ပရဟိတလူငယ်တွေကို စစ်ကကောင်စီတပ်သားတွေ ပစ်ခတ်၊ အရပ်သား၁ ဦးကိုဖမ်းဆီး ငွေညှစ်

ပရဟိတလူငယ်တွေကို စစ်ကကောင်စီတပ်သားတွေ ပစ်ခတ်၊ အရပ်သား၁ ဦးကိုဖမ်းဆီး ငွေညှစ်

ဇွန် ၉

မန္တလေးတိုင်း၊  နွားထိုးကြီးမြို့နယ် ဝက်လူအုပ်စု ကံဦးရွာ ဘုန်းကြီးကျောင်းထဲဝင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက  လူငယ်တွေကိုပစ်ခတ်ဖမ်းဆီးကာ ဆိုင်ကယ် ခုနှစ်စီး ယူသွားတယ်လို့ သိရပါတယ်။ 

မနေ့က ဇွန်လ ၈ ရက် ညနေပိုင်း ကံဦးရွာက ဘုန်းကြီးကျောင်းအနီးမှာ လမ်းပြင်နေတဲ့ လူငယ်ပရဟိတသမားတွေကို စစ်ကောင်စီတပ်သားတွေက ဒလန်အုပ်ချုပ်ရေးမှူး ကြံံ့ခိုင်ရေးပါတီဝင်တစ်ဦးနဲ့အတူ လာရောက်ဖမ်းဆီးပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။ 

"ရွာစာသင်ကျောင်းဘက်ကနေသူတို့က ဒလန်နှစ်ယောက်နဲ့ အတူဘုန်းကြီးကျောင်းကိုလာတာ၊ လမ်းပြင်ပြီးနားနေတဲ့လူငယ်တွေက ဒလန်ပါပါလာတော့ ထပြေးတာ၊ သူတို့ကို ဖမ်းမှာဆိုးလို့ အဲ့မှာ စစ်သားတစ်ယောက်ကပစ်ပစ်ဆိုပြီး ပစ်ကြတာ၊ ကလေးတွေကိုတော့မထိဘူးကလေးတွေက အပြေးကောင်းလို့သာ၊  ထမ်းပင်တွေကိုမှန်တာ၊ ဖွာထွက်ကုန်တာပဲ၊ကလေးတွေက အုတ်တံတိုင်းကို ကျော်ပြေးကြတာ"လို့ ဒေသခံကပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေနဲ့ ဒလန်ဆိုသူတွေဟာ ပရဟိတလူငယ်တွေ ကျန်ခဲ့တဲ့ ဆိုင်ကယ်ခုနှစ်စီးကို သူတို့တပ်စွဲထားတဲ့ ဆူဖြူကုန်းရွာကို ယူဆောင်သွားတယ်လို့ သိရပါတယ်။ အဲ့ဒီဆိုင်ကယ်တွေကို တစ်စီး ငါးသောင်းကျပ်နဲ့ ပြန်လည် ရွေးယူခဲ့ရတယ်လို့ အဲ့ဒီဒေသခံကပြောပါတယ်။ 
"သူတို့က(စစ်ကောင်စီတပ်သား)ဆိုင်ကယ်တွေကို ငါးသောင်းနဲ့ရွေးခိုင်းတာ၊ မနေ့က နှစ်စီး၊ ဒီမနက် ၅စီးသွားရွေးထားရတယ်"လို့ဆိုပါတယ်။ 

ပစ်ခတ်မှုတွေအပြီး ကျေးရွာထဲမှာ သရက်ခြံထဲက ပြန်လာသူ ကိုမျိုးမင်း အသက် ၃၀နှစ်ကို  စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီးတော့ သူ့ကို ပိုက်ဆံတစ်သိန်းကျပ်နဲ့ ပြန်လည် ရွေးယူထားရတယ်လို့ ဆိုပါတယ်။ 

" အဲ့ဒီကောင်လေးက ခြံစောင့်တာက ပြန်လာတာ တောသူတောင်သားဆိုတော့ ဓါးလေးဘာလေးပါတာပေါ့၊ ရွာလည်မှာ အဲ့ကောင်တွေနဲ့တွေ့တော့ ဖမ်းသွားတာ၊ ပိုက်ဆံတစ်သိန်းနဲ့ ပြန်ရွေးထားရတယ်" လို့ ဒေသခံကဆိုပါတယ်။ 

ကံဦးကျေးရွာဟာ အိမ်ခြေ ၃၆၀ ၊လူဦးရေ ၁၇၁၇ ယောက်ရှိပြီး အလည်တန်းကျောင်း တစ်ကျောင်းရှိတယ်လို့ သိရပါတယ်။ စာသင်ကျောင်းက ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ ဆရာမ ၉ ဦးဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှူ CDM ပြုလုပ်ထားကြတာပါ။ 

ကျောင်းသားဦးရေ ၁၅၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစာသင်ကျောင်းမှာ CDM မလုပ်တဲ့ ဆရာ/ဆရာမတွေရဲ့ သားသမီးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေရဲ့ သားသမီး စုစုပေါင်း ၆ ဦးသာကျောင်းတက်တယ်လို့ ဒေသခံကပြောပါတယ်။ 

အဲ့ဒီလို ကျောင်းတက်ရောက်သူတွေနည်းတဲ့အပေါ် စစ်ကောင်စီတပ်သားတွေက မကျေနပ်လို့ လာရောက် သောင်းကျန်းတာမျိုးတွေ လုပ်ခဲ့တာလို့ ယူဆကြောင်းဒေသခံကဆိုပါတယ်။ 

"မိဘတွေကိုယ်တိုင်က သားသမီးတွေကို သူတို့ဖွင့်တဲ့ကျောင်းမှာမထားကြဘူး၊ သူတို့ကအဲ့တာကို မကျေနပ်ဘူးထင်တယ်၊ တစ်ရက်ကလဲ စစ်သားတွေက ကျောင်းမတက်တဲ့ ကလေးကို ဘာလို့ကျောင်းမတက်တာလဲလို့မေးတော့ ဆေးလိပ်လိပ်နေရလို့လို့ ပြန်ဖြေလိုက်တယ်" လို့ ဒေသခံပြောပြပါတယ်။ 

လက်ရှိအချိန်မှာ CDM ဆရာ/ဆရာမတွေကတော့ ရွာထဲက တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။နောက်ရက်တွေ ဒီလို လာသောင်းကျန်းပြီးငွေညှစ်တာမျိုးလုပ်မှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly