မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံများကို ဘင်္ဂလားဒေ့ရှ် ဝေဖန်ရှုတ်ချ

မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံနေသော နိုင်ငံများကို ဘင်္ဂလားဒေ့ရှ် ဝေဖန်ရှုတ်ချ

ဇွန် ၇

မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်နေသည့် လုပ်ငန်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများနှင့် နိုင်ငံတကာဘဏ်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီး အေကေ အဗ္ဗဒူလ် မိုမန်က အပြင်းအထန် ပြစ်တင်ဝေဖန်လိုက်သည်။

ယင်းအတွက်ကြောင့် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး အဆိုပါ နိုင်ငံများမှ သံတမန်များကို မေးခွန်းထုတ်ရန် မိုမန်က ဇွန်လ ၆ ရက်တွင် ဂျာနယ်လစ်များကို ပြောခဲ့သည်။

ပုဂ္ဂလိကကဏ္ဍ ကော်မာရှယ်ဘဏ်များနှင့် ယင်းတို့ ငွေကြေးထောက်ပံ့နေသော လုပ်ဆောင်မှုများကို ပစ်မှတ်ထား စောင့်ကြည့်နေသည့် နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သည့် BankTrack က မကြာသေးခင်က အစီရင်ခံစာ ထုတ်ဖော်ခဲ့ရာတွင် နိုင်ငံတကာဘဏ်လုပ်ငန်း ကိုးခုသည် မြန်မာစစ်တပ်နှင့် ဆက်နွယ်ပတ်သက်နေသော ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိထားသည်ဟု ဖော်ပြခဲ့သည်။

Mitsubishi UFJ Financial Group ၊ Sumitomo Mitsui Financial Group ၊ JPMorgan Chase ၊ UBS ၊ Credit Suisse ၊ Morgan Stanley ၊ Bank of America ၊ Wells Fargo နှင့် BNP Paribas တို့သည် မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်နှင့် ယင်း၏ လုပ်ငန်းများနှင့် ဆက်နွယ်နေသော ကုမ္ပဏီ ၁၈ ခုတွင် ဒေါ်လာ ၂၄ ဘီလီယံကျော် တန်ဖိုးရှိ အစုရှယ်ယာများ ထိန်းသိမ်းထားသည်ဟု အဆိုပါ အစီရင်ခံစာတွင် ‌ဖော်ပြသည်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့ကြားက ဒီဘဏ်တွေဟာ မြန်မာကို ငွေကြေးတွေ ပေးအပ်နေတယ်၊ ပြီးတော့ သူတို့ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဟောပြောပို့ချနေတဲ့ နိုင်ငံတွေက ဘဏ်လုပ်ငန်းတွေလည်း ဖြစ်တယ်၊ ဒါမျိုးက လက်သင့်ခံစရာအကြောင်းကို မရှိပါဘူး” ဟု မိုမန်က ပြောသည်။

မြန်မာစစ်တပ်သည် ရိုဟင်ဂျာ (မူရင်း) များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ထားကြောင်း စွဲချက်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော်ငြား မြန်မာကို ဘဏ္ဍာရေးအရ ကူညီနေသည့် နိုင်ငံများနှင့် ဘဏ်များကို ၎င်းက ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံတွေ ရင်းနှီးမြှုပ်နှံနေသလဲ ဆိုတာ ဖော်ထုတ်ပါ၊ သူတို့ ဘာကြောင့် ရင်းနှီးမြှုပ်နှံနေရသလဲ ဆိုတာကို အဲဒီနိုင်ငံတွေရဲ့ သံအမတ်တွေကို မေးကြစမ်းပါ၊ ခင်ဗျားတို့အနေနဲ့ လူ့အခွင့်အရေးအကြောင်း ပြောရင် ဒါမျိုးကိုတော့ မလုပ်သင့်ပါဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် ကော့ဇ်ဘဇားမှ ဘာဆန်ချား ကျွန်းသို့ ပြောင်းရွှေ့နေရာချထားပေးသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ထောက်ပံ့ကူညီပေးနေသည့် လုပ်ဆောင်ချက်များတွင်လည်း မကြာမီ ချိတ်ဆက်ပါ၀င်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required