ပျူစောထီးအဖွဲ့ကို ပံ့ပိုးထောက်ပံ့နေတယ်ဆိုသူတစ်ဦး သေနတ်နဲ့ပစ်ခံရ

ပျူစောထီးအဖွဲ့ကို ပံ့ပိုးထောက်ပံ့နေတယ်ဆိုသူတစ်ဦး သေနတ်နဲ့ပစ်ခံရ

ဇွန် ၁၀

မတ္တရာမြို့နယ်မှာ စစ်တပ်ကိုထောက်ခံအားပေးပြီး ပျူစောထီးအဖွဲ့ကို ဦးဆောင်နေတယ်ဆိုတဲ့  ဦးခင်ဝင်းဟာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ 

မန္တလေး- မိုးကုတ်ကားလမ်းမကြီးဘေး တံတားဖြူကျေးရွာမှာ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးက လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

“လူငယ်နှစ်ယောက်က ဆိုင်ကယ် ဆီဝင်လာထဲ့တာလိုလိုနဲ့ ဆီလာဖြည့်ပေးတဲ့သူ့ကို နောက်ကနေ ပစ္စတိုနဲ့ ပစ်လိုက်တာ တစ်ချက်တည်းပဲ၊ ပစ်ပြီးတော့လူငယ်နှစ်ယောက်က ဆိုင်ကယ်မောင်းပြေးသွားတယ်” လို့ ဆိုပါတယ်။ 

အသက် ၅၀ အရွယ် ဦးခင်ဝင်းဟာ နောက်စေ့ကို သေနတ်မှန်ဒဏ်ရာနဲ့ နေရာမှာပဲ ပွဲချင်းပြီး သေးဆုံးခဲ့တယ်လို့သိရပါတယ်။ 

သူဟာ မတ္တရာမြို့မှာ ချမ်းသာတဲ့ အသိုင်းအဝန်းကဖြစ်ပြီး စစ်တပ်ထောက်ခံသူတစ်ဦးလို့သိရပါတယ်။ ဦးခင်ဝင်းဟာ မတ္တရာမြို့မှာဖွဲ့စည်းထားတဲ့ ပျူစောထီးဆိုတဲ့ အဖွဲ့နဲ့ ပတ်သတ်ကြောင်းကို ဒေသခံတစ်ဦးက ပြောပြပါတယ်။ 
ပစ်ခတ်မှုဖြစ်ပွားပြီးချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အဲ့ဒီနေရာကို ရောက်လာကြပြီး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly