နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၈ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၈ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၈ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်တွင် ပြုလုပ်သည့် မြို့နယ်စုံ ပြောက်ကျားသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက ဆန္ဒပြရန် စတင်ချိန်တွင်ပင် စစ်အုပ်စုလက်နက်ကိုင်များက အရပ်ဝတ်များဖြင့်ပါ ရောက်လာကာ ဖမ်းဆီးမှုကြောင့် ဆန္ဒပြပြည်သူလေးဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါစစ်ကြောင်းတွင် စမ်းချောင်း၊ မင်္ဂလာတောင်ညွှန့်နှင့် ကြည့်မြင်တိုင်မြို့နယ်များမှ လူငယ် စစ်ကြောင်းများ ပါဝင်သည်။ 

• တာမွေမြို့နယ်၊ ကျောက်မြောင်း သတိပဋ္ဌာန်လမ်းတွင် နံနက် ၁၀ နာရီခန့်က ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်အား သေနတ်ကိုင်လူတစ်ဦးက သူမ ကားအတွင်းရှိနေစဉ် အနီးကပ်ပစ်ခတ်သွားသည့်အတွက် ဒဏ်ရာရရှိခဲ့ကာ လူနာတင်ကားဖြင့် ဆေးရုံးသို့ ခေါ်ဆောင်သွားကာ သေဆုံးသွားပြီဟု သိရသည်။ ဒေါ်စိုးစိုးလွင်မှာ တာမွေမြို့နယ်အတွင်း ဆန္ဒပြလူငယ်နှင့် သံဗုံးတီးလူငယ်များအား စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးနိုင်ရန် အဓိကသတင်းပေး ကိုယ်တိုင်ပါဝင်နေသူဖြစ်သည်ဟုလည်း သိရကာ ပြီးခဲ့သည့် မေလ ၁၂ ရက်ကလည်း သူမ၏ နေအိမ်တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွား ခဲ့ဖူးသည်။ 

• ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်နှင့် Future the Dagon ကျောင်းသားအဖွဲ့ဥက္ကဋ္ဌ ကိုထူးဝေလင်းအား စစ်အုပ်စုက ဇွန်လ ၅ ရက်နှင် ၆ ရက်တို့တွင် ဖမ်းဆီးခဲ့ကာ ၎င်းတို့မှာ KIA စစ်သင်တန်းဆင်း အကြမ်းဖက် အဖွဲ့သားများဖြစ်ကာ လက်ပစ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်ဟု စစ်အုပ်စုအာဘော် ရုပ်သံသတင်းတွင် ထုတ်လွှင့်သွား သည်။ 

• သင်္ဃန်းကျွန်း၊ စံပြစျေးအနီး A1 ဆန်ဆိုင်ရှေ့တွင် နံနက် ၉ နာရီကျော်ခန့်က ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်အုပ်စုလက်နက် ကိုင်များက လမ်းများ ပိတ်ဆို့ကာ ရှင်းလင်းပြီးနောက် လမ်းပြန်ဖွင့်ပေးခဲ့သည်။ 

• စမ်းချောင်းမြို့နေ ပြည်သူများက စစ်အုပ်စုအထောက်အပံ့ဖြစ်စေမည့် အရာများအား ငြင်းဆန်သည်ဟုဆိုကာ ကျသင့်ငွေ ဆောင်ရန် လာပေးထားသည့် မီတာစာရွက်များအား မီးရှို့ကာ ဘူးသပိတ် ပြုလုပ်ခဲ့သည်။ 

• လှိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်အာဏာရှင်အား တတ်နိုင်သည့်ဘက်မှ တွန်းလှန်သွားရန်အတွက် ပြည်သူ့ထောက်ပံ့ရေးအဖွဲ့ - People Supply Force (PSD Hlaing) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ပြန်ကြားရေးဝန်ကြီးဌာနက ရန်ကုန်အခြေစိုက် Weekly Eleven Journalအပေါ် တရားစွဲဆိုထားမှုအား ပြန်လည်ရုပ်သိမ်းပေးရန် စစ်အုပ်စုအာဏာသိမ်းထားသည့် ဧပြီလ ၆ ရက်တွင် မေတ္တာရပ်ခံသည့်အတွက် အမှုအား ပြန်လည်ရုပ်သိမ်း ကျေအေးပေးလိုက်ကြောင်း စစ်ကောင်စီ ပြန်ကြားဌာနက ယနေ့တွင် ၎င်းတို့အာဘော်သတင်းစာမှတဆင့် ကြေညာထားသည်။ 

• စစ်အုပ်စု ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ပါတီလှုပ်ရှားမှုသွေးလှူဒါန်းပွဲဟုဆိုကာ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ အမှတ် (၂) တပ်မတော်စစ်ဆေးရုံ ခုတင် ၂၀၀ တွင် တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး ဦးဆောင်ကာ သွေးအလုံးရေ ၁၆၀ ကျော် သွားရောက်လှူဒါန်းခဲ့သည်။ 

• ရန်ကုန်အထင်ကရ နေရာဖြစ်သည့် ပြည်လမ်း၊ အင်းလျားကန်ဘောင် (Inya Viewကွန်ဒိုအနီး) တွင် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ထိခိုက်မှုရှိ၊ မရှိကို မသိရသေးသော်လည်း လက်နက်ကိုင်လုံခြုံရေးအဖွဲ့များ ရောက်လာကာ ပေါက်ကွဲမှုဖြစ်ပွားရာအနီး ပြည်လမ်းမကြီးအား ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စု ဒေါက်တိုင် အုပ်ချုပ်ရေးရုံးများနှင့် ၎င်းတို့ တပ်စွဲထားရာ နေရာများ၊ ရဲစခန်းများအား ပစ်ခတ်တိုက်ခိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီးနောက် ရန်ကုန်မြို့ပေါ်တွင် ဆိုင်ကယ်ဖမ်းဆီးမှုများကို မြို့နယ်တိုင်းလိုလို၌ ဆက်တိုက်ပြုလုပ် လာနေသည်။ 

မန္တလေးတိုင်းဒေသကြီး

• မိုးကုတ်မြို့ အချုပ်ထောင်ရှေ့တွင် ယမန်နေ့ည ၈ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အမျိုးသားတစ်ဦးက တုတ်ဖြင့် ဝင်ရိုက်ကာ ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထောင်ဝန်ထမ်းရဲများက လိုက်လံဖမ်းဆီးသဖြင့် ဖမ်းမိသွားခဲ့သည်။ 

• မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ရွာရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများမှာ ယမန်နေ့ကစ၍ မိုးကုတ်မြို့မရဲစခန်းသို့ မိသားစုလိုက် ပြောင်းရွှေ့မှုများပြုလုပ်နေပြီး အင်အားအနည်းငယ်ဖြင့် စစ်သားအချို့သာ ရှိတော့သည်ဟု သိရသည်။ 

• မိတ္ထီလာ၊ အမြန်လမ်း ကံကောင်းလမ်းဆုံရှိ ရွှေအုန်းပင်စားသောက်ဆိုင်တွင် လက်လုပ်ဗုံးပေါက်ကာ လူတစ်ဦး သေဆုံးပြီး လက်လက်ဗုံးနှင့် ဆက်စပ်သည့် ပစ္စည်းများ ဖမ်းဆီးမိပြီးနောက် ရွှေအုန်းပင်စားသောက်ဆိုင်နှင့် ပတ်သက်သည့် ထမင်းဆိုင်နှင့် ဟိုတယ်အား စစ်အုပ်စုက ပိတ်ပစ်လိုက်သည်။ မိတ္ထီလာ ပထမလမ်းမတော် သာသနာ့ဗိမာန်အနီး ထမင်းဆိုင်နှင့် စာတိုက်အနောက်ဘက်လမ်းအနီးရှိ ကန်သာယာ ရွှေအုန်းပင် ထမင်းဆိုင်၊ ကန်ကူးတံတားအရှေ့ဘက်ထိပ်အနီးရှိ ရွှေအုန်းပင်ဟိုတယ်တို့ ပိတ်ခံရခြင်း ဖြစ်သည်။ 

• မန်းအခြေစိုက် Voice Of Myanmar – VOM အယ်ဒီတာချုပ် ကိုနေလင်းနှင့် သတင်းထောက် ကိုရှိုင်းအောင်တို့က စစ်အုပ်စုက နန်းတွင်းစစ်ထောင်မှ အိုးဘိုထောင်သို့ ပြောင်းရွှေ့ထိန်းချုပ်ထားသည်။ ၎င်းတို့ နှစ်ဦးအား ဧပြီလ ၂၇ ရက်က စစ်အုပ်စု ဘက်က ဆွေးနွေးစရာရှိသည်ဟု ဆိုကာ နန်းတွင်းသို့ လာရောက်ရန် ဖိတ်ကြားသဖြင့် သွားရောက်ရာမှ ထိန်းသိမ်းလိုက်ခြင်း ဖြစ်ကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ 

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း "လုံးဝအုပ်ချုပ်ခွင့် မရစေရ"၊ "ငါတို့နိုင်ငံ ငါတို့ ပြန်ပေး" ဟု ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် မဟာအောင်မြေပညာရေးကျောင်းပေါင်းစုံ၊ စက်မှု လူငယ်၊ မြို့သိမ်းသပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ်ကျောင်းသား/သူ၊ ဘုရားကြီး၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူနှင့် ပညာရေးမိသားစု သပိတ်စစ်ကြောင်းများ ပါဝင်သည်။

• ဗကသအဖွဲ့ချုပ်၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ စုပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ပြီး လူစုခွဲပြီးချိန်တွင် စစ်အုပ်စုလက်နက်ကိုင်များက ရောက်ရှိလာကာ ဆန္ဒပြပွဲတွင် မပါဝင်သည့် လမ်းသွားလမ်းလာ ပြည်သူသုံးဦးအား ဖမ်းဆီးသွားသည်။ 

• မန်း ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီးတွင် နံနက် ၁၁ နာရီ ၄၀ ခန့်က ဆိုင်ကယ်စီးလာသည့် စစ်အုပ်စုလက်အောက်ခံ ရဲဝန်ထမ်းနှစ်ဦးအား လက်နက်ကိုင်ဆောင်လာသူတချို့က ကားဖြင့်တိုက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် တစ်ဦး သေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ ယင်းသို့ ရဲဝန်ထမ်းများ ပစ်ခတ်ခံရပြီးနောက် ရန်ကင်းတောင်တဝိုက်နှင့် မြို့တွင်း၌ စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားကာ ပစ်ခတ်မှုများ ဖြစ်ခဲ့သည့်အနီးအနားရှိ ရပ်ကွက်များတွင် လည်း အင်အားပြ မေးမြန်းစုံစမ်းမှုများလည် ဆက်တိုက်လုပ်ခဲ့သည်။ 

• မန်းအင်ဂျင်နီယာမိသားစု သပိတ်စစ်ကြောင်းကလည်း နေ့လယ်ပိုင်းက လမ်းမကြီးများပေါ်ထိတက်ကာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းအောင်ပင်လယ်သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဖြုတ်ချရေးဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• ညောင်ဦးပင်မသပိတ်စစ်ကြောင်းကလည်း "တော်လှန်တိုက်ပွဲ တို့ဆင်နွှဲ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး တို့အရေးဟု ကြွေးကြော်ကာ မြို့တွင်းလှည့်လည်၍ ဆန္ဒပြခဲ့ကြ သည်။

• မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ရွာ အထက်တန်းကျောင်းနှင့် မီးသတ်ရုံးများတွင် စစ်အုပ်စုလက်နက်ကိုင်များက ကားနှစ်စီး ဖြင့် လာရောက်အထိုင်ချ လုံခြုံရေးယူထားသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရွှေဟင်္သာအရှေ့ပေါက်လမ်းနေ ကိုဖိုးစည်ဆိုသူအား ၎င်း၏ ဇနီးနှင့် ဆိုင်ဝန်ထမ်း ချိုတူးဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ကာ ဇနီးနှင့် ဆိုင်ဝန်ထမ်းအား ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သော်လည်း ကိုဖိုးစည်ဆိုသူကို ဆက်လက်ဖမ်းဆီးထားသည်။

• ပြည် တကသကျောင်းသားများကလည်း "အောင်လံမလိပ်တဲ့ တောင်ပျံသပိတ်" အမည်ဖြင့် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ယင်းမာပင်မြို့နယ် သလောက်နှင့် ကြပ်ရွာကြားတွင် ယမန်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ရာ စစ်အုပ်စုဘက်က နှစ်ဦး ကျဆုံးခဲ့ပြီးနောက် ညပိုင်းတွင် အနီးရှိ ကပိုင်ရွာအား စစ်အုပ်စုများ ထပ်မံရောက်လာကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

• စစ်ကိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့ အ.ထ.က ကျောင်းတွင် ယမန်နေ့ည ၈ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 

• ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် အခြေခံပညာအဆင့် သင်ကြားရေးဝန်ထမ်း ၄၉၃ ဦးနှင့် ရုံးဝန်ထမ်း ၆၂ ဦးကို CDM ပြုလုပ် ကာ စစ်အုပ်စုအား အာခံမှုဖြင့် အလုပ်က ထုတ်ပယ်လိုက်သည်။ 

• ကနီမြို့နယ် သစ်တောဂိတ်နှင့် ရဲဂိတ်များတွင် ယခင်က ဖမ်းဆီးထိန်းသိမ်းထားသည့် သစ်/ကား/ဆိုင်ကယ်နှင့် အခြားပစ္စည်းများအား ခိုးဝှက်ယူဆောင်ခြင်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်/ဆိုင်ကယ်/စက်တပ်ယာဉ်နှင့် သစ်ဝါးဖောင်များမှ ငွေတောင်းခံခြင်းများကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နာမည်သုံးကာ လုပ်ဆောင်နေပြီး မိမိတို့အနေဖြင့် ယင်းသို့သော အဓမ္မလုပ်ရပ်များကို ပြုလုပ်ခြင်းမရှိကြောင်း ကနီ PDF က ကြေညာထားသည်။ 

• မော်လိုက်မြို့နေ ပြည်သူများကလည်း "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကျဆုံးခဲ့သည့် နွေဦးတော်လှန်ရေးသူရဲကောင်းများအတွက် ရည်စူးကာ ဆီမီးများထွန်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်ကိုင်း၊ မော်လခရိုင်တွင်း ချင်းတွင်းမြစ်ကြောတစ်လျှောက်တွင် NLD အစိုးရလက်ထက်က တားမြစ်ခဲ့သည့် ရွှေမျှောတိုက် လုပ်ငန်းများမှာ စစ်အုပ်စု အာဏာသိမ်းပြီးနောက် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ပြန်လည်လုပ်ကိုင်လာ နေသည်။ 

• ကလေးမြို့တွင် လူငယ်များ ဦးဆောင်သည့် မြို့ခံသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီထိ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပင်လယ်ဘူးမြို့နေ ပြည်သူများကလည်း "အလှည့်ကျ မနွဲ့စတမ်း" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီဖြင့် စစ် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် ဒေသခံများက NUG အစိုးရ ကြိုဆိုထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အုပ်စုထုတ်ကုန်မသုံးရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ချောင်းဦးမြို့နယ် လူထုသပိတ်ခေါင်းဆောင်ဖြစ်သူ ကိုမာန်ဇာမြေမွန်ကို ယနေ့နံနက်ပိုင်းက ၎င်းတိမ်းရှောင်နေသည့် ရှမ်းထူးရွာအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားကာ ကင်းမွန်းတော်ရွာနေ အသက် ၅၀ အရွယ် ဦးဖိုးတွတ်နှင့် ဦးမောင်ဦးတို့ နှစ်ဦးလည်း ဖမ်းဆီးခံလိုက်ရသည်။ 
• ကသာမြို့နယ်၊ မိုးတားလေးကျေးရွာတွင် နံနက် ၁၀ နာရီခွဲခန့်က ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုသင်္ဘောက အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် မြစ်ကမ်းဘေးကမ်းနားတွင် ရေချိုးနေသည့် ပြည်သူ ၂၀ ဦး ခန့် ထွက်ပြေးခဲ့ကြရသည်။ 
• ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာနေ ပြည်သူများကလလည်း သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဒီပဲယင်းမြို့နယ် ယဉ်ကျေး (ရင်ခြင်း) ကျေးရွာသို့ စစ်အုပ်စုလက်နက်ကိုင်များက နံနက် ၇ နာရီခန့်က ဝင်ရောက်လာပြီးနေနာက် တပ်စွဲထားရာမှ နေ့လယ်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်အုပ်စုဘက်က ဒီပဲယင်းမြို့ပေါ် ဆရာစံပန်းခြံနှင့် ကံပြားရပ်ကွက်တို့တွင်လည်း အင်အား ၄၀ ခန့်ဖြင့် လုံခြုရေး ယူကာ လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နှစ်ဖက်ပစ်ခတ်မှုတွင် ဒီပဲယင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်က အထိအခိုက်မရှိခဲ့သော်လည်း ရွာအနီးတွင် စစ်အုပ်စုလက်နက်ကိုင် အင်အား ၅၀ ခန့်ပါ စစ်ကားသုံးစီး မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် သုံးဦးသေဆုံးသွားသည်ဟု သိရသည်။ 

• မုံရွာ၊ အမြင့်လမ်းတစ်လျှောက်ရှိ ကျေးရွာများစုပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရွှေဘိုတွင် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ခရိုင်/မြို့နယ်မီးသတ်စခန်းအား လက်လုပ်ဗုံး ပစ်သွင်းခံရမှုကြောင့် လူထိခိုက်မှု မရှိသော်ခဲ့သော်လည်း မီးသတ်ယာဉ်တစ်စီး အနည်းငယ် ပျက်စီးသွားခဲ့သည်။ 

• ဘုတလင်မြို့နယ်၊ မွန်တောရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဇော်ကို စစ်အုပ်စုလက်နက်ကိုင် ရဲနှင့် စစ်သား အင်အား ၃၀ ခန့်က မေးမြန်းစရာရှိသည်ဟုဆိုကာ ယမန်နေ့ညနေပိုင်းက ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ မသိရသေးပေ။

• စစ်အုပ်စုလက်ချက်ဖြင့် လက်တစ်ဖက်ပြတ်ခဲ့ကာ မကွေးစစ်ဆေးရုံတွင် ကုသမှုယူနေရသည့် အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို ယမန့်နေ့ညပိုင်းက မကွေးအကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားကာ ၎င်းမှာ ရာဘာကျည်ထိထား သည့် ဘယ်ဘက်ခြေထောက်နှင့် မျက်ကြည်လွှာအစားထိုးကုသရန် လိုအပ်နေသေးသည်ဟု သိရသည်။ 

• ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာ အ.လ.ကကျောင်းတွင် ယမန်နေ့ညပိုင်း ၁၀ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားပြီးနောက် စစ်အုပ်စုလက်နကိုင်များက အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရောက်လာကာ ရွာကို ဝိုင်း ထားပြီးနောက် ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ကာ ရွာကိုပါ မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ 

• မကွေးမြို့ လေတပ်စခန်း ဌာနချုပ်အတွင်း ယမန်နေ့ ညပိုင်းက သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကာ မည်သည့်အတွက် ကြောင့် ဖြစ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အဆိုပါလေတပ် စခန်းတွင် လေယာဉ်အတက်အဆင်း များပြားခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း သပိတ်စစ်ကြောင်း ဖွင့် ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "စစ်ကျွန်ပညာရေးအလိုမရှိ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

• ထားဝယ် တပ်ပေါင်းစုနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းတို့ကလည်း "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "တောင်တန်းပြည်ပ ညီညွတ်ကြ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 
• လောင်းလုံမြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြိတ်မြို့တွင် မတ်လ ၉ ရက် ဆန္ဒပြပွဲက ဖမ်းဆီးခံရသူ ကဗျာဆရာ မောင်ယုပိုင်အား မြိတ်တရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ဟင်္သာတခရိုင်ရဲရုံးနှင့် မြို့နယ်တရားရုံးရှိရာ ရုံးကြီးလမ်းတွင် ယမန်နေ့ည ၇ နာရီကျော်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး နောက် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားခဲ့သည်။

• မအူပင်မြို့နယ် ဆေးရုံးကြီးဝန်းတွင် ယမန်နေ့ည ၈ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အများနှင့် သက်ဆိုင်သည့် ဆေးရုံ၊ စျေးနှင့် စာသင်ကျောင်းများအား တိုက်ခိုက်မည်မဟုတ်ဟု မအူပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထား သည်။ 

• ဧရာဝတီတိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများ၏ ရက်စက်ယုတ်မာမှုအားလုံးအား ပြင်းထန်စွာ အရေးယူ တုံ့ပြန်သွားရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ဧရာဝတီတိုင်းကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကာ တိုင်းအတွင်းရှိ ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။ 

ကချင်ပြည်နယ်

• ကချင်ပြည်နယ်တစ်ခုလုံးရှိ မီးရထားဌာနမှ CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ်တည်သည့် ဝန်ထမ်း ၆၄ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။

• ဖားကန့် တာမခန်မြို့သစ်နေ ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် မြို့သစ်တွင်းကျောင်းများရှေ့သို့ ချီတက် ကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တာမခန်မြို့သစ်အတွင်းရှိ ကျောင်းများအတွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆေးနီများဖြင့် ရေးသားထားခြင်းများအား စစ်အုပ်စုလက်နက်ကိုင် များက ယနေ့တွင် လာဖျက်သွားကာ ယခုအကြိမ်ဆိုပါက သုံးကြိမ်ရှိပြီ ဖြစ်သည်။ 

• KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာအနီး လဂျားယန်ကျေးရွာအနီးတွင် နံနက် ၉ နာရီခန့်က ဒေါ့ဖုန်းယန်အခြေစိုက် ခလရ ၁၂၄ တပ်မှ တက်လာသည့် ကား ၁၆ စီးပါ ရိက္ခာသည်ယာဉ်တန်းအား KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားလေးစီ ပျက်စီးသွားကြောင်း သိရသည်။ 

• ကချင် အထူးဒေသ (၁) မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့တွင်လည်း ဒေသခံများက လမ်းပေါ်သပိတ်များ ပြုလုပ်ရန် ခက်ခဲသည့်အတွက် မြို့တွင်းကျောင်းများတွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လူမဲ့သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ပူတာအိုမြို့နေ လူထုကလည်း အိမ်တွင်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ သပိတ်မှောက်ဆန္ဒပြခဲ့သည်။ 

• ရွှေကူမြို့အဝင် ကျောက်တလုံးကျေးရွာအနီးတွင် နေ့လယ် ၁၂ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များ တင်ဆောင်လာသည့် သင်္ဘော ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကာ အဆိုပါသင်္ဘောမှာ စစ်ကိုင်းတိုင်း၊ ကသာမြို့၊ မိုးတားကျေးရွာတွင် မြစ်ကမ်းဘေး နေသူများအား အကြောင်းမဲ့ပစ်ခတ်ခဲ့သည့် သင်္ဘောလည်း ဖြစ်သည်။ 

ကယားပြည်နယ်

• စစ်အုပ်စုက ဒီးမော့ဆိုမြို့နယ် ဒေါ်ငံခါးရပ်ကွက်တွင်သာမက ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးပေါ်ရှိ ထွီလီးဘီလာနှင့် ပတုံငံရွာများအထိ လက်နက်ကြီးပစ်ကူများ ယူကာ ထိုးစစ်ဆင်လျက်ရှိကာ လူထုပိုင် နေအိမ်နှင့် စျေးဆိုင်များမှ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်းပြုလုပ်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲတွင်လည်း လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များအထိ ပစ်ခတ်သဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ နောက်ဆုတ်ခဲ့ရကာ ကယားပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းကျော်ရှိလာပြီဟုလည်း KNDF က ကြေညာထားသည်။ 

• ဘာသာရေး၊ ပညာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦနှင့် ဆေးရုံများ ရည်ရွယ်ချက်ရှိရှိ တိုက်ခိက်ရန် ညွှန်ကြားခြင်းမှာ စစ်ရာဇဝတ်မှု မြောက်သည့်အတွက် အဆိုပါနေရာများတွင် တပ်စွဲခြင်း၊ လကနက်များ သိုလှောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု များ ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် လွိုင်ကော်ကက်သလစ်သာသနာအဖွဲ့မှ ယနေ့နေ့စွဲဖြင့် မေတ္တာရပ်ခံစာ ထုတ်ထား သည်။ 

• ကယား-ရှမ်း-ကရင် နယ်စပ် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ယာဒိုကျေးရွာတွင် စစ်အုပ်စုဘက်က စစ်ကား အစီး ၂၀ ကျော်တွင် ရိက္ခာနှင့် လက်နက်အပြည့်တင်ကာ အင်အား ၃၀၀ ခန့်ဖြင့် ယမန်နေ့ ညပိုင်းမှ ယနေ့နံနက်ပိုင်းအထိ တပ်စွဲထားကာ အဆိုပါလမ်းမှာ တောင်ငူ-လွှိုင်ကော် ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်တွင် ရှိသည့်အတွက် ပိတ်ဆို့မှုများ လုပ်ကာ တိုက်ပွဲများလည်း ဖြစ်လာနိုင်သည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်။ 

ကရင်ပြည်နယ်

• လှိုင်းဘွဲ့မြို့နယ်၊ ထော်ရွဲရွာရှိ အ.လ.က (ခွဲ) ကျောင်းတွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ်ပြုလုပ်ခဲ့ရာ Non CDM ကျောင်းအုပ်ဆရာမနှင့် စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက အရေးယူမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ် လျက်ရှိသည်။ 

• ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် ဆိုင်းဘုတ် များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ 

ချင်းပြည်နယ်

• Chinland Defense Force (မင်းတပ်) တပ်ဖွဲ့ဝင်များမှာ စစ်အုပ်စုလက်နက်ကိုင်များအား ရရာလက်နက်ကိုင် တော်လှန်ခဲ့ရာတွင် မေလ ၁၃ ရက်မှ ဇွန်လ ၇ အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲများတွင် CDF တပ်ဖွဲ့ဝင် ၂၁ ဦး ကျဆုံးခဲ့ကြောင်း မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။ ကျဆုံးမှုအများစုမှာ မေလ ၁၃ နှင့် ၁၄ ရက်က ဖြစ်ပွားသည့် မြို့အဝင် အနီး ဂေါက်ကွင်းတိုက်ပွဲတွင်ဖြစ်ကာ ခြောက်ဦးထိ ကျဆုံးခဲ့သည်။

• တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့ ထွေအုပ်ရုံးမှ CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်း ၁၇ ဦးအား စစ်အုပ်စုက အလုပ်က ထုတ်ပယ်လိုက်သည်။ 

• ပလက်ဝတွင် ဗုံးကွဲပြီးနောက် စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေရာ ဖမ်းဆီးခံထားရသူများအနက် အိုက်အောင်သီဟ၊ အောင်နိုင်ထွန်း၊ အိုက်ဂျွန်ဉာဏ်လင်းထွန်း(ခ) အပုစူတို့အား ယမန်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ကာ ခြောက်ဦးကိုမူ မလွတ်ပေးသေးဘဲ နှစ်ဖွဲ့ခွဲ၍ ထိန်းသိမ်းထားဆဲ ဖြစ်သည်။ 

• မင်းတပ်တွင် စစ်ဘေးရှောင်များ ရှိသည့် ကျေးရွာများဘက်သို့ စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်း သိရသည်။ 

• ဟားခါးတွင် ရှိနေသည့် အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များမှာ ယနေ့နံနက်ပိုင်းက ထန်တလန်သို့ ထွက်ခွာကာ မြို့ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ ဒရုန်းများသုံး၍ မြေပြင်အချက်အလက်များ ရှာဖွေကာ လုံခြုံရေးတင်းကြပ်ထားသည်။ 

• ဟားခါးမြို့မစျေးရှိ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးအား အရပ်ဝတ်လက်နက်ကိုင် စစ်အုပ်စုလက်အောက်ခံများက ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားကာ ၎င်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်များက လာရောက် စျေးဝယ်ရာတွင် မရောင်းနိုင်ဘူးဟု ငြင်းဆန်ခဲ့သည့်အတွက်ဟု သိရသည်။ ညနေ ၄ နာရီကျော်ခန့်တွင်မူ သူမအား ပြန်လည်လွှတ်ပေးခဲ့သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နေ ပြည်သူလူထုကလည်း "ငါတို့လူငယ်သမိုင်းမှာ အာဏာရှင်ဟာ မင်းတို့ နောက်ဆုံး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်

• ကျောက်မဲမြို့တွင် ဇွန်လ ၆ ရက် ညပိုင်း အသွားအလာကန့်သတ်ထားသည့် အချိန်က ပိတ်ထားသည့် KTV ဆိုင်တစ်ခုအား မူးယစ်ရမ်းကားကာ ဖွင့်ခိုင်းခဲ့သည့် နောင်ချိုမြို့နယ် ဒိုးပင်ရဲစခန်း စခန်းမှူး၊ အမှုစစ်ဒုရဲအုပ်၊ နယ်ထိန်းခေါင်းဆောင်နှင့် ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်း စခန်းမှူးနှင့် အမှုစစ်ဒုရဲအုပ်တို့အား စစ်တပ်ဘက်က ဝိုင်းဝန်းရိုက်နှက်ကာ ရဲစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူရန် ပြင်ဆင်နေသည်။ 

• ရှမ်းအရှေ့ပိုင်း မိုင်းဆက်မြို့ အထက်တန်းကျောင်းတွင် ယမန်နေ့က စနက်တံမီးလောင်ထားသော်လည်း မပေါက်ကွဲသေး သည့် လက်လုပ်ဗုံးတစ်ခုအား တွေ့ရှိခဲ့ကာ စစ်အင်ဂျင်နီယာတပ်ဖွဲ့များက လာရောက်သိမ်းယူသွားသည်။ 

• နောင်ချို မြို့မစျေးကြီးတွင် နံနက် ၂ နာရီခန့်က စျေးတောင်ဘက်ခြမ်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။

• ရှမ်းမြောက်ပိုင်း သိန္နီတွင် CDM ပြုလုပ်မှုဖြင့် ပညာရေးဝန်ထမ်း ၆၁ ဦးအား အလုပ်က ထုတ်ပယ်ခံလိုက်ရသည်။ 

• တာချီလိတ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်အုပ်စုအား ဆန့်ကျင်နေသည့် ရဲဘော်များ၊ Gen Z လူငယ်များ စုပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တာချီလိတ်ကို ဖွဲ့စည်းလိုက်ကာ မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်သွား မည်ဟု ထုတ်ပြန်ထားသည်။ 

• သီပေါမြို့နေ ပြည်သူများကလည်း စာရွက်များပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• နမ္မတူမြို့နယ်တွင် CDM လုပ်သည့်အတွက် တာဝန်မှ ယာယီရပ်နားခံထားရသည့် ပညာရေးဝန်ထမ်း ၁၆၆ ဦးအနက် ၁၅၆ ဦးအား အလုပ်မှ အပြီးထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ 

• ရှမ်းမြောက်ပိုင်း မူဆယ်မြို့နေ ပြည်သူများကလည်း စာရွက်များပေါ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းစာများ ရေးသားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ရှမ်းမြောက် လားရှိုးခရိုင် တန့်ယန်းမြို့နယ်တွင် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက စစ်သားစုဆောင်းမှုများ လုပ်ဆောင်လာသည့်အတွက် ဒေသခံများ မြို့ပေါ်မှ တိမ်းရှောင်နေကြရ သည်။ 

ရခိုင်ပြည်နယ်

• သံတွဲမြို့နယ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေ သည့် ရဲဘော်များ စုစည်းကာ သံတွဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ယင်းသို့ ဖွဲ့စည်းမှုမှာ သံတွဲနေပြည်သူများ၏ ငြိမ်းချမ်းစွာနေလိုသောဆန္ဒနှင့် သဘောထားကို မျက်ကွယ်ပြုဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု ယူဆသည့်အတွက် ရက္ခိုင်ပြည်သူတစ်ရပ်လုံးနှင့်အတူ ကန့်ကွက်ရှုံချကြောင်း ဒွါရာဝတီမျိုးချစ်လူငယ်များအဖွဲ့က ထုတ်ပြန်ထား သည်။ 

• အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု၊ ဒါးလက်ချောင်းအား အသုံးပြုကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရသည့် ဒေသခံ များကို ဒါးလက်ချောင်း ကဇူးကိုင်းတံတားဂိတ်တွင် တပ်စွဲထားသည့် လက်နက်ကိုင် စစ်သားနှင့် ရဲများပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် ငွေကြေးတောင်းခံမှုများပါ ပြုလုပ်လျက်ရှိသည်။

နေပြည်တော်

• စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၈၀၀ ကျော် သေဆုံးသည်အထိ ပစ်ခတ်သတ်ဖြတ်ခြင်း၊ လူပေါင်း ၅၀၀၀ ကျော်အား မတရားဖမ်းဆီးနှိပ်စက်ကာ အမှုဆင်တရားစွဲခြင်း အပါအဝင် နိုင်ငံ့စီးပွားရေး၊ ကျန်းမာရေးကိစ္စများအား ပျက်စီး အောင်လုပ်ဆောင်နေသည့်အတွက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် NUG အစိုးရက ကြေညာလိုက်သည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ နိုင်ငံတွင်းတည်ငြိမ်မှုရမှသာလျှင် အာဆီယံက တောင်းဆိုထား သည့်အချက်များအား စတင်နိုင်မည်ဖြစ်ကြောင်း ပြောကြားထားပြီး ယင်းအချက်အား တရုတ်နှင့် အာဆီယံက ငြင်းပယ်ထားသင့်ကြောင်း NUG နိုင်ငံခြားရေးဌာနက တရုတ်အစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်။

• အာဏာသိမ်းချိန်မှစ၍ စစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှုရစေရန်အတွက် ကျူးလွန်ခံခဲ့ရသူ များအနေဖြင့် NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာ https://mohai.nugmyanmar.org/ သို့ သက်သေအထောက်အထားအပြည့်အစုံနှင့် တိုင်ကြားနိုင်ကာ တိုင်ကြားသူများ၏ အချက်အလက်များ လုံခြုံရေးအတွက် အာမခံကြောင်း ထုတ်ပြန်လိုက်သည်။ 

• CDM ဝန်ထမ်းများမှာ အလုပ်ထွက်ခြင်းမဟုတ်ဘဲ စစ်အစိုးရလက်အောက်တွင် အလုပ်မလုပ်လိုသည့်အတွက် ယာယီရပ်နား ထားသူများဖြစ်သည့်အတွက် ကိုဗစ်ချေးငွေ နှစ်လစာကို ပြန်လည်ပေးဆပ်ရန် မလိုအပ်ကြောင်း NUG အစိုးရက တတိယအ ကြိမ်မြောက် ထုတ်ပြန်လိုက်သည်။ 

• စစ်တပ်ကို စွန့်ခွာကာ CDM ပြုလုပ်နေသည့် စစ်သား ၈၀၀ ခန့်အထိ ရှိနေပြီဟု ရှမ်းအရှေ့ပိုင်း မိုင်းပြင်မြို့နယ် တြိဂံတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၅၂၈ တွင် တပ်ခွဲမှူးတာန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် CDM ပြုလုပ်နေသည့် ဗိုလ်ကြီး လင်းထက်အောင်က မီဒီယာများကို ပြောဆိုထားသည်။ 

ဇွန် ၈ သုံးသပ်ချက်

• ရန်ကုန်တွင် ပြောက်ကျားသပိတ်များ ရှိနေဆဲဖြစ်ကာ စစ်အုပ်စု ဒေါက်တိုင်နှင့် ဒလန်များအား တန်ပြန်တိုက်ခိုက်မှုများလည်း ဆက်ရှိနေဆဲ ဖြစ်သည်။ ပြောက်ကျားသပိတ်များ နေရာအနှံ့ ရှိနေမှုကို ဖြိုခွဲရန်အတွက် စစ်အုပ်စုဘက်က အရပ်ဝတ်များ အသုံးပြုလာနေကာ တန်ပြန်တိုက်ခိုက်မှုများအား ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းစီးနင်းခွင့် ကန့်သတ်ထားသည့် ဆိုင်ကယ်ဖမ်းဆီးမှုများကို အင်အားသုံး လုပ်ဆောင်လာလျက် ရှိသည်။

• မန္တလေးတွင် လမ်းပေါ်တက် လူထုသပိတ်ကြီးများ မြို့နယ်တိုင်းလိုလိုတွင် ရှိနေဆဲ ဖြစ်ကာ စစ်အုပ်စုလက်နက်ကိုင်များ အား နေ့လယ်ခင်းတွင်ပင် ပစ်ခတ်မှုများ ရှိလာနေသည်။ ခုခံအားကောင်းသည့် မြို့နယ်နှင့် ရပ်ကွက်များဘက်တွင် လက် နက်ကိုင်လုံခြုံရေးများအား ပုံစံမျိုးစုံဖြင့် ထားရှိဆဲဖြစ်ကာ ရပ်ကွက်ရုံးများ ပြန်လည်လည်ပတ်နိုင်ရေး အာရုံစိုက်လျက် ရှိသည်။ 

• ကယား (ဒီးမော့ဆို) နှင့် ချင်း (မင်းတပ်) တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ခိုက်မှုများ မရှိသော်လည်း မင်းတပ်ရှိ စစ်ဘေးရှောင်စခန်းများ ရှိရာ ကျေးရွာများဘက်ကသို့ စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လုပ်နေ ဆဲ ဖြစ်သည်။ ကချင်ပြည်နယ် နေရာအနှံ့တွင် စစ်အုပ်စုယာဉ်တန်းနှင့် ရေယာဉ်များမှာ မကြာခဏဆိုသလို ကြားဖြတ်တိုက် ခိုက်ခံနေရကာ အကျအဆုံး၊ အထိအခိုက်များလည်း ရှိနေသည်။ 

• အခြား တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် လူထုသပိတ်များ အားကောင်းနေကာ အချို့ဒေသများတွင်မူ သပိတ်များထက် ဒေသတွင်း အကြမ်းဖက်မှုလုပ်နေသည့် စစ်အုပ်စုလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုက အင်အားပြခြိမ်းခြောက်မှုများ လုပ်ဆောင်ကာ ၎င်းတို့ သြဇာခံ အုပ်ချုပ်ရေးမှူးများ ထားရှိအားကောင်းနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်လာနေသည်။ 

• စစ်အုပ်စုဘက်တွင် နိုင်ငံတကာဖိအား လုံးဝမရှိသလောက်ဖြစ်နေကာ ၎င်းတို့ တရားဝင်မှုရရေးအတွက် တရုတ်နှင့် အာဆီယံထံမှ အထောက်အပံ့ကောင်းရစေရန် ပိုမိုလုပ်ဆောင်နေသည်။ တပ်ဘက်တွင် CDM လုပ်လာသူများ တိုးတိုးလာနေကာ အချင်းချင်း မကျေလည်မှုများကြောင့် ရဲနှင့် စစ်တပ်အကြား ဆက်ဆံရေးတင်းမာမှုများလည်း ရှိနေသည်။ စစ်အုပ်စုတွင် ပြည်တွင်းနိုင်ငံရေးဖိအားထက် စီးပွားရေးရပ်တန့်မှုဖိအား ပိုကြီးနေကာ ၎င်းနှင့် ဆက်ဆံရေးပြေလည်သည့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များနှင့် လက်သိပ်ထိုးစီမံကိန်းများ ပြန်လည်လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly