စစ်ကောင်စီက CDM လုပ် အနုပညာတက္ကသိုလ် ဆရာများကို ရာထူးမှထုတ်ပယ်ကာ ဝန်ထမ်းအိမ်ရာမှဖယ်ရှား

စစ်ကောင်စီက CDM လုပ် အနုပညာတက္ကသိုလ် ဆရာများကို ရာထူးမှထုတ်ပယ်ကာ ဝန်ထမ်းအိမ်ရာမှဖယ်ရှား

ဇွန်လ ၉ ရက်

ရန်ကုန်နှင့် မန္တလေးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များမှ အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) ပြုလုပ်သောဆရာ ဆရာမများကို ရာထူးမှ ထုတ်ပယ်ပြီး ဝန်ထမ်းအိမ်ရာမှ ဖယ်ပေးရန်နှင့် ချေးငွေများ ပြန်ပေးရန် အကြမ်းဖက် စစ်ကောင်စီက အတင်းတောင်းဆိုလျှက်ရှိသည်။

ဆရာ ဆရာမများအား ရာထူးမှ ထုတ်ပယ်သောစာများ ပေးပို့ပြီးနောက် ဝန်ထမ်းအိမ်ရာမှ ဇွန်လ ၁၃ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ထပ်မံပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နိုင်ငံတော်မှ ပညာရေးဝန်ထမ်းများအတွက် နှစ်လစာ ကြိုတင်ငွေ ထုတ်ပေးထားခြင်းကိုလည်း   ချက်ချင်းပြန် ပေးရန် အတင်းတောင်းနေခြင်း ဖြစ်သည်။ 

"သူတောင်းတောင်း၊ မတောင်းတောင်း ကိုယ်သတ်မှတ် ထားတဲ့ အစိုးရမှ မဟုတ်လို့ သူတို့ကို ပြန်မဆပ်နိုင်ဘူး။ သူတို့ကို လူရာကိုမသွင်းလို့ သူတို့ဘာပြောပြောဘောင်ကို မဝင်ဘူး''ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ဆရာတစ်ဦးက ပြောသည်။ 

အဆိုပါ အစိုးရချေးငွေမှာ  မိမိရရှိသည့် လစာမှ အရစ်ကျ ပြန်လည်ပေးရန် အစိုးရမှ သတ်မှတ်ထားခြင်းဖြစ် သော်လည်း ယခုတွင် စစ်ကောင်စီမှ ချက်ချင်းပြန်ပေး ရန် တောင်းနေခြင်း ဖြစ်သည်။  

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ရှိ ဝန်ထမ်းအိမ်ရာတွင် ဆရာဆရာမ ၈၇ယောက်နေထိုင်ပြီး ရာခိုင်နှုန်းပြည့် အားလုံး CDM ပြုလုပ်နေခြင်း ဖြစ်သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် ဆရာ ဆရာမ များနှင့် ဝန်ထမ်းများအပါ အဝင် အရေအတွက်  ၂၂၄ဦးရှိပြီး CDM ၈၂ဦး အထိ ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required