အန္တရာယ်ရှိသော လုပ်ဆောင်ချက်တွေအတွက် ရုရှကို အမေရိကန်သမ္မတ သတိပေး 

အန္တရာယ်ရှိသော လုပ်ဆောင်ချက်တွေအတွက် ရုရှကို အမေရိကန်သမ္မတ သတိပေး 
Photo - AFP

ဇွန် ၁၀

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ရဲ့ ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က ဗြိတိန်နိုင်ငံဆီ ရောက်ရှိလို့ လာခဲ့ရာမှာ ရုရှနိုင်ငံကို ‘အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေ’နဲ့ မကင်းရင် ဧကန်မုချ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုပြီး သတိပေး ပြောဆိုပါတယ်။ 

ဗြိတိန်ကို ရောက်ရှိပြီး ဆက်ဖော့ခ်စီရင်စုက RAF Mildenhall လေတပ်စခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို သမ္မတ ဂျိုးဘိုင်ဒင်က မိန့်ခွန်းပြောရာမှာ သမ္မတ ပူတင်ကို ရှင်းလင်းပြတ်သားစွာ သတင်းစကားပါးမှာ ဖြစ်ကြောင်း ပြောပါတယ်။ 

“ကျွန်တော်တို့ ရုရှနဲ့ ထိပ်တိုက်တွေ့အောင် ကြိုးစားနေတာ မဟုတ်ဘူး၊ တည်ငြိမ်ပြီး တွက်ချက်လို့ရတဲ့ ဆက်ဆံရေးကို လိုချင်တာ၊ ဒါပေမဲ့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောမယ်၊ ရုရှအစိုးရဟာ အန္တရာယ် မကင်းတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့ရင် အမေရိကန်ဟာ ခိုင်မာပြတ်သားစွာနဲ့ အဓိပ္ပာယ်ရှိရှိ တုံ့ပြန်သွားမယ်ဆိုတာပါပဲ”လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။  

လက်နက်ထိန်းချုပ်ရေး၊ ရာသီဥတုပြောင်းလဲမှုအရေး၊ ယူကရိန်းမှာ ရုရှစစ်တပ် ပါဝင်စွက်ဖက်မှု၊ ရုရှရဲ့ ဆိုင်ဘာဟက်ကာ ဖောက်ထွင်းမှု လုပ်ဆောင်ချက်တွေနဲ့ ရုရှသဘောထားကွဲလွဲသူ အလက်ဇီနက်ဗယ်နီကို ထောင်ချထားတာ စတဲ့ ဖိစီးမှုရှိတဲ့ အရေးကိစ္စအစုံကို ရုရှသမ္မတနဲ့ ပြောဆိုသွားဖို့ ဂျိုးဘိုင်ဒင်က ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်ကလည်း ကြေညာထားပါတယ်။ 

အမေရိကန်နဲ့ ရုရှကြားက ဆက်ဆံရေးဟာ အရေးကိစ္စ အသီးသီးမှာ နိမ့်ပါးတဲ့အဆင့် ရောက်ရှိနေတာပါ။ ဧပြီလအတွင်းက ပူတင်ဟာ အနောက်အင်အားကြီးနိုင်ငံတွေက ရုရှကို ရမယ်ရှာနေတယ်လို့ စွပ်စွဲပြီး ‘မျဉ်းနီ’ကို စည်းမကျော်ဖို့ သတိပေးခဲ့ပါတယ်။ 

ဂျိုးဘိုင်ဒင်က သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်မှာ အဓိက ရှင်းရှင်းလင်းလင်း သိစေလိုတာက “အမေရိကန် ပြန်လာပြီ၊ ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေနဲ့ ကျွန်တော်တို့ အနာဂတ်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ကိုင်တွယ်ဖြေရှင်းဖို့ အတူတကွ ရပ်တည်နေကြတဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေဆီ အမေရိကန် ပြန်ရောက်လာပြီ” ဆိုတာပဲ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ 

ဂျိုးဘိုင်ဒင်ဟာ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်နဲ့ တွေ့ဆုမှာ ဖြစ်ပြီး ၁၉၄၁ ခုနှစ်က ဝင်စတန်ချာချီနဲ့ ရူစဗဲ့တို့ သဘောတူချုပ်ဆိုထားတဲ့ ‘အတ္တလန္တိတ်ပဋညာဉ်သစ်’ ကို ခေတ်နဲ့အညီ မွမ်းမံဖို့ ဆွေးနွေးသဘောတူကြမှာ ဖြစ်ပါတယ်။ 

ရှစ်ရက်တာ ဥရောပခရီးစဉ်မှာ ဂျိုးဘိုင်ဒင်ဟာ ဗြိတိန်ဘုရင်မကြီးကို ဝင်ဆာရဲတိုက်မှာ တွေ့ဆုံမှာ ဖြစ်သလို ဂျီ-၇ ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပြီး သမ္မတအဖြစ် ပထမဆုံးနေတိုးထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အဆုံးမှာ ဂျီနီဗာမှာ သမ္မတ ပူတင်နဲ့ တွေ့ဆုံကြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly