ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ငွေကြေးလိုအပ်မှုရှိနေ

ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ငွေကြေးလိုအပ်မှုရှိနေ

ဇွန် ၇

အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းသိမ်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် ငွေကြေးလိုအပ်မှုရှိနေသော သတင်းစကားကို သူ၏ရှေ့နေက မီဒီယာများကို ထုတ်ဖော်ပြောကြားသည်။

သက်ဆိုင်ရာထိန်းသိမ်းထားသူများက နိုင်ငံတော်အတိုင်ပင်ခံနှင့်တကွ စောင့်ရှောက်နေသူများ၏ စားဝတ်နေရေး၊ ဆေးဝါးများကို စီစဉ်ပေးရန်တာဝန်ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်မခံလိုဘဲ ကိုယ်ပိုင်ငွေဖြင့်သုံးစွဲရန် စီစဉ်နေခြင်းဖြစ်သည်။  

ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် သူနှင့် အတူနေထိုင်သူကိုးဦးနှင့် ခွေးလေး တိုက်ချီဒိုလည်းရှိသည်ဟု ရှေ့နေဒေါ်မင်းမင်းစိုး၏ပြောကြားချက်အရ သိရသည်။

" လက်ထဲငွေသိန်းငါးဆယ်လောက်ရှိနေရင် အဆင်ပြေပါတယ်လို့ပြောပါတယ်" ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

ရှေ့နေများကို " အတင်းတောင်းဆိုတာမဟုတ်ဘဲ ကူညီနိုင်လျှင်ကူညီပါလို့တောင်းဆိုတာ"ဟု သူမက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယခင်ကနေခဲ့သော ခြံအမှတ် (၃၃) အနီးတဝိုက် လုံခြုံရေးများ သိသိသာသာလျော့ကျသွားသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသဖြင့် အခြားနေရာတစ်ခုကို ရွှေ့လိုက်ပြီဟု ယုံကြည်ရသည်။

အတူနေသူများတွင် ယခင်ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျစဉ်ကာလ ရန်ကုန်မြို့ခြံအမှတ် (၅၄) တွင် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သော ဦးထွန်းထွန်းဝင်း (ခ)ခင်ထွေး (ခ) ကိုပု၏ ဇနီး ဒေါ်ဝေဝေသန်းနှင့် သူ၏သုံးနှစ်ကျော်အရွယ် ဖိုးချမ်း (ခ) မောင်မင်းချမ်းမြေ့တို့ပါဝင်သည်။ ကိုပုသည် ၂၀၁၈ ခုနှစ် အစောပိုင်းက နေပြည်တော်တွင် ဆုံးပါးသွားခဲ့သည်။ ကျန်သူများတွင် ကားမောင်းသမား၊ ခြံစောင့်နှင့် အိမ်ကူတို့ပါဝင်သည်ဟု မဇ္ဈိမက သိရှိထားသည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့်အိမ်နီးနားချင်းဖြစ်သော သမ္မတဦးဝင်းမြင့်ကတော့ သူ၏နေအိမ်ခြံအမှတ် (၂၉)တွင် ဆက်လက်ရှိနေသည်။ သမ္မတကြီးအတွက် ထမင်းပို့ဆောင်မှုကို တစ်နေ့သုံးကြိမ်လုပ်ဆောင်ပေးနေသည်ဟု နေပြည်တော်ရှိ သတင်းအရင်းအမြစ်များက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် အမှု ငါးမှုနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် အမှုတစ်မှုရင်ဆိုင်နေရသည်။ 

အဆိုပါအမှုများမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် နှစ်မှု၊  ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇ နှင့် မြန်မာနိုင်ငံလျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)တို့ဖြစ်သည်။ ပုဒ်မ ၅၀၅ (ခ) အမှုမှာ အသက် ၇၅ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့သုံးဦးလုံးကို အမှုတွဲတစ်တွဲတည်းတပ်စွပ်စွဲထားခြင်းဖြစ်သည်။

တရားစွဲခံထားရသူသုံးဦးလုံးကို ယနေ့ ဇွန်လ ၇ ရက်နေ့တွင် ဆင့်ခေါ်ပြီး နေပြည်တော်တွင်တရားဆိုင်ရမည့် အမှုများနှင့်ပတ်သက်၍ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေး(CMP) ပြုလုပ်ကာ ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးသွားရန် သတ်မှတ်ခဲ့သည်။

လာမည့်တတိယအကြိမ်ရုံးထုတ်စစ်ဆေးမှုကို ဇွန်လ ၁၄ ရက်နေ့သို့သတ်မှတ်ပြီး တတိယအကြိမ်မှစတင်၍ တစ်ပတ်လျှင် ရုံးချိန်းနှစ်ချိန်း ( တနင်္လာနေ့၊ အင်္ဂါနေ့) စစ်ဆေးသွားရန်ဆုံးဖြတ်ခဲ့ကြသည်။

တရားခွင်မှာဒေါ်အောင်ဆန်းစုကြည်က တရားစွဲခံရသူသုံးဦး အချင်းချင်းစကားပြောဆိုခွင့်ပေးပါရန် တရားသူကြီးကိုလျှောက်ထားရာ တရားသူကြီးက သက်ဆိုင်ရာ ထိန်းသိမ်းထားသည့် ရဲတပ်ဖွဲ့နှင့် ရှေ့နေအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ 

သမ္မတဦးဝင်းမြင့်အနေဖြင့် ရင်ဆိုင်ရမည့် အမှုနှစ်ခုရှိသည်။ သုံးယောက်ပေါင်း စွပ်စွဲခံထားသည့် ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြစ်သည်။  

ဒေါက်တာမျိုးအောင်ကတော့ သုံးယောက်တွဲတွင်ပါဝင်သည့်  ၅၀၅ (ခ) ကိုသာ ရင်ဆိုင်ရမှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required