နိုင်ငံတော်အတိုင်ပင်ခံအတွက် လှူဒါန်းငွေတွေကို လက်မခံဘူးလို့ ရှေ့နေအဖွဲ့ပြော

နိုင်ငံတော်အတိုင်ပင်ခံအတွက် လှူဒါန်းငွေတွေကို လက်မခံဘူးလို့ ရှေ့နေအဖွဲ့ပြော

ဇွန် ၈

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အတူနေမိသားစုဝင်တွေအတွက် ဆေးဝါး၊ ရိက္ခာနဲ့ ငွေကြေးလိုအပ်ချက်ရှိနေတယ်ဆိုပြီး ပြောဆိုချက်အပေါ် ပြည်သူတွေက လှူဒါန်းလာတာတွေကို လက်ခံဖို့ မရှိဘူးလို့ သူမရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက မဇ္ဈိမကိုပြောပါတယ်။

"ရှေ့နေအဖွဲ့အနေနဲ့ မိသားစုတွေနဲ့တိုင်ပင်ပြီး ဆောင်ရွက်ပေးသွားဖို့ပဲရှိပါတယ် အလှူငွေတွေကို လက်ခံဖို့မရှိဘူး" လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည် ရဲ့ ဇွန် ၇ ရက် ရုံးချိန်းအပြီး ရှေ့နေ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို ပြန်လည်ပြောပြပေးခဲ့တဲ့အပေါ် ပြည်သူတွေက လှူဒါန်းလိုကြောင်း ပြောဆိုချက်တွေ ရှိနေတာပါ။  

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီး မည်သည့် ငွေကြေး၊ ပစ္စည်းကိုမှ မပေးပို့ကြဖို့ကိုလည်း မေတ္တာရပ်ခံ တယ်လို့ ရှေ့နေအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ရှိနိုင်ငံတော်အတိုင်ပင်ခံကို နေပြည်တော်က သူမရဲ့နေအိမ်ကနေ ပြောင်းရွှေ့ထားတယ် ဆိုတာကိုသာ သိရပြီး ဘယ်နေရာကိုပြောင်းရွှေ့တယ်ဆိုတာ မသိရသေးဘူးလို့ ရှေ့နေအဖွဲ့က ဆိုပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required