ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများတွင် တရားလိုထွက်ဆိုချက်များကို လာမည့် တနင်္လာနေ့၌ စတင်စစ်ဆေးမည်

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများတွင် တရားလိုထွက်ဆိုချက်များကို လာမည့် တနင်္လာနေ့၌ စတင်စစ်ဆေးမည်

ဇွန် ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုများတွင် လာမည့်အပတ် တနင်္လာနေ့ (ဇွန် ၁၄ ရက်) ရုံးချိန်းမှစ၍ တရားလို သက်သေထွက်ဆိုချက်များကို စတင်ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်း သူမ၏ ရှေ့နေတစ်ဦးက အေအက်ဖ်ပီကို ဇွန်လ ၇ ရက်တွင် ပြောသည်။

“လာမယ့် ရုံးချိန်းကနေစလို့ တရားလိုနဲ့ တရားရုံးသက်သေတွေဆီက ထွက်ဆိုချက်တွေကို စတင် ကြားနာစစ်ဆေးပါလိမ့်မယ်” ဟု ဇွန်လ ၁၄ ရက်တွင် စီစဥ်ထားသော ရုံးချိန်းကို ရှေ့နေ ‌‌ဒေါ်မင်းမင်းစိုးက ရည်ညွှန်းပြောခဲ့သည်။

နေပြည်တော်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇွန်လ ၇ ရက်က တွေ့ဆုံခဲ့ပြီးနောက် သူမ၏ ရှေ့နေဖြစ်သူက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“အမေစုက ပြည်သူတွေအားလုံး ကျန်းမာအောင် နေကြဖို့ မှာပါတယ်” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုများတွင် တရားလို သက်သေ ထွက်ဆိုချက်များ စစ်ဆေးမှုကို ဇွန် ၁၄ ရက်ကနေ စတင်မည်ဖြစ်ပြီး အမှုများကို ဇူလိုင် ၂၆ ရက်တွင် အပြီးသတ်စစ်ဆေးမည်ဟု မျှော်လင့်ကြောင်း သူမ၏ ရှေ့နေအဖွဲ့က ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခဲ့ပြီးနောက် သူမ၏ ရှေ့နေများသည် သူမနှင့် လူကိုယ်တိုင် နှစ်ကြိမ်သာ တွေ့ခွင့်ရထားသေးသည်။

ထို့ပြင် အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၀ ရွေးကောက်ပွဲအတွင်း အပြတ်အသတ် အနိုင်ရထားခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုလည်း မဲမသမာမှုများ ရှိသည်ဟု စွပ်စွဲပြီး ပါတီဖျက်သိမ်းမည်ဟုပင် ခြိမ်းခြောက်ထားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required