ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွဲချက်များဖြင့် အကြမ်းဖက်စစ်ကောင်စီက စွဲဆို

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု စွဲချက်များဖြင့် အကြမ်းဖက်စစ်ကောင်စီက စွဲဆို
Photo - AFP

ဇွန် ၁၀

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု စွဲချက်များဖြင့် စွဲဆိုထားကြောင်း စစ်ကောင်စီထိန်းချုပ်သည့် ဇွန်လ ၁၀ ရက်ထုတ် သတင်းစာများ၏ ဖော်ပြချက်များအရ သိရသည်။

အသက် ၇၅ နှစ်ရှိ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရပြီး သူမသည် နိုင်ငံ‌တော်အကြည်ညိုပျက်စေမှု၊ ကိုလိုနီခေတ် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု အပါအ၀င် စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

ယခု နောက်ထပ် အမှုဖွင့်လိုက်သည့် စွဲချက်များမှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း၀န်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ တံစိုးလက်ဆောင်အဖြစ် ငွေသား အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီ ရွှေ ၁၁ ကီလိုဂရမ်ခန့် တရားမ၀င် လက်ခံရယူခဲ့သည်ဆိုသော ပြောကြားချက်များနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရာထူးကို အသုံးပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ထားခဲ့သည် ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အထောက်အထား တွေ့ရှိထားကြောင်း စစ်အုပ်စု ထိန်းချုပ်သည့် Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

“ဒါကြောင့် သူ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အောက်မှာ အမှုဖွင့်ထားခဲ့တာ ဖြစ်တယ်” ဟု ဆိုသည်။

သူမသည် သူမ၏ ပရဟိတဖောင်ဒေးရှင်းအတွက် မြေကွက်ဧရိယာနှစ်ခု ငှားရမ်းခဲ့ချိန် သြဇာအာဏာကို အလွဲသုံးစားလုပ်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

သီတင်းပတ်များနှင့်ချီ ဥပဒေဆိုင်ရာ ရှည်လျားကြန့်ကြာမှုများ ရှိခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုသည့် စွဲချက်များအနက် နှစ်ခုအတွက် တရားရုံးကြားနာစစ်ဆေးမှုများကို လာမည့်အပတ်တွင် စတင်စစ်ဆေးသွားမည်ဖြစ်ပြီး တရားရုံး အသိသက်သေ ထွက်ဆိုချက်များကို ကြားနာသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required