စစ်တပ်အာဏာသိမ်းမှုကို တရုတ်၏ ထောက်ခံမှုအပေါ် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများက အပြင်းအထန် ပြစ်တင်ရှုတ်ချ

စစ်တပ်အာဏာသိမ်းမှုကို တရုတ်၏ ထောက်ခံမှုအပေါ် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများက အပြင်းအထန် ပြစ်တင်ရှုတ်ချ
Photo - AFP

ဇွန် ၁၀

အာဏာသိမ်းခေါင်း‌ဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ နိုင်ငံတော် စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) တို့ကို မြန်မာနိုင်ငံ၏ “ခေါင်း‌ဆောင်များ” အဖြစ် အသိအမှတ်ပြုရန် ၂၀၂၁ ဇွန်လ ၅ ရက်နောက်ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များအပေါ် အရပ်ဘက်လူ့အဖွဲ့အစည်း ၄၂၆ ခုက အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ခဲ့ကြသည်။

တရုတ်သည် မင်းအောင်လှိုင်ကို မြန်မာခေါင်းဆောင် အဖြစ် ရည်ညွှန်းသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အထူးအစည်းအဝေးအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် တက်ရောက်ရန် ချုံချင်းမြို့သို့ SAC ၏ နိုင်ငံခြားရေး၀န်ကြီးကို ဖိတ်ကြားခြင်း၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းမှု တစ်စိတ်တစ်ဒေသအဖြစ် SAC ကို စီးပွားရေး အကူအညီ ပေးမည်ဟု ကတိပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အလွန်အကျွံ ၀င်ရောက်စွက်ဖက်ခဲ့သလို မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ဒေသ တည်ငြိမ်ရေးအပေါ် ကြီးလေးသည့် ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်ပေါ်ထားစေခဲ့ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများက သဘောထားထုတ်ပြန်ခဲ့သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သည် ဇွန်လ ၇ ရက် ရက်စွဲဖြင့် တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီထံ ပေးပို့ခဲ့သော စာထဲတွင် မင်းအောင်လှိုင်သည် ၂၀၂၁ ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနှင့်အတူ အာဏာကို ရယူရန် ကြိုးပမ်းထားခဲ့သည်ဟု ဖော်ပြထားခဲ့သည်။

မင်းအောင်လှိုင်သည် နိုင်ငံ၏ တရား၀င် ခေါင်းဆောင် မဟုတ်သလို နိုင်ငံကို ထိန်းချုပ်နိုင်ရန် အကြမ်းဖက်နည်း အသုံးပြုခဲ့သည့် မအောင်မြင်ခဲ့သော ၎င်း၏ ကြိုးပမ်းမှုများကြောင့်လည်း မြန်မာနိုင်ငံသား ထောင်ချီ သေဆုံးမှုနှင့် လူပေါင်း တစ်သိန်းကျော် အိုးအိမ်စွန့်ခွာရမှုတို့ကို ဖြစ်ပေါ်ထားစေခဲ့ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရုတ်က ယင်း၏ အားထုတ်မှုများသည် ဒေသတည်ငြိမ်စေရန်နှင့် အကြမ်းဖက်မှု ကာကွယ်ရန် ရည်ရွယ်ကြောင်း ပြောထားသော်လည်း တကယ့် လက်တွေ့အခြေအနေမှန်မှာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးသည့် မည်သည့်လုပ်ရပ်မဆိုသည် မြန်မာပြည်သူများအပေါ် ယင်း၏ စစ်ဆင်နွှဲမှုကို ဆက်လက်ဖြစ်ပေါ်စေရန် အခွင့်အရေး ပေးရုံသာ ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်တပ်ကို ထောက်ခံမှုက နိုင်ငံတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပိုမို တင်းမာမှုကိုသာ ထပ်မံ မြင့်တက်စေမည်ဖြစ်သလို မြန်မာ၏ ပြည်တွင်းစစ်ကို သိသိသာသာ အရှိန်မြင့်တက်စေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်စေရုံသာမက ဤကဲ့သို့ လုပ်ဆောင်ချက်များသည် တောင်အာရှနှင့် အရှေ့တောင်အာရှကို ဖုံးလွှမ်းထားပြီးဖြစ်သည့် လူသားချင်းစာနာမှု အကျပ်အတည်းနှင့် လက်ရှိ ရှိရင်းစွဲ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုဆိုင်ရာ လှုပ်ရှားမှုများ တစ်ဟုန်ထိုး တိုးပွားခြင်းတို့ကို ပိုမိုဆိုး၀ါးစေမည်ဖြစ်သည်ဟု အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မာပြည်သူများ၏ သဘောဆန္ဒကို လေးစားလိုက်နာရန် နှင့် ရွေးကောက်ခံ အစိုးရကို ပြန်လည်အာဏာအပ်နှင်းရန်ပင် ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အမှန်တကယ် လုပ်‌ဆောင်သင့်သည်မှာ မင်းအောင်လှိုင်ဘက်က အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်တန့်စေရေး၊ နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်စေရေး၊ နိုင်ငံ၏ အနာဂတ်အတွက် ခိုင်မြဲသော ဖြေရှင်းချက်တစ်ခုဆီ ဦးတည်မည့် နိုင်ငံရေး ဆွေးနွေးမှုများတွင် ပါ၀င်စေခြင်း တို့အတွက် လုပ်ဆောင်သင့်ကြောင်း   အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required