နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဇွန် ၂၀၂၁)
ပုံစာ - ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်စနစ် အပြီးတိုင်ပြုတ်ကျရေးအတွက် ပြောက်ကျားစနစ်ဖြင့်ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - CJ)

ရန်ကုန်တိုင်းဒေသကြီး

• မရမ်းကုန်းမြို့နယ် သပြေသာလမ်းသစ်ရှိ အ.မ.က (၁၇) ကျောင်းတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပျူစောထီးဟု ဒေသခံ များက သတ်မှတ်ထားသည့် လူနှစ်ဦးက လမ်းမီးမျာပိတ်ချလိုက်ကာ ဆိုင်ကယ်များဖြင့် လမ်းအတွင်းဝင်ရောက်ကာ ကျောင်းအတွင်းသို့ ဓာတ်ဆီပုလင်းနှစ်လုံး ပစ်သွင်း၍ မီးရှို့ခဲ့ရာ ရပ်ကွက်နေပြည်သူများ အချိန်မီသိကာ ဝိုင်းဝန်းငြိမ်းသတ် သဖြင့် မီးမလောင်ခဲ့ပေ။ 

• သာကေတမြို့နယ် မာန်ပြေရှိ အမှတ် (၃) စာသင်ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်တွင် ရှိနေသည့် လက်နက်ကိုင် ရဲအဖွဲ့ဝင် နှစ်ဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့က နံနက် ၇ နာခွဲခန့်က လာရောက်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး ရဲတစ်ဦး ကျည်ဆန်ထိမှန်ခဲ့သည်။ ပစ်ခတ်မှုများအပြီး စစ်အုပ်စုဘက်က လက်နက်ကိုင်စစ်သားနှင့် အရပ်ဝတ်များ ရောက်ရှိလာကာ လမ်းသွားလမ်းလာများအား စစ်ဆေးကာ လုံခြုံရေးတိုးမြှင့်ထားပြီး ပြီးခဲ့သည့် ၂၈ ရက်ညပိုင်းကလည်း သာကေတ ဇိနမာရ်အောင် ဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များအား အမည်မသိအဖွဲ့က လာ ရောက်ပစ်ခတ်သွားသည်။ 

• မြောက်ဥက္ကလာပတွင် ယနေ့ နေ့လယ်ပိုင်းက စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝေဘာဂီ (၃) ရပ်ကွက်တွင် ပြည် သူပိုင်ဆိုင်ကယ် အစီး ၃၀ ခန့်အား ဖမ်းဆီးသွားသည်။

• သာကေတလူငယ်များကလည်း "NUG သည်သာ ငါတို့ အစိုးရဖြစ်သည်"၊ "ငါတို့ပြည်သူထိခိုက်အောင် PDF မလုပ် - လုပ်ရင် ငါတို့မဟုတ်" အပါအဝင် စစ်တပ်ထောက်ခံသည့် ရုရှားနှင့် တရုတ်အစိုးရတို့အား ကန့်ကွက်ကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်မြို့နေ လူငယ်များကလည်း အလုံမြို့နယ်၊ သစ်တောလမ်းတွင် ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရန်ကုန်မြို့ပေါ်တွင် စစ်အုပ်စုတပ်စွဲထားသည့် နေရာအချို့တွင် တပ်သားများအား ရက်အပိုင်းအခြားသတ်မှတ်၍ စစ်တပ် ဝတ်စုံနှင့် ရဲဝတ်စုံများအား ပြောင်းလဲဝတ်ဆင်စေကာ လုံခြုံရေးယူခိုင်းမှုများ ပြုလုပ်ခိုင်းထားသည်ဟု သိရသည်။ 

• စစ်အုပ်စုက ပြန်လည်ဖွဲ့စည်းသည့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံထားရသူ သရုပ်ဆောင် ခန့်စည်သူက ၎င်းတာဝန်ကို ထမ်းဆောင်လိုခြင်းမရှိဟုဆိုကာ နုတ်ထွက်စာတင်ထားသည်။ 

• စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုဖြင့် ဧပြီလ ၁၅ ရက်က ဖမ်းဆီးခံခဲ့ရကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူ ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းမှာ ယနေ့နံနက် ၁၁ နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။ 

• လူမှုကွန်ရက်ပေါ်တွင် စစ်တပ်ဘက်အား ထောက်ခံဝါဒဖြန့်ခဲ့သူ လောဘီအောင်မင်းဟု လူသိများကာ ရန်ကင်းမြို့၊ ဆရာစံ လမ်းတွင် နေထိုင်သူ အောင်မင်းမှာ မရမ်းကုန်းမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရကာ စစ်ဆေးရုံ၌ ကုသနေရသည်ဟု သိရကာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• ရန်ကုန်မြို့ခံ လူငယ်အချို့က မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်များပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• တောင်ဥက္ကလာမြိူ့နယ် လူငယ်များကလည်း မိုးရွာသွန်းသည့်ကြားကပင် "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ" ဆိုင်းဘုတ် များ ဖြန့်ဆွဲကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန်းအမြန်လမ်းပေါ်ရှိ ရွှေအုန်းပင်စားသောက်ဆိုင်တွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားရာ တစ်ဦး သေဆုံးခဲ့သည်။ 

• မန်း ပြည်ကြီးတံခွန်တွင် ဆိုင်ကယ်စီးလာသူ နှစ်ဦးအား ယမန်နေ့ညပိုင်း ၉ နာရီခွဲကျော်ခန့်က စစ်အုပ်စုဘက်က ကားဖြင့် တိုက်သတ်ခဲ့ရာ တစ်ဦးမှာ ယင်းမြို့နယ်နေ ကိုအောင်ကျော်ထွေးဆိုသူ ဖြစ်ကာ ကျန်တစ်ဦးမှာမူ စုံစမ်းဆဲဖြစ်ပြီး ၎င်းတို့၏ အလောင်းများအား မန္တလေးဆေးရုံကြီးရေခဲတိုက်တွင် ထားရှိထားသည်။ 

• ဇွန်လ ၁ ရက် ညပိုင်းက မန်း မစိုးရိမ်တိုက်သစ် ဆရာတော်များ ပရိတ်ရွတ်အမျှဝေမှုအား စစ်အုပ်စုလက်နက်ကိုင်များက ဆဲဆို၊ ဖြိုခွင်း၊ ပစ်ခတ်မှုဖြစ်ရပ်များ မရှိကြောင်း ဇွန်လ ၄ ရက်ထုတ် စစ်တပ်အာဘော် သတင်းစာတွင် ဖော်ပြထားရာ ယင်းမှာ မမှန်ကန်ကြောင်းနှင့် ဖြိုခွဲစဉ်က သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဟု မစိုးရိမ်တိုက်သစ် နာယကအဖွဲ့က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ထို့ပြင် စာသင်တိုက်အတွင်း လက်နက်ကိုင်ဆောင်၍ ဝင်ရောက်ခြင်း၊ ဆဲဆိုခြင်း၊ ခြိမ်း ခြောက်ပစ်ခတ်ခြင်းများမှာ မစိုးရိမ်တိုက်သစ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် ဘာသာနှင့် သာသနာတော်အား မလေးစားခြင်း၊ တန်ဖိုးမထားခြင်း ဖြစ်သည်ဟုလည်း ပြစ်တင်ရှုတ်ချထားသည်။

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း လူအင်အားအများအပြားဖြင့် ပြည်ကြီးတံခွန်မြို့နယန်တွင်းရှိ လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင် စနစ်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် သမဝါယမတ္ကသိုလ်ကျောင်းသား/သူ၊ မန္တလာတက္ကသိုလ်ကျောင်း သား/သူ၊ စက်မှုစုပေါင်း၊ ဘုရားကြီး၊ ချမ်းမြသာစည်ကျောင်းသားသမဂ္ဂ၊ အ.ထ.က (၂၄) ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းများ ပါဝင်သည်။

• မန်းမြို့ခံများကလည်း "ရွှေမန္တလေးရဲ့ မြို့သိမ်းသပိတ်စစ်ကြောင်း" အမည်ဖြင့် နေ့လယ်ပိုင်းတွင် မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း အမရပူရမြို့နယ် ဗကသအဖွဲ့ချုပ်နှင့် မြို့နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်းကာ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်း နန်းရှေ့ဘက်ရှိ နန်းရှေ့စျေးနှင့် အနီးရပ်ကွက်များရှိ လမ်းကြားများအထိ စစ်ကားငါးစီးခန့်ဖြင့် ကင်းလှည့်မှုများ ရှိနေ ကာ စစ်ဖက်ဆိုင်ရာလုံခြုံရေး - စရဖအဖွဲ့ဘက်မှလည်း အရပ်ဝတ်များဖြင့် လမ်းဆုံနေရာများတွင် အရပ်သားအသွင်ယူ၍ သွားလာလှုပ်ရှားမှုများ ရှိနေကြောင်း နန်းရှေ့နေ မြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ 

• မန္တလေးမြို့ပေါ်တွင် ရွေ့လျားသုံးနိုင်သည့် အင်တာနက် Portable Internet Router များအား သက်တမ်းတိုးရာတွင် နေအိမ်လိပ်စာအတိအကျဖြင့် မှတ်ပုံတင်ခိုင်းမှုများအား ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ ISP များက လုပ်ဆောင်နေကြောင်း သွားရောက်သက်တမ်းတိုးခဲ့သည့် မန်းမြို့ခံတစ်ဦးက ဆိုသည်။ 

• မြင်းခြံမြို့ပေါ်တွင် လူထုသပိတ်များ မလုပ်ဆောင်နိုင်ရန်အတွက် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားရာ စွန်းလွန်းဒဏ္ဍရီလမ်းဆုံ၊ အမှတ် (၁) ရပ်ကွက် (၁၇) လမ်းအနီး လမ်းမကြီးများပေါ်၊ သုဿန်အနီးနှင့် (၁၁) လမ်း လမ်းမ အနောက်ဘက်တို့တွင်လည်း အင်အား ၅၀ ခန့်ဖြင့် လုံခြုံရေးယူထားလျက် ရှိသည်။ 

• ညောင်ဦးပင်မသပိတ်စစ်ကြောင်းကလည်း "တောင်တန်းပြည်မ ညီညွတ်သည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကြီးများ ကိုင်ဆောင်ကာ မြို့တွင်းအဓိကလမ်းမကြီးများပေါ်အထိ တက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မလှိုင်မြို့နယ်အတွင်း စစ်အုပ်စုအမိန့်နာခံကာ ကိုယ်ကျောင်းနှင့် ဘော်ဒါကျောင်းများ ပြန်ဖွင့်နေရာ နွေဦးတော်လှန်ရေးအ တွင်းကျဆုံးခဲ့သည့် ကျောင်းသားလူငယ်များအား ထောက်ထားသည့်အနေဖြင့် ပြန်လည်မဖွင့်လှစ်ကြရန် မလှိုင်မြို့နယ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းထားသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့ပေါ်တွင် စစ်အုပ်စုလက်နက်ကိုင်များက မြို့အနှံ့တွင် ရဲနှင့် စစ်သား ပူးပေါင်းအဖွဲ့များဖြင့် လုံခြုံရေးတင်းကြပ်ထား ကာ ဆိုင်ကယ်စီးနင်းသူများအား ယာဉ်လိုင်စင်နှင့် ဖုန်းများ အဓိကထား စစ်ဆေးလျက်ရှိသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာအနီး စည်စွဲတောင်အနီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲတွင် စစ်အုပ်စုဘက်က ၁၀ ဦးထက်မနည်း သေဆုံးကာ ငါးဦး အရှင်ဖမ်းမိထားကာ ပြည်သူများဘက်က တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်။ 

• ချောင်းဦးမြို့နယ်တွင် စစ်အာဏာရှင်စနစ်အား နည်းပေါင်းစုံသုံး တော်လှန်နေသူများ စုပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• မုံရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် စစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် အင် အားစုများ စုပေါင်းကာ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ဖွဲ့စည်းလိုက်သည်။ 

• တန့်ဆည်မြို့ စိန်ကျေးကူရွာတွင် စစ်အုပ်စု သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ ဦးဖိုးနီမှာ နံနက် ၁ နာရီခန့်က ရွာပြင်ရှိ လယ်တောအိမ်တွင် မိသားစုနှင့်အတူ ရှိနေစဉ် သေနတ်သမားများက လာရောက်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ကာ ဇနီးဖြစ်သူလည်း ဆီးခုံတွင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ပစ်ခတ်ခဲ့သူများက ၎င်းတို့နှစ်ဦးအတူ ရှိနေသည့် ကလေး ငယ်သုံးဦးကိုမူ ပြန်လွှတ်ပေးခဲ့ပြီး ရွာတွင်းရှိ ဦးဖိုးနီ၏ နေအိမ်၊ ကားနှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

• မုံရွာမြို့စျေးကြီးထဲတွင် ယနေ့နံနက်ပိုင်းက မုံရွာကျောင်းသားလူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းကလည်း "ဘယ်တော့မှ သွေးမအေးကြောင်း" ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် မုံရွာပင်မသပိတ်စစ်ကြောင်းကလည်း ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာများ သပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့် လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်ခရိုင်၊ ညောင်ကိုင်းအုပ်စုနေ ပြည်သူများကလည်း ကျေးရွာအထက်တန်းကျောင်းရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး - ၁ ဌာနစိတ်မှ ရဲတပ်သား (မ) ကျော့ကျော့ခိုင်မှာ စစ်အုပ်စုလက်အောက်တွင် တာဝန်မ ထမ်းဆောင်လိုသည့်အတွက် ယနေ့မှစ၍ CDM ပြုလုပ်လိုက်ပြီ ဖြစ်သည်။

• ကနီမြို့နယ်တွင် အင်အား ၃၀ ခန့်ဖြင့် စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ကာ ပြည်သူပိုင်ပစ္စည်းများအား လုယက်ယူဆောင်မှုများ လုပ်ခဲ့ရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ယနေ့ နံနက် ပိုင်းက ရွှေသိမ်တော်ကြိုးပြင် ကာကွယ်ရေးတောတွင်း ပစ်ခတ်မှုအချို့ ဖြစ်ခဲ့ကာ စစ်အုပ်စုဘက်က လေးဦးခန့် ထိခိုက်သွားခဲ့သည်ဟု သိရသည်။ 

မကွေးတိုင်းဒေသကြီး

• မကွေးမြို့တွင် ယမန်နေ့ညပိုင်း ၉ နာရီခွဲခန့်က အ.ထ.က (၂) ကျောင်းရှေ့တွင် မြို့ခံကျောင်းသားလူငယ် ခြောက်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ဒူးထောက်ခိုင်းထားပြီးနောက် ရိုက်နှက်ဖမ်းဆီးသွားသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများ မှာ ကိုကျော်ဇေယျအောင် ကိုရဲဖုန်းအံ့၊ ကိုလင်းထက်အောင်၊ ကိုဝတီမင်းမြတ်၊ ကိုအောင်ခိုင်မင်းနှင့် ကိုအောင်ဖြိုးဝေတို့ ဖြစ်သည်။ 

• မြိုင်မြို့နယ် တောင်ပိုင်းဇုန် ပြည်သူများကလည်း အင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မကွေးတိုင်းတစ်ခုလုံးတွင် CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ်တည်သည့် အခြေခံပညာအဆင့်ကျောင်းများမှ အထက်တန်းနှင့် အလယ်တန်းကျောင်းအုပ် ၂၅၀ ဦးအား စစ်အုပ်စုက အလုပ်က ထုတ်ပယ်ထားသည်။ 

• ထီးလင်းမြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား သားညီမှာ ဇွန်လ ၅ ရက်က စ၍ ပြည်သူနှင့်အတူ ရပ် တည်ကာ CDM ပြုလုပ်လာပြီ ဖြစ်သည်။ 

• NLD မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအား စစ်အုပ်စုက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ကာ ပွင့်ဖြူတရားရုံးက သဘာဝဘေးစီမံပုဒ်မများဖြင့် အမှုထပ်ဖွင့်ထားသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာနေပြည်သူများက သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကနက်သီရိကျေးရွာနေ ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် ကျေးရွာတွင်း လှည့် လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်မြို့ တပ်ပေါင်းစုနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းက ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့သည့်အပြင် ညနေပိုင်းတွင်လည်း ထပ်မံဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံမြို့နယ် မောင်းမကန်ကျေးရွာနှင့် ညင်းမော်ကျးရွာများတွင်လည်း သပိတ်စစ်ကြောင်းများ ထွက်ကာ စစ်အာဏာ ရှင်စနစ်အား အဆုံးတိုင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• မအူပင် ပြည်သူ့ဆေးရုံကြီးရှေ့တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်သူ မရှိခဲ့သော်လည်း ညပိုင်း တွင် ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း သိရသည်။ 

• မြောင်းမြမြို့ပေါ် အမှတ် (၈) ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်ဦး (ခ) မိုက်ကယ်ဆိုသူက ရပ်ကွက်တွင်း အိမ်ထောင်စုစာရင်းမရှိသူများအား ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ခြိမ်းခြောက်မှုများလုပ်ကာ ငွေကြေးတောင်းခံမှုများလည်း ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ကချင်ပြည်နယ်

• ပူတာအိုမြို့နယ်တွင် ဇွန်လ ၅ ရက်က စစ်အုပ်စုဘက်က ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူများအား လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ ဖတ်မာကျေးရွာနေ Tsam La ကို ကားဖြင့် ဖြတ်တိုက်သွားခဲ့သည့်အတွက် ခြေထောက်ကျိုး သွားခဲ့သည်ဟု သိရသည်။ 

• ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ အလယ်တန်းကျောင်းတွင် ဒေသခံများက သွေးစွန်းကျောင်းစိမ်းဝတ်စုံများ ချိတ်ဆွဲကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် စစ်အုပ်စုဘက်က ကျောင်းအပ်ရန် လိုက်လံကြေညာမှုများ ဆက်လုပ်နေသော်လည်း ကျောင်းအပ်သူတစ်ဦးမှ မရှိပေ။ 

• မိုးကောင်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ကင်းလှည့်နေသည့်ကြားကပင် မြို့ခံပြည်သူများက NUG အစိုးရထောက်ခံ ကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကောင်းမြို့ အ.ထ.က (၂) ကျောင်းဝင်းအတွင်းတွင် ယနေ့ နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်မှု မရှိ သော်လည်း စစ်အုပ်စုဘက်က လုံခြုံရေးယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• မိုးမောက်မြို့နယ် ဒေါ့ဖုန်းယမန်မြို့ဘက်သို့ ဗန်းမော်လမ်းမကြီးအတိုင်း အင်အား ၂၀၀ ခန့်ဖြင့် တက်လာသည့် ကားရှစ်စီးပါ ယာဉ်တန်းအား ဒေါ့ဖုန်းယန်မြို့နှင့် နှစ်မိုင်ခန့်အကွာ လိုင်ဂျော်ကုန်းတွင် KIA ဘက်က နံနက် ၁၀ နာရီခန့်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။ ဒေါ့ဖုန်းယန်မြို့သည် KIA ဌာနချုပ် လိုင်ဇာအနီးနှင့် စစ်အုပ်စုလက် လက်လွှတ်ခဲ့ရသည့် အလောဘွမ်စခန်းရှိရာ တောင်ခြေတွင် တည်ရှိသည်။ 

• နမ္မတီးမြို့ခံများကလည်း "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" ဟု ရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ကယားပြည်နယ်

• ရှမ်း-ကယားနယ်စပ် မိုးဗြဲတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်း ၇ နာရီခန့်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ကာ ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးများပြုလုပ်ခဲ့သည်။ ဒီးမော့ဆိုတွင်လည်း နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတိုတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုအဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက် ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဒေသခံများအား ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ် ခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

ကရင်ပြည်နယ်

• NLD အစိုးရလက်ထက် ကရင် ရှစ်မြို့နယ်ဖြစ်သည့် ဘားအံ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ မြဝတီ၊ ဖာပွန်၊ ဘုရားသုံးဆူ၊ လှိုင်းဘွဲ့တို့တွင် စိုက်ထူခဲ့သည့် အာဇာနည်ကျောက်တိုင်များကို ယမန်နေ့ ညပိုင်းက စစ်အုပ်စုဘက်က စက်ယန္တရားများသုံးက ဖြိုချဖျက်ဆီးခဲ့သည်။ 

• ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်လည်း ဒေသခံများက ကရင်အလံများ လွှင့်ထူကာ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ချင်းပြည်နယ်

• မင်းတပ်တွင် ယမန်နေ့က စစ်အုပ်စုဘက်က စစ်ကြောင်းသုံးကြောင်းခွဲ တိုက်ခိုက်မှု လုပ်ခဲ့ရာ ဒေသခံ Chinland Defense Force တပ်ဖွဲ့ဝင်များက ခုခံပစ်ခတ်ခဲ့သည့်အတွက် စစ်အုပ်စုဘက်က ၅၀ ခန့်ကျဆုံးကာ အများအပြားဒဏ်ရာရပြီး CDF ဘက်က သုံးဦးကျဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ဘုရားစခန်းရွာအောက်ဘက် ချောင်းဆုံအနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်အုပ်စုဘက်က လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းတိုက်ခိုက်မှုများပါ သုံးခဲ့သော်လည်း အဆိုပါတိုက်ပွဲတွင် စစ်အုပ်စုဘက်က ၄၀ ခန့် ကျဆုံးကာ CDF ဘက်က ထန်းမန်နှင့် ဟာဖေတို့ ကျဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ယှက်ရွာတိုက်ပွဲတွင်လည်း စစ်အုပ်စုက လက်နက်ကြီးပစ်ကူယူကာ တိုက်ခိုက်ခဲ့သည့်အတွက် CDF ဘက်က ငိုင်းရှိန်းမာန်ကျဆုံးကာ ၁၅ ဦးခန့်အထိ ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ပစ်ခတ်ခုခံမှုကြောင့် စစ်အုပ်စုဘက်က ၁၀ ဦးခန့် ကျဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

• ဇွန်လ ၅ ရက်ညပိုင်း ဟားခါးဗုံးကွဲမှုအပြီး စစ်အုပ်စုက ဒေသခံ ၆၁ ဦးအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခဲ့ရာ ၎င်းတို့ထဲမှာအသက်အရွယ်ကြီးရင့်သူ ၂၈ ဦးကို ယမန်နေ့ညပိုင်း ၁၀ နာရီကျော်က ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူများအား ဆက်လက်ထိန်း သိမ်းထားဆဲ ဖြစ်သည်။ အဆိုပါ ဗုံးကွဲမှုတွင် CDF ဘက်မှ တပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့သည်။ 

• ကန်ပက်လက်တွင် ရဲတပ်သား ကျော်ကျော်၊ ကွီးလိန်းနှင့် နိုင်းကြီးတို့မှာ CDM ပြုလုပ်သည်ဆိုကာ ကျေးရွာနှင့် ဒုက္ခသည် စခန်းများအတွင်း မြေပြင်အခြေအနေများ သိရှိနိုင်ရန် လိုက်လံစုံစမ်းသတင်းရယူနေသည့်အတွက် ပြည်သူများ သတိပြုဆင် ခြင်ရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

မွန်ပြည်နယ်

• “တောင်ပေါ်မြေပြန့် အတူပေါင်းဖက် ဖယ်ဒရယ်ဆီကို တို့ချီတက်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပေါင်မြို့နယ် လူငယ်များက စစ်အာဏာရှင်စန် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ရှမ်းပြည်နယ် 

• ကွတ်ခိုင်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း စစ်အုပ်စုလက်နက်ကိုင် တပ်မ (၉၉) နှင့် ကိုးကန့်တပ်မတော် - MNDAA တို့အကြား တိုက်ပွဲများ ဖြစ်ခဲ့ရာ စစ်အုပ်စုဘက်က ကိုးဦး သေဆုံးခဲ့သည်ဟု ဒေသအခြေစိုက်သတင်းဌာနများက ရေးသားထား သည်။ 

• တာချီလိတ်မြို့နယ်၊ ရွှေမြသာယာစျေးအနီးတွင် ညမထွက်ရအချိန်အထိ ဖွင့်လှစ်ခွင့်ရနေသည့် King Horse Fly Pub ကလပ်တွင် ယမန်နေ့ည ၈ နာရီခွဲကျော်အချိန်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ ထိခိုက်မှု အခြေအနေကိုမူ မသိရပေ။ အဆိုပါ နိုက်ကလပ်အနီးတွင် မေလ ၂၅ ရက် ညပိုင်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။

• ရွှေညောင်မြို့တွင် ဇွန်လ ၅ ရက် ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များ ပစ်ခတ်မှုဖြင့် လူငယ်နှစ်ဦး သေဆုံးကာ တစ်ဦးအား ဖမ်းမိရာတွင် ၎င်းတို့အား လက်ပစ်ဗုံးနှင့် စိတ်ကြွေဆေးပြားများအတူ ဖမ်းဆီးမိဟု စစ်အုပ်စုအာဘော် သတင်းစာတွင် ဖော်ပြထားကာ ယင်းမှာ မဟုတ်မှန်ကြောင်းနှင့် လိမ်လည်သတင်းထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိသည်။ 

• သိန္နီမြို့ အ.ထ.က (၁) ကျောင်းတွင် ယမန်နေ့ည ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ထိခိုက်သူ မရှိခဲ့ဟု သိရသည်။ 

• ရှမ်းတောင် ဟိုပုံးမြို့ မြို့နယ်ပညာရေးမှူးရုံးဝင်းတံခါးအနီးတွင် နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ရာ မြို့နယ်တွင်း ပညာရေးကဏ္ဍအသီးသီးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် "မူဆယ်မြို့နယ်လုံးဆိုင်ရာ အခြေခံပညာရေး CDM ဝန်ထမ်း များကော်မတီ" ကို ယနေ့ ဖွဲ့စည်းလိုက်သည်။ 

• ကျောက်မဲမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း စာများ ရေးသားကိုင်ဆောင်ကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• NUG အစိုးရက ထုတ်ပြန်သည့် ရိုဟင်ဂျာဆိုင်ရာ မူဝါဒသဘောထားသည် ရခိုင်ပြည်၏ အကျပ်အတည်းကို ပိုမိုခက်ခဲရှုပ်ထွေးစေကာ လက်ရှိတည်ငြိမ်မှုအား ပျက်ပြားစေရန် ဖန်တီးသော၊ ဆိုးကျိုးများဆက်စပ်ဖြစ်စေနိုင်သော လုပ်ရပ်ဟု ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီက ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ 

• ရခိုင်ပြည် လွတ်မြောက်ရေးပါတီ - ALP ကလည်း NUG ၏ ရိုဟင်ဂျာဆိုင်ရာမူဝါဒမှာ ထိရှလွယ်ကိစ္စများအား ဒေသခံအစုအဖွဲ့များနှင့် တိုင်ပင်လုပ်ဆောင်ရန် လိုအပ်ပြီး ရခိုင်တိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဆုံးဖြတ်လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းများ၏ လုပ်ရပ်ကိုမှ လက်ခံမှာ မဟုတ်ဟု ကြေညာထားသည်။ NUG ဘက်က ဇွန်လ ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မူဝါဒထုတ်ပြန်ချက်သာ ဖြစ်သေးပြီး အသေးစိတ်ညှိနှိုင်းလုပ်ဆောင်ရန် များစွာ လို အပ်သေးကြောင်း ထုတ်ပြန်ပြောဆိုထားပြီး ဖြစ်သည်။

နေပြည်တော် 

• စစ်အုပ်ချုပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအဖွဲ့ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံမှုအပြီးတွင် အာဆီယံဘက်က နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် ဇွန်လ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

• နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိန်းသိမ်းခံထားရစဉ်အတွင်း သူမနှင့်အတူနေသူများတွင် ငွေကြေးကျပ်တည်းမှုဖြစ်နေကာ စစ်အုပ်စုဘက်က ထောက်ပံ့မည်ဟု ပြောဆိုသော်လည်း ငြင်းဆန်ထားပြီး ရှေ့နေများမှ တစ်ဆင့်ပို့ဆောင်ပေးရန် တောင်းဆိုထားကာ လက်ရှိတွင် သူမနှင့်အတူ နေထိုင်သူ ကိုးဦးရှိသည်။ ထို့ပြင် သူမအား မတရားစွဲဆိုထားသည့်အမှုပေါင်း ခြောက်ခုအတွက် ရက်ပေါင်း ၁၈၀ အတွင်း အပြီအပြတ်စစ်ဆေးရန် တောင်းဆိုရာ စစ်အုပ်စုလက် အောက်ခံ တရားရုံးက လက်ခံလိုက်သည်။ 

• ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ဆောင်ခဲ့သူ ကိုဇော်နိုင်ဝင်း (ခ) ကိုရှည်ကြီးအား စစ်အုပ်စုက ထောင် ဒဏ် ခုနစ်နှစ် ချမှတ်လိုက်သည်။ 

ဇွန် ၇ သုံးသပ်ချက် 

• ရန်ကုန်တွင် လူထုပြောက်ကျားသပိတ်များ ပိုများလာကာ စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များအား လက်နက်ကိုင်ပစ်ခတ်မှုများလည်း ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က ပစ်ခတ်မှုများကို ဖမ်းဆီးနိုင်ရန်အတွက် ရွေ့လျားကင်းများထားကာ လှည့်လည်ခြင်း အိမ်စီးကားနှင့် ဆိုင်ကယ်များအား တားဆီးစစ်ဆေးခြင်းမျာ ပိုမိုလုပ်ဆောင်လာနေသည်။ မြို့ပေါ်ရှိ အချို့နေရာ များတွင် အထိုင်ချထားသည့် လုံခြုံရေးတပ်ဖွဲ့များအား ရဲနှင့် စစ်သားဝတ်စုံ အလှည့်ကျဝတ်စေခိုင်းကာ အင်အားများပြား သည်ဟု ထင်ရအောင် လုပ်ဆောင်နေမှုများလည်း ရှိသည်။

• မန္တလေးတွင် လူထုသပိတ်ကြီးများ ပိုမိုအားကောင်းလာနေကာ စစ်အုပ်စုဘက်ကကလည်း အရပ်သားဝတ်လက်နက်ကိုင်များ၊ စရဖများအား မြေပြင်ဆင်း အချက်အလက်ရယူခိုင်းခြင်းများ ပိုမိုလုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် အင်တာနက်ဝန် ဆောင်မှုပေးနေသည့် ISP များအား ဖိအားပေးကာ သုံးစွဲသူအချက်အလက်များ ပြန်လည်ရယူနိုင်အောင် လုပ်ဆောင်နေမှုများရှိကာ မြို့တွင်း လူစည်ကားရာ စျေးအနီးများရှိ ရပ်ကွက်လမ်းကြားများအထိပါ ရွေ့လျားလှည့်ကင်းများ ပိုမိုထားရှိနေ သည်။ 

• ယမန်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့သည့် ကယား (ဒီးမော့ဆို) နှင့် ချင်း (မင်းတပ်) တို့တွင် တိုက်ပွဲများ ပြန်အေးနေကာ ရင်ဆိုင်တိုက်ပွဲများတွင် စစ်အုပ်စုက ပြည်တွင်းစစ်သဖွယ် လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများ ပိုမိုသုံးစွဲလာလျက်ရှိကာ အရပ်သားများအားကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာနေသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်မြို့ကြီးများတွင် လူဦးရေ ရာနှင့်ချီသည့် လူထုသပိတ်များ ပိုမိုများပြားလာကာ ကျောင်းများပြန်ဖွင့် နေသည့်တိုင် ကျောင်းသားပြည်သူများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ မန္တလေး (မြင်းခြံ) နှင့် စစ်ကိုင်း (ကနီ) တို့တွင် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ကာ ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေဆဲဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း အခွင့်အရေးရသည်နှင့် ပြန်လည်တိုက်ခိုက်မှု ပြုခြင်းများ ပိုမိုအားကောင်းလာနေသည်။

• စစ်အုပ်စုတွင် နိုင်ငံတကာနှင့် NUG အစိုးရ ဖိအား ကင်းလွတ်နေကာ လူထုဆန္ဒပြမှုနှင့် လက်နက်ကိုင်ခုခံမှု ဖိအားများ ပိုမို များပြားလျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သေနတ်ပစ်ဖောက်မှုများ ဆက်တိုက်ရှိနေကာ တိုက်ပွဲတိုင်း လိုလိုတွင် အထိနာနေသည့်အတွက် တပ်တွင်းစည်းရုံးရေး ထိခိုက်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေကာ စစ်အုပ်စုလက် အောက်ခံ ရဲတပ်ဖွဲ့တွင် CDM လုပ်သူများ နေ့စဉ်လို ရှိနေသည်။ စစ်အုပ်စုမှာ အာဏာသိမ်းမှု လေးလကျော်ကြာမြင့်သည်အထိ အုပ်ချုပ်ရေးယန္တရားများ မတည်ဆောက်နိုင်သေးဘဲ စီးပွားရေးယန္တရားများ လည်ပတ်ရေးမှာလည်း မအောင်မြင်ဘဲ ရှိနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly