ကနေဒါမှာ မွတ်စလင်မိသားစုကို ထရပ်ကားနဲ့ ဝင်တိုက်တာကြောင့် လေးဦး သေဆုံး 

ကနေဒါမှာ မွတ်စလင်မိသားစုကို ထရပ်ကားနဲ့ ဝင်တိုက်တာကြောင့် လေးဦး သေဆုံး 
Photo - AFP

ဇွန် ၈

ကနေဒါနိုင်ငံ အွန်တာရီယိုတောင်ပိုင်းပြည်နယ်မှာ ပစ်ကပ်ထရပ်ကား မောင်းနှင်သူတစ်ဦးက မွတ်စလင်မိသားစုကို ဝင်တိုက်တာကြောင့် မိသားစုဝင် လေးဦးသေဆုံးကြောင်း ရဲက ပြောပြီး ‘ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု’ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အသက် ၂၀ ဝန်းကျင် သံသယရှိသူဟာ ကျည်ကာအင်္ကျီမျိုး ဝတ်ဆင်ထားပြီး တနင်္ဂနွေ ညနေပိုင်းက တိုက်ခိုက်မှု ကျူးလွန်ကာ ဖြစ်ပွားရာကနေ ထွက်ပြေးခဲ့ပါတယ်။ အွန်တာရီယိုပြည်နယ် လန်ဒန်မြို့ လမ်းဆုံမှာ အခုလို ကားနဲ့ တိုက်တဲ့သူကို ခုနစ်ကီလိုမီတာ(လေးမိုင်)အကွာက ဈေးတစ်ဈေးမှာ ဖမ်းဆီးရမိတယ်လို့ ထောက်လှမ်းရေးမှူး ပေါလ်ရိုက်က ဆိုပါတယ်။ 

“စီစဉ်ထားတာ၊ ကြိုတင်ကြံစည်တာနဲ့ အမုန်းတရားကြောင့် ကျူးလွန်တဲ့ သက်သေတွေ ရှိပါတယ်။ သေဆုံးရသူတွေဟာ မွတ်စလင်ဖြစ်တာကြောင့် ပစ်မှတ်ထားခံရတာလို့ ယူဆရပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။ 

သေဆုံးသူတွေရဲ့ နာမည်စာရင်းကို မထုတ်ပြန်သေးပေမယ့် အသက် ၇၄ နှစ် အမျိုးသမီး၊ အသက် ၄၆ နှစ် အမျိုးသား၊ အသက် ၄၄ နှစ် အမျိုးသမီးနဲ့ အသက် ၁၅ နှစ် မိန်းကလေးတို့ သေဆုံးခဲ့ရတာဖြစ်တာမို့ မိသားစုတစ်စုတည်းက မျိုးဆက်သုံးဆက်ကို ကိုယ်စားပြုနေတာပါပဲလို့ လန်ဒန်မြို့တော်ဝန် အက်ဒ်ဟိုးဒါးက ပြောပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ ကိုးနှစ်သားလေးကို ဆေးရုံတင်ခဲ့ရပြီး သူဟာ ပြန်လည်နာလန်ထူလာပြီ ဖြစ်ပါတယ်။ 

“ကျွန်တော် ရှင်းရှင်း ပြောရမယ်ဆို ဒါဟာ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ လူအစုလိုက်သတ်ဖြတ်မှု လုပ်ရပ်ဖြစ်ပြီး လန်ဒန်မြို့သူမြို့သားတွေကို ဆန့်ကျင်နေတာလည်းဖြစ်တယ်၊ ပြောမပြနိုင်လောက်အောင် အမုန်းတရားကနေ ပေါက်ဖွားလာတဲ့ တိုက်ခိုက်မှုပဲ”လို့ ဟိုးဒါးက ဆိုပါတယ်။ 

သံသယရှိ တရားခံ နက်သန်နေးဗက်မန်းကို လူသတ်မှု လေးမှုနဲ့ လူသတ်ရန် ကြံစည်မှု တစ်မှုနဲ့ အမှုဖွင့်စွဲဆိုထားပြီ ဖြစ်ပါတယ်။ 

ဖြစ်နိုင်တဲ့ အကြမ်းဖက်ပြစ်မှုတွေနဲ့ပါ ထပ်တိုးစွဲဆိုနိုင်ဖို့ ဌာနေအာဏာပိုင်တွေဟာ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရှေ့နေချုပ်တို့နဲ့ ပြောဆိုဆွေးနွေးနေပါတယ်လို့ ပေါလ်ရိုက်က ပြောပါတယ်။ 

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုင်ကလည်း ဒီ တိုက်ခိုက်မှုကြောင့် ထိတ်လန့်တုန်လှုပ်ရကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required