တွဲချိတ်ဆက်ဆောင်ရွက်ရန် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆ.လ.တ) ကို ဖွဲ့စည်းထားသည်။ 

• ဒဂုံဆိပ်ကမ်းမြို့နယ် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးနေမျိုးအောင်မှာ ယနေ့ နေ့လယ်ပိုင်းက ဗိုလ်တထောင်ဘုရားစျေး တွင် ဦးခေါင်းအား သေနတ်ဖြင့် နှစ်ချက်ပစ်ခံရကာ သေဆုံးသွားခဲ့သည်။ ပစ်ခတ်ခံရမှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင် အများအပြား ဗိုလ်တထောင်ဘုရားအနီး ရောက်ရှိလာကာ လုံခြုံရေးတင်းကြပ်ထားလျက်ရှိသည်။ 

• စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီဝင် ၆၀ ကျော်မှာ သတင်းပေးဟူသည့် စွပ်စွဲချက်ဖြင့် အသတ်ခံနေရ ကြောင်းနှင့် သေဆုံးသွားသူများကို ကူငွေငါးသိန်း ပေးနေရကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုထားသည်။

• စစ်အုပ်စုက အဓိကပါဝင်သည့် Mytel တွင် ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခု ပူးပေါင်းထားသည့် Myanmar National Telecom Holding ကုမ္ပဏီက အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားရာ ယင်း MNTH ကုမ္ပဏီတွင် ကျပ် ၁.၀၈ ဘီလျံတန်ဖိုးရှိ အစုရှယ်ယာတစ်သန်းကျော်ပိုင်ဆိုင်ထားသည့် MAPCO က ၎င်းပိုင်ရှယ်ယာများအား ပြန်လည်ရောင်းချလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ MAPCO ကုမ္ပဏီကို ဧဒင်စီးပွားရေးအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဦးဆောင်နေခြင်းဖြစ်ကာ ၎င်းအား အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူထားဖူးသူ ဖြစ်သည်။ 

• စစ်အုပ်စုက အလိုရှိနေသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက် မိသားစုပိုင် နေအိမ်နှင့် ရေကူးကန်လုပ်ငန်းအား ချိတ်ပိတ်ပစ်လိုက်သည်။

မန္တလေးတိုင်းဒေသကြီး

• စစ်အုပ်စုက အမှုဖွင့် ဖမ်းဆီးရန် ကြိုးစားနေသည့် မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံက ဇွန်အရေးအခင်း ဂုဏ်ထူးဆေင်ဆု ချီးမြှင့်လိုက်သည်။

• မန်း အမရပူရသပိတ်စစ်ကြောင်းတွင် ပါဝင်သူ CDM ပညာရေးဝန်ထမ်း ဦးဆန်းမြင့်အောင်အား ၎င်းနေထိုင်သည့် အမရပူရ မြို့နယ်၊ စျေးချိုရပ်ကွက် နေအိမ်တွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်အုပ်စုလက်နက်ကိုင်များက ကားသုံးစီးဖြင့် လာရောက်ဖမ်းဆီးခဲ့ရာ ညီဖြစ်သူကိုပါ တစ်ပါတည်း ဖမ်ဆီးခဲ့ပြီး ယနေ့နံနက် အစောပိုင်းတွင် ညီဖြစ်သူအား ပြန်လွှတ်ပေးခဲ့ကာ ၎င်းအား ဆက်လက်ထိန်းသိမ်းထားသည်။ 

• မန္တလေးမြို့ ၄၁ လမ်း (၆၄ နှင့် ၆၅ လမ်းကြား) ရှိ ရွှေကသစ်ဟိုတယ်အား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ ညနေ ပိုင်းက ဝင်ရောက်စီးနင်းမှုများအား ည ၇ နာရီခန့်အထိ ပြုလုပ်ခဲ့ကာ ဟိုတယ်ပိုင်ရှင်ကိုလည်း ဖမ်းဆီးသွားသည်ဟု မန္တလေးမြို့ခံတစ်ဦးက အတည်ပြုပြောဆိုသည်။ 

• ပြင်ဦးလွင်တွင် နံနက် ၈ နာရီခန့်က အနီးစခန်းလေဆိပ်သို့ ဆင်းသက်သည့် စစ်တပ်ပိုင်လေယာဉ်တစ်စီးမှာ လေဆိပ်အနီး ပျက်ကျရာ လူ ၁၂ ဦး သေဆုံးကာ ကလေးငယ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါလေယာဉ်တွင် ပြင်ဦးလွင်၊ သုံးတောင်ကျေးရွာ အုပ်စု၊ ကျောက်ဖျာဒိုးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမ စျေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တင်အခမ်းအနား ပြုလုပ်ရန် လိုက်ပါလာသည့် နိုင်ငံတော်သြဝါဒစရိယ ပျဉ်းမနားမြို့ စျေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရအပါအဝင် သံဃာနှင့် အလှူရှင် ရှစ်ဦး၊ လေယာဉ်ဝန်ထမ်းများ ပါရှိသည်။ 

• မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ တံတားဖြူရွာတွင် စစ်တပ်ထောက်ခံကာ ပျူစောထီးအဖွဲ့အား ဦးဆောင်နေသည်ဟု ဒေသခံများက သတ်မှတ်ထားသည့် ဦးခင်ဝင်းဆိုသူအား ဆိုင်ကယ်စီးလာသူနှစ်ဦးက နောက်စေ့အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားသည်။ 

• “ရွှေမန္တလေး မြို့သိမ်းသပိတ်စစ်ကြောင်း" ကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့် ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံး၊ ပျက်သုန်းရေးအတွက် လမ်းများပေါ်တက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ပညာရေးမိသားစု၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ၊ အ.ထ.က (၂၄) ကျောင်းသားသမဂ္ဂ၊ စိန်ပန်း၊ အောင်မြေသာစံကျောင်းသားများသမဂ္ဂ၊ ချမ်းမြသာစည်ကျောင်းသားများသမဂ္ဂ စသည့် သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• မန္တလာတက္ကသိုလ်ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။ 

• မန်းပြည်သူများ စုဖွဲ့ထားသည့် မြတောင်သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းမကြီးပေါ်အထိတက် ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လူအင်အား ၁၀၀ ခန့်ပါဝင်သည့် အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်းကလည်း မြို့တွင်းလှည့်လ့ည်ကာ စစ်အာဏာရှင် စနစ်အပြီးတိုက်ပျက်သုန်းရေးအတွက် ဆန္ဒပြတော်လှန်ခဲ့သည်။ 

• မန်း လေးပြင်ရပ် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ပရိတ်ရွတ် မေတ္တာပို့သမှုများ ပြုလုပ်ခဲ့သည်။ 

• မန္တလေးမြို့တွင် CDM ပြုလုပ်ထားသည့် အထူးကုဆရာဝန်ကြီးအချို့မှာ လုပ်ငန်းခွင် ပြန်ဝင်မှုများ ရှိနေကာ ဆရာဝန်နှင့် သူနာပြုများမှာ CDM ဆက်လက်ပြုလုပ်နေကြဆဲ ဖြစ်သည့်အတွက် ဆေးရုံများတွင် ပြင်ပလူနာကုဌာန ဖွင့်လှစ်ကာ ကုသ မှုများ ပေးနေသော်လည်း အတွင်းလူနာများ လက်ခံကုသပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ 

• မန္တလေးမြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက ဆိုင်ကယ်များဖြင့် ကင်းလှည့်မှုများ ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်ကာ ဆန္ဒပြသပိတ်များမရှိသည့် လူကုံတံရပ်ကွက်များအတွင်းသို့ပါ ဝင်ရောက်ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူ မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ 

• မြင်းခြံမြို့ ဇလပ်ကုန်းရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတစ်ဦးမှာ ယမန်နေ့ ညနေ ၅ နာရီခန့်က မြင်းခြံ-ဇလပ်ကုန်းကြား ဆည်တာဘောင်အနီးတွင် လည်ပင်းဓားဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရသည်။ 

• မြင်းခြံမြို့၊ တူရွင်းဘို့ရွာတွင် နံနက် ၉ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက ကားခြောက်စီးဖြင့် ရောက်ရှိလာကာ အလုပ် လုပ်နေသည့်သူများအား ကျောင်းဖွင့်ရန် အစည်းအဝေးလုပ်ချင်သည်ဟု ဆိုကာ အတင်းအကျပ်ခေါ်ဆောင်မှုများ ပြလုပ်ခဲ့သည်။ 

• ညောင်ဦးမြို့ခံများကလည်း ယနေ့နံနက်ပိုင်းတွင် ပင်မသပိတ်စစ်ကြောင်းထွက်ကာ မြို့ပေါ်စျေးနှင့် လူစည်ကားရာနေရာ များသို့ လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့၊ ရွှေတံခါးစျေးအနီးတွင် ယမန်နေ့ ည ၈ နာရီခန့်က ဒေသခံများက စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ထားသည့် ကိုဝ ဆိုသူမှာ လေသနတ်ဖြင့် ပစ်ခတ်ခံရကာ ပြည် ခုတင် ၅၀၀ ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း သေဆုံးသွားပြီ ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မင်းကင်းမြို့နယ်၊ မြို့မရပ်ကွက်တွင် စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ခံထားရသူ ဦးစောအောင်ဆိုသူ၏ နေအိမ်အား အ မည်မသိအဖွဲ့တစ်ခုက ၎င်းတို့နေအိမ်နှင့် ကား၊ ဆိုင်ကယ်တို့အား မီးရှို့ဖျက်ဆီးခဲ့ကာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။ အဆိုပါ ဦးစောအောင်ဆိုသူမှာ အရက်လိုင်စင်လုပ်ငန်း လုပ်ကိုင်ကာ ၎င်းနေအိမ်အား မင်းကင်း ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့် လာရောက်လေ့ရှိကာ စစ်အုပ်စုအတွက် ရိက္ခာသယ်ပေးခြင်း၊ စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များ ဝင်ထွက် သွားလာလေ့ရှိသည်ဟုလည်း အဆိုပါရွာခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ 
• ကနီမြို့နယ် ယာကြီးလမ်း ၃၅ နှင့် ၃၆ မိုင်ကြားတွင် ဒေသခံ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF/Kaniနှင့် စစ်အုပ်စုအကြား ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်က ၈ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ PDF ဘက် အထိအခိုက် အခြေအနေကိုမူ အသေးစိတ် မသိရသေးပေ။ တိုက်ပွဲများအပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ ယာကြီးရွာမှ ဒေသခံရွာသား သုံးဦး အား စစ်အုပ်စုလက်နက်ကိုင်များက စွပ်စွဲရိုက်နှက်၍ သေနတ်ပစ်ဖောက်မှုများ လုပ်ခဲ့ကာ ရွာအား မီးရှို့မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်။ 

• ကနီမြို့နယ်၊ ဆယ်ရွာချောင်ဒေသတွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ ဒေသခံ သုံးဦး အား ဖမ်းဆီးထားကာ ဒေသခံများလည်း မိုးရွာသွန်းကာ ချောင်းရေကြီးနေသည့်ကြားကပင် ဖြတ်သန်း၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ အဆိုပါ ဆယ်ရွာချောင်ဒေသမှာ ဧပြီလ ၁၆ နှင့် ၁၇ ရက်က ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားစဉ်က စစ်အုပ်စုဘက်က အများအပြား သေဆုံးခဲ့ရသည့်ဒေသလည်း ဖြစ်သည်။ 

• ကလေးမြို့တွင် စစ်အုပ်စုဘက်က ကင်းလှည့်လုံခြုံရေးယူမှုများရှိသည့်ကြားကပင် ကလေးမြို့ခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာအုပ်စုနေ နှမ်းစိုက်တောင်သူများကလည်း လုပ်ငန်းခွင်ဝင်ရင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဘုတလင်မြို့နယ်နေ ပြည်သူများစုပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း လူအင် အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေဦးမြို့နယ် ပင်မသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• တန့်ဆည်မြို့နေ ကျောင်းသားနှင့် ပြည်သူများကလည်း စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။ 

• ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာတွင်လည်း ဒေသခံ ကျောင်းသားလူငယ်နှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး 

• မကွေးမြို့နယ်၊ နွားကူးရွာတွင် ယမန်နေ့ညပိုင်း ၁၁ နာရီကျော်ခန့်က လက်နက်ကိုင်စစ်အုပ်စုအဖွဲ့ဝင်များက မကွေးပညာရေးကောလိပ်နှင့် နွားကူးရွာအနောက်ဘက်ရှိ ဒေသခံပြည်များ၏ နေအိမ်သုံးလုံးအား အတင်းအဓမ္မ ဝင်ရောက်ဖျက် ဆီးဝင်ရောက်ကာ လူငယ်တစ်ဦးအား အသက်သေလောက်သည်အထိ ရိုက်နှက်ခဲ့ကာ အခြားတစ်ဦးကို ဖမ်းဆီးသွားသည်။ 

• မြိုင်မြို့နယ် တောင်ပိုင်းဇုန်ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် ကျေးရွာများသို့ ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ် ညင်းမော်၊ မောင်းမကန်တို့တွင် ကျေးရွာသပိတ်စစ်ကြောင်းများ ကိုယ်စီထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ထားဝယ်မြို့ တပ်ပေါင်းစုနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းမှ ကျောင်းသားလူငယ်များကလည်း စစ်အုပ်စုဘက်က သပိတ်မပြုလုပ်ရန် လုံခြုံရေးတင်းကြပ်နေသည့်ကြား ကပင် မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်ရှိ တီဘီနှင့် HIV ဝေဒနာရှင်များအား ကျန်းမာရေးနှင့် ဆေးဝါးဝန်ဆောင်မှုပေးနေသည့် နယ်စည်းမခြားဆရာဝန်များ အဖွဲ့ - MSF လုပ်ငန်းများ ရပ်ဆိုင်းထားရန် စစ်အုပ်စုက ဖိအားပေးလျက်ရှိပြီး လက်ရှိတွင် ဝေဒနာရှင် ၂၁၆၂ ကို ဝန်ဆောင် မှုပေးနေရသည်ဖြစ်ရာ ၎င်းတို့အတွက် အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း MSF က ထုတ်ပြန်ထားသည်။ 

• ကော့သောင်းတွင် သင်္ကြန်ကာလအတွင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လှုံ့ဆော်စာရွက်များ ကပ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူ သွေးကင်ဆာဝေဒနာရှင် ဆယ်တန်းကျောင်းသူ မသင်းနန္ဒာလင်းအပါအဝင် ရှစ်ဦးအား စစ်အုပ်စုက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်သည်။

• သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းထွက်ကာ ရွာတွင်းလှည့်လည်၍ စစ်အာ ဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• မြောင်းမြတွင် ကျောင်းအပ်နှံခြင်း မရှိသည့် ကလေးငယ်များနှင့် ကျောင်းအပ်သော်လည်း ကျောင်းမတက်သည့် ကလေးငယ်များစာရင်းအား စစ်အုပ်စုခန့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လိုက်လံစာရင်းကောက်ယူလျက်ရှိသည်။ 

• ကန်ကြီးထောင့်မြို့နယ်တွင် စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှု ဘေးအန္တရာယ်မှ ပြည်သူများအား ကာကွယ်ရန်အ တွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကန်ကြီးထောင့်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• မအူပင်တွင် ဖမ်းဆီးခံခဲ့ရသည့် ဧရာဝတီတိုင်းမ်သတင်းထောက် ကိုအောင်မြသန်းအား ထောင်တွင်းတရားရုံးတွင်သာ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း မအူပင်မြို့နယ် တရားရုံးက အမိန့်ချမှတ်ထားသည်။ 

• ဘိုကလေးမြို့နယ်တွင် CDM ပြုလုပ်သည့် ဝန်ထမ်းများနေရာတွင် ဖြည့်ဆည်းခန့်ထားရန်အတွက် ရာထူးတိုး၊ နေရာပြောင်း များ ပြုလုပ်နိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ကြေညာထားသည်။ 

ကချင်ပြည်နယ် 

• ရှမ်းပြည်နယ်၊ မွန်ဂူဖောင်စိုင်တွင် ကချင်အမျိုးသားအဖွဲ့ - KNO က သီးခြားတပ်မဟာ (၁၀၈) ဖွဲ့စည်းခြင်းအား ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထံ အကြောင်းကြားထားရာ သီးခြားဖွဲ့စည်းရန် မလိုကြောင်းနှင့် အသိအမှတ်ပြုမည်မဟုတ်ကြောင်း (KIO/KIA) က အကြောင်းပြန်ထားသည်။ KNO မှာ NUG အစိုးရက ကချင်ပြည်နယ် ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေးအတွက် KPICT နှင့် သဘောတူလက်မှတ်ထိုးခြင်းအား ကန့်ကွက်ထားသည့် အဖွဲ့ ဖြစ်သည်။

• အင်းတော်ကြီးမြို့ အထက်တန်းကျောင်းတွင် အများသူငါ သွားလာခွင့် ကန့်သတ်ထားသည့် ည ၁၀ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ 

• ရွှေကူမြို့နယ် ရဲစခန်းနှင့် သင်္ဘောဆိပ်ရှိ စစ်အုပ်စုလက်နက်ကိုင်များအား ယမန်နေ့ည ၁၀ နာရီခန့်က တိုက်ခိုက်ခံခဲ့ရကာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့အစည်းနှင့် ဖြစ်သည်ကိုမူ မသိရသေးပေ။ ရွှေကူရဲစခန်း တိုက်ခိုက်ခံရမှုတွင် အနီးအနားရှိ လူနေအိမ်များပေါ်ထိ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကာ ဇွန်လ ၄ ရက်ကလည်း KIA နှင့် PDF တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် ဇွန်လ ၉ ရက်တိုက်ခိုက်မှုတွင် ရွှေကူ SPDF နှင့် KIA တို့ တိုက်ခိုက်ခြင်း မဟုတ်ကြောင်း SPDF က ထုတ်ပြန်ထားသည်။ 

• ရွှေကူမြို့နယ်၊ ဧရာဝတီဒုတိယမြစ်ကျဉ်းအနီး "ဝဲမ" သစ်ထုတ်လုပ်ရေးစခန်းတွင် NLD လက်ထက်က ရပ်ဆိုင်းထားသည့် သစ်မာတန် ၅၀၀၀ ထုတ်လုပ်ရောင်းချရေး စီမံကိန်းအား စစ်အုပ်စုဘက် ပြန်လည်အကောင်အထည်ဖော်ရန်အတွက် လုပ် ဆောင်လျက်ရှိသည်။ 

• ဖားကန့် တာမခန်မြို့သစ်၊ ဟောင်ပါးနှင့် ဟွေ့ဆိုင်းကျေးရွာနေ ပြည်သူများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုနေ ပြည်သူများကလည်း သပိတ်စစ် ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• “ငါတို့ရဲ့ မနက်ဖြန်မှာ အာဏာရှင် မရှိစရေ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မိုးကောင်းနေပြည်သူ များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ်ရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီခွဲမှ ၁၀ နာရီခန့်အထိ လွိုင်ကော်-လောပိတလမ်းမကြီးဘေးရှိ စစ်အုပ်စုလက်အောက်ခံ ၅၇ တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရပ်ကွက်တွင်း ပြည်သူ့နေအိမ်တစ်လုံးထိမှန်ခဲ့ရာ နေအိမ်တွင်းရှိ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ 

• ဒီးမော့ဆိုမြို့နယ်အား စစ်အုပ်စုလက်နက်ကိုင်တပ်များဘက်က အရပ်လေးမျက်နှာမှ စစ်မျက်နှာဖွင့်ကာ ထိုးစစ်ဆင်လာနိုင် သည့်အတွက် ပြည်သူများနှင့်အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF များအနေဖြင့် သတိရှိကြရန် KNDF က သတိပေးထားသည်။ စစ်အုပ်စု မြို့နယ်အရှေ့ဘက် စံပြ ၆ မိုင်မှ ဒီးမော့ဆိုကျေးရွာအုပ်စုအထိ တပ်စွဲထားခြင်း၊ မြောက်ဘက်တွင် နန်းမယ်ခုံမြို့၊ အိုကေကျေးရွာမှ စစ်ကြောင်းတက်လာခြင်း၊ အနောက်ဘက်တွင် ဆီဘူးမှ လိုဘာခိုကျေးရွာအုပ်စု အထိ တိုးလာခြင်း၊ တောင်ဘက်တွင် ထွီလီးဘီလာနှင့် ဆိုဒဲခူကျေးရွာများတွင် တပ်စွဲထားခြင်း ဖြစ်သည်။ 

ကရင်ပြည်နယ် 

• ဘားအံတွင် လိုင်စင်မဲ့မော်တော်ယာဉ် သုံးစွဲသူများအား စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု စစ်အုပ်စုဘက်က ကြေညာ ထားသည်။ 

ချင်းပြည်နယ်

• ထန်တလန်မြို့၊ ဆိုပွမ်းရွာနှင့် အနီးတဝိုက်တွင် ဒေသခံ Chinland Defense Force တပ်ဖွဲ့များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား နံနက် ၉ နာရီခန့်မှစ၍ တိုက်ပွဲများဖြစ်ပွားနေကာ စစ်အုပ်စုဘက်က အင်အား ၁၀၀ ခန့်ဖြင့် လာရောက်တပ်စွဲ နေခြင်း ဖြစ်သည်။ ဆိုပွမ်းရွာမှာ ချင်းအမျိုးသားတပ်ဦး - CNF ၏ ဗစ်တိုးရီးယားစခန်းရှိရာ နေရာနှင့် မိုင် ၂၀ ခန့်သာ ကွာ ဝေးသည်။ 

• တွန်းဇံမြို့နယ်တွင် CDM ပြုလုပ်မှုကြောင့် ရာထူးမှ ထုတ်ပယ်ခံထားသည့် ပညာရေးဝန်ထမ်းများထံမှ ကိုဗစ် အတိုးမဲ့နှစ်လ စာချေးငွေများ ပြန်လည်ပေးသွင်းခြင်းမရှိပါက တရားစွဲဆိုသွားရန် တွန်းဇံမြို့နယ်ပညာရေးမှူးက ဖိအားပေးလျက်ရှိသည်။ 

• ဟားခါးမြို့ ပြည်နယ်အကူရဲတပ်ဖွဲ့မှူးရုံးမှ ကိုယ်ပိုင်အမှတ် ၂၅၄၆၃၃ ကံဝင်းမှာ အလုပ်မှ ထွက်ခြင်းမဟုတ်ကာ ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမရှိဘဲ CDM ပြုလုပ်တော့မည် ဖြစ်သည်။ 

• ဟားခါးမြို့တွင် ဇွန်လ ၅ ရက် ဗုံးပေါက်ကွဲမှုအပြီး ဒေသခံများအား ဖမ်းဆီးစစ်ဆေးပြီးနောက် အချို့အား ပြန်လွှတ်ပေးခဲ့ပြီး နောက် ကျန်နေသေးသည့် လေးဦးကိုလည်း ထပ်မံလွှတ်ပေးလိုက်ပြီ ဖြစ်သည်။ ပေါက်ကွဲမှုအပြီး အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၃၆ ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နေ လူငယ်များကလည်း နေ့စဉ်မပျက် ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။ 

ရှမ်းပြည်နယ်

• တာချီလိတ်မြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ယမန်နေ့ည ၇ နာရီခွဲကျော်ခန့်က ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုမှာ မိမိတို့၏ လက်ချက်မဟုတ်ကြောင်း တာချီလိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

• မူဆယ်မြို့ မြောက်ရပ်ကွက် Local Cafe & Bar ဆိုင်ပိုင်ရှင် စိုင်းအောင်ကျော်လေးကို ဇွန်လ ၈ ရက်က စစ်အုပ်စုလက်နက် ကိုင်များက ဖမ်းဆီးသွားပြီးနောက် ၎င်းအား လက်ပစ်ဗုံးသုံးနှင့် ကျည်ဆံတစ်တောင့်နှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု စစ်အုပ်စု အာဘော် မြဝတီရုပ်သံကြေညာလိုက်ကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။ 

• လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် ရဲဘော်များ၊ Gen – Z လူငယ်များ စုပေါင်းကာ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ မြို့သိမ်းတိုက် ပွဲများ ဖော်ဆောင်နိုင်ရေးအတွက် "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကာလိ" ကို ဖွဲ့စည်းလိုက်သည်။ 

• လားရှိုးတက္ကသိုလ်အနီးတွင် နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 

• ရှမ်းမြောက် ကွတ်ခိုင်-သိန္နီလမ်းမပေါ် သိန္နီမြို့အဝင်တွင် စစ်အုပ်စုလက်အောက်ခံ တပ်မ ၉၉ က ကးလမ်းများပိတ်ထား ကာ နံနက် ၉ နာရီကျော်မှ ၁၀ နာရီခွဲခန့်အထိ ပစ်ခတ်မှုများ ပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ ခြောက်လှန့်ပစ် ခတ်ခြင်းမျိုး ဖြစ်ကြောင်း သိရသည်။ ကွတ်ခိုင်တွင် စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား မကြာခဏဆိုသလို ပစ်ခတ်မှုများလည်း ရှိသည်။ 

ရခိုင်ပြည်နယ်

• ရက္ခိုင့်တပ်မတော် - AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ၊ ညီမအပါအဝင် ၁၁ ဦးအား စစ်အုပ်စုက တရားသေ လွတ်လိုက်ပြီးနောက် ရန်ကုန်မှ စစ်တွေမြို့သို့ ရောက်ရှိသွားပြီဖြစ်ကာ ယခုကဲ့သို့ လွတ်ပေးခြင်းမှာ အကောင်းဆုံးအဖြေ တစ်ခုမဟုတ်သေးကြောင်း ညီဖြစ်သူ အောင်မြတ်ကျော်က ပြောဆိုထားသည်။ 

နေပြည်တော်

• နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုဘက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ယမန်နေ့က ထပ်မံတရားစွဲဆိုလိုက်ကာ နေပြည်တော်မြို့တော်ဝန် ဦးမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်ဥက္ကဋ္ဌ ဦးမင်းသူတို့ကိုလည်း အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုထားသည်။ 

• စစ်ကောင်စီ ပြည်ထဲရေးအဖွဲ့ ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၏ သားဖြစ်သူ စည်သူထွဋ်နှင့် အပေါင်းအပါများက ဇွန်လ ၉ ရက် ညပိုင်းက နေပြည်တော်၊ သပြေကုန်းရပ်ကွက်၊ ဧရာဝတီလမ်းမကြီးပေါ်ရှိ Excellent Bar & Restaurant ဆိုင်တွင် လာရောက်စားသောက်သည့် အခြားစားသုံးသူများ၊ ဆိုင်ဝန်ထမ်းများဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုရဲတပ်ဖွဲ့ဝင်များ ကားအစီး ၂၀ ခန့်ဖြင့် ရောက်လာကာ ဆိုင်ပိုင်ရှင်အပါအဝင် ဝန်ထမ်းများအားလုံးနှင့် အခြားစားသုံးသူ သုံးဦးအား ဖမ်းဆီး ကာ အမျိုးသမီးဆိုင်ဝန်ထမ်း ၁၇ ဦးအား ခံဝန်ကတိဖြင့် လွှတ်ပေးကာ အမျိုးသမီးတစ်ဦးအပါအဝင် ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၁၆ ဦးကို ပုဒ်မ ငါးခုတပ်ကာ တရားစွဲဆိုထားကာ နေပြည်တော်အချုပ်ထောင်၌ ထိန်းသိမ်းထားသည်။ ဖမ်းဆီးခံထားရသူ များအနက် ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ၁၂ ဦးကို ယနေ့ နေ့လယ်ပိုင်းတွင် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးကာ စားဖိုခန်းဝန်ထမ်း နှစ်ဦး၊ ဧည့်ကြိုတစ်ဦးနှင့် အစောင့်တစ်ဦးအား ဆက်လက်ဖမ်းဆီးထားကာ နေပြည်တော်အချုပ်ထောင်မှ အမှတ် (၁) ရဲစခန်းသို့ ရွှေ့ပြောင်းထိ်နးသိမ်းထားသည်။ ထို့ပြင် စားသောက်ဆိုင်ကိုလည်း ဇွန်လ ၉ ရက်မှစကာ ပိတ်သိမ်းလိုက်ကြောင်း စစ်အုပ်စုက ဖိအားပေးထားကာ မည်သည့်နေ့ရက်တွင် ပြန်ဖွင့်ရမည်ကိုမူ မညွှန်ကြားထားပေ။ 

• တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျန်းမာရေးဌာနများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် INGO, NGO အထောက်အပံ့ဖြင့် ခန့်အပ်ထားသည့် ပြင်ပဝန်ထမ်းများမှာ လုပ်ငန်းခွင်နှင့် ကင်းကွာနေပြီး လုပ်ငန်းခွင်ဝင်ရောက်မှုနှင့် ပတ်သက်၍ ဌာနအလိုက် အစီရင်ခံတင်ပြရန် စစ်အုပ်စုဘက် ဖိအားပေးခိုင်းစေထားသည်။ ပြင်ပမှ ခန့်ထားသည့် ဝန်ထမ်းများတွင်လည်း CDM ပြုလုပ်နေသူများလည်း ရှိသည်။ 

• စစ်အုပ်စုက ဥပဒေနှင့်မညီဘဲ အာဏာသိမ်းထားခြင်းဖြစ်သည့်အတွက် ၎င်းတို့နှင့်ချုပ်ဆိုသည့် နို်ငငံတကာရင်းနှီးမြှုပ်နှံမှု များအပေါ် လုံးဝတာဝန်ယူသွားမည် မဟုတ်ကြောင်း NUG အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

ဇွန် ၁၀ သုံးသပ်ချက် 

• ရန်ကုန်တွင် လမ်းပေါ်တက် ဆန္ဒပြမှုများ ငြိမ်သက်နေသော်လည်း တန်ပြန်ပစ်ခတ်မှုများ ရှိနေကာ စစ်အုပ်စုဘက်ကလည်း မြို့အနှံ့ လှည့်ကင်းများထားကာ လုံခြုံရေးတင်းကြပ်လျက်ရှိသည်။ စစ်အုပ်စုဘက်က ဆန္ဒပြခေါင်းဆောင်များအား မဖမ်းဆီးနိုင်သည့်အတွက် မိသားစုဝင်များအား ဓားစာခံဖမ်းဆီးမှုများအပြင် စီးပွားရေးလုပ်ငန်းများကိုပါ ပိတ်သိမ်းမှုများ ပြုလုပ်လာနေသည်။ 

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်ကြီးများ အားကောင်းနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က သတင်းပေးဒလန်များ ထံမှ အချက်အလက်ရယူကာ လိုက်လံဖမ်းဆီးမှုများအား ဆက်လက်ပြုလုပ်နေဆဲဖြစ်ကာ မြို့ပေါ်တွင်လည်း ဆိုင်ကယ်စီး လက်နက်ကိုင်တပ်ဖွဲ့များအား လှည့်ကင်းပုံစံဖြင့် လုံခြုံရေးချထားလျက်ရှိသည်။ ရဲတပ်သားနှစ်ဦး သေနတ်ပစ်ခံခဲ့ရသည့် ရန်ကင်းတောင်ခြေ အနီးတဝိုက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းများတွင် လုံခြုံရေးအစီအမံများ ပိုမိုတိုးမြှင့်ထားသည်။ 

• ကယားပြည်နယ်တွင် စစ်အုပ်စုဘက်က လက်နက်ကိုင်တော်လှန်မှုများအား တန်ပြန်ရန်အတွက် အင်အားတိုးမြှင့်ချထားကာ ရက်ပိုင်းအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာဖွယ် ရှိသည်။ 

• ကျန်တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် လူထုဆန္ဒဖော်ထုတ်မှုအား အားကောင်းကောင်းဖြင့် ဆက်လက်ရှိနေဆဲဖြစ် သည်။ စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မြို့နှင့် ကျေးရွာများ၌ အင်အားသုံးဝင်ရောက်စီးနင်းမှုများ ရှိ နေဆဲဖြစ်ကာ ပြည်သူများဘက်ကလည်း ရရာလက်နက်စွဲကိုင်တော်လှန်မှုများ ရှိနေသေးသည်။ 

• စစ်အုပ်စုဘက်က အုပ်ချုပ်ရေးတည်ဆောက်နိုင်ရန်နှင့် ငွေရှာရေး လုပ်ငန်းများတွင် အာရုံစိုက်နေကာ နိုင်ငံတကာဖိအား နည်းနေလျက်ရှိသည်။ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့တွင် CDM လုပ်နေသူများ နေ့စဉ်ဆိုသလို ရှိနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required