ဇွန် ၁၀
ပြည်မြို့ ရွှေတံခါးရပ်ကွက်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ရာအိမ်မှူးတစ်ဦးသည် ဇွန်လ၉ရက်နေ့ည ၈ နာရီဝန်းကျင်ခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။
အသက် ၄၀ ဝန်းကျင်အရွယ် ကိုထွန်းမြတ်ဆွေ(ခ)ကိုဝကြီးဆိုသူသည် ရွှေတံခါးရပ်ကွက်ကျုံးဈေးရှေ့တွင် ဆိုင်ကယ်စီးနှင်းလာရာမှာ ပစ်သတ်ခံရခြင်းဖြစ်သည်။
သေနတ်အသံကျယ်ကျယ်မကြားရဘဲထိမှန်ခြင်းဖြစ်သဖြင့် လေသေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဒေသအုပ်ချုပ်ရေးများနှင့် အခင်းဖြစ်ပွားပြီးနောက်တွေ့ရှိသူများက ယူဆနေကြသည်။
"သွေးအိုင်ထဲမှာလဲနေတာတော့သိရတယ်။ အခုတော့ ဆေးရုံကိုအရေးပေါ်ကားနဲ့ခေါ်သွားပေမယ့် သေသွားပြီလို့ပြောတယ်ဗျ။ သူကရာအိမ်မှူး ကြံဖွံအမာခံပေါ့ ။ ဒီရက်ပိုင်းသူတိုင်လို့ ဒီရပ်ကွက်မှာ လူအတော်အများအဖမ်းခံရတယ်"ဟု မြို့ခံတစ်ဦးကပြောသည်။
သေဆုံးသူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှ စစ်ကောင်စီလက်ထက်အထိ ရာအိမ်မှူးဖြစ်ပြီး ပြည်မြို့တွင် စစ်ထောက်ခံပွဲများကို ဦးဆောင်ကျင်းပခဲ့သူတစ်ဦးလည်းဖြစ်ကာ " ဒလံအကြီးစား" ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။
၎င်းပစ်သတ်ခံရပြီနောက် ခေတ္တရာမြို့သစ် (၈) လမ်းတွင် စစ်တပ်နဲ့ရဲမှ စစ်ဆေးမှု့များပြုလုပ်နေသည်။