တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်း

တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်း

ဇွန်လ၊ ၉ ရက်၊ ရန်ကုန်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေးအတွက် တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့က ဝမ် သိန်း ၁၀၀ ကို ဇွန်လ ၈ ရက် မနက် ၁၁ နာရီခန့်က  ဆိုလ်းမြို့တော်ခန်းမမှာ လှူဒါန်းပေးအပ်ခဲ့ပါတယ်။ 

အခုလို မြန်မာ့ဒီမိုကရေစီအရေးအတွက် လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဒိုးဘုန်ခရိုင်မှူးလည်းဖြစ်ပြီး လူ့အခွင့်အရေးမြို့တော်များအဖွဲ့ ဥက္ကဌလည်းဖြစ်တဲ့ မစ္စတာ အီဒုန်ဂျင်က “လွန်ခဲ့တဲ့ ၄၁ နှစ်က ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ ရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုများဟာ ယနေ့ မြန်မာပြည်သူများ တွေ့ကြုံနေရတဲ့ နာကျင်မှုများနဲ့ ဆက်စပ်လျက်ရှိနေကြောင်း၊ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ရဲဝံ့စွာ တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူအပေါင်းကို ထောက်ခံအားပေးကြောင်း” ပြောကြားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝမ် သိန်း ၁၀၀ လှူဒါန်းပွဲကို တောင်ကိုးရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့မှ မြို့တော်ဝန်များနဲ့ ခရိုင်မှူးများအပြင် မြန်မာ့ဒီမိုကရေစီကွန်ယက်ပူးတွဲဥက္ကဌဖြစ်တဲ့ မစ္စတာ ဂျောင်ဘောင်မ်လဲ့နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီ(နိုင်ငံတကာ) ကိုရီးယားဌာနရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးရန်နိုင်ထွန်းနဲ့ ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ရဲ့ ပူးတွဲဥက္ကဌ ဦးစိုးမိုးသူတို့လည်း တက်ရောက်ခဲ့ကြပြီး အလှူငွေကို လက်ခံခဲ့ကြပါတယ်။

အခမ်းအနားကို တက်ရောက်လာကြတဲ့ တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့မှ မြို့တော်ဝန်များနှင့် ခရိုင်မှူးများကလည်း မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံကြောင်း မိန့်ခွန်းများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စည်းရုံးရေးကော်မတီ(နိုင်ငံတကာ) ကိုရီးယားဌာနရဲ့  ဥက္ကဌ ဖြစ်တဲ့ ဦးရန်နိုင်ထွန်း ကတော့ အခမ်းအနားမှာ “မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့တဲ့အပြင် တောင်ကိုးရီးယားနိုင်ငံအနေနဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးဝါးခါးသီးမှုကို ကြုံတွေ့ခဲ့ရပြီး အဲဒီစနစ်ကို အမြစ်ဖြုတ် တိုက်ထုတ်နိုင်ခဲ့တဲ့ သမိုင်းအတွေ့အကြုံရှိတဲ့ နိုင်ငံဖြစ်တာကြောင့် ယနေ့ မြန်မာပြည်သူများရဲ့ စစ်အာဏာရှင်စနစ်တိုက်ပွဲကို အားပေးထောက်ခံနေခြင်းဖြစ်ကြောင်းကို မြန်မာပြည်သူများအားလုံး ခံစားနားလည် ကျေးဇူးတင်နေကြကြောင်း၊ အခုလို မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံ ပံ့ပိုးခြင်းများအား ထာဝရ ကျေးဇူးတင်နေမည်ဖြစ်ကြောင်း” ပြောခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးမြို့တော်များအဖွဲ့ဟာ လူ့အခွင့်အရေးကာကွယ်ရေးနှင့် တိုးမြှင့်ရေးအား ပူးပေါင်းဆောင်ရွက်ရန် ဒေသန္တရအစိုးရ ၂၂ ခုဖြင့် ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ကြီး ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကလည်း ဆိုးလ်မြန်မာသံရုံးရှေ့တွင် မြန်မာ့ဒီမိုကရေစီအရေးအား ထောက်ခံသည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ကာ အာဏာသိမ်းစစ်တပ်မှ မြန်မာပြည်သူများအား လက်နက်အားကိုး အနိုင်ကျင့်ခြင်းအား ကန့်ကွက်ရှုံ့ချပြီး ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေခြင်းများကို ချက်ချင်းရပ်တန့်ရန်လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required