ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်‌ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာသတင်းသမားများ တတိယနိုင်ငံတွင် ခိုလှုံခွင့်ရရှိ

ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်‌ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာသတင်းသမားများ တတိယနိုင်ငံတွင် ခိုလှုံခွင့်ရရှိ
Photo - AFP

ဇွန် ၈

အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုကနေ လွတ်မြောက်ရန် ထိုင်းနိုင်ငံသို့ ၀င်ရောက်ခဲ့စဥ် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံရင်းသို့ ပြန်ပို့ခံရမည့်အရေး ရင်ဆိုင်ခဲ့ရသည့် မြန်မာသတင်းသမား သုံးဦးကို ယခုအခါ တတိယနိုင်ငံတစ်ခုက နိုင်ငံရေးခိုလှုံခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

DVB သတင်းဌာနအတွက် အလုပ်လုပ်ပေးခဲ့သည့် အဆိုပါ ဂျာနယ်လစ်များသည် ပြီးခဲ့သည့် မေလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြား တက်ကြွလှုပ်ရှားသူနှစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး ယင်းနောက် ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲခံခဲ့ရသည်။

အဆိုပါ ငါးဦးစလုံးကို တတိယနိုင်ငံတစ်ခုက ခိုလှုံခွင့် ပေးခဲ့ကြောင်းနှင့် ၎င်းတို့သည် မကြာသေးခင်က ထိုင်းနိုင်ငံကနေ ထွက်ခွာခဲ့ကြောင်း DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ဇွန်လ ၇ ရက် ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။

အဆိုပါ အုပ်စုကို မည်သည့်နိုင်ငံက ခိုလှုံခွင့်ပေးခဲ့သလဲ ဆိုသည့် အသေးစိတ်အချက်အလက်များကို နောက်ပိုင်းကျမှသာ အသိပေးထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူတို့တွေ တတ်နိုင်သမျှ ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်အောင်လို့ ထိုင်းနိုင်ငံနဲ့ ကမ္ဘာတ၀န်းက ကူညီပေးခဲ့ကြတဲ့ လူတစ်ဦးချင်းတစ်ယောက်စီတိုင်းကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့ပြင် အဆိုပါ သတင်းသမားများသည် သတင်းဌာနအတွက် ၎င်းတို့၏ အလုပ်တာ၀န်များကို ဆက်လုပ်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required