မင်းတပ်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီမှပြည်သူ ၇ ဦးအား လူသားဒိုင်းပြုလုပ်၍ တိုက်ခိုက်

မင်းတပ်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီမှပြည်သူ ၇ ဦးအား လူသားဒိုင်းပြုလုပ်၍ တိုက်ခိုက်

ဇွန် ၅

ချင်းတောင်နှင့်ယောနယ်စပ်ကြား မင်းတပ်မြို့နယ်ရှိ မယ်လယ်ကုန်းရွာ၌ နှစ်ဘက်တိုက်ပွဲဖြစ်ရာ ယနေ့ဇွန်လ ၅ ရက်နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ ခုနှစ် ဦးအား လူသားဒိုင်းပြုလုပ်၍ ချီတက်တိုက်ခိုက်လာကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat)ရဲ့ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

"မနေ့ နေ့ခင်းက မယ်လယ်ကုန်းရွာမှာတိုက်ပွဲစဖြစ်တယ်။အကြောင်းရင်းကတော့ မယ်လယ်ကုန်းကနေရွှေအောင်သာကိုသွားမယ့်စစ်ကူတွေကို CDF မင်းတပ်က ကင်းပုန်း၀င်တိုက်တာ။ ကံကဆိုးချင်တော့တိုက်ပွဲဖြစ်မှမိုးရွာလေပြင်းတိုက်လို့တူမီးပစ်လို့မရတဲ့အခက်အခဲဖြစ်ခဲ့တယ်။ ဒီနေ့မနက်လဲတိုက်ပွဲတွေဖြစ်တယ်။အဲ့ဒါအပြင်မယ်လယ်ကုန်းအနီးတ၀ိုက်ရွာက ရွာသား ခုနှစ်ယောက်ဖမ်းပြီး လူသားဒိုင်းလုပ်ပြီးတက်လာတယ်"ဟု ၎င်းကပြောသည်။ 

အဆိုပါ မယ်လယ်ကုန်းရွာ တိုက်ပွဲအစမှာ အကြမ်းဖက်စစ်ကောင်စီမှ ဇွန်လ ၃ ရက်နေ့ကတိုက်ပွဲစဖြစ်သည့် ထီးလင်း-ကျောက်ထုကြားရှိ ရွှေအောင်သာရွာသို့ ယမန်နေ့ ဇွန်လ ၄ ရက်တွင် မယ်လယ်ကုန်းမှ စစ်အင်အား ၈၀ ဦး၀န်းကျင်စစ်ကူချီတက်လာသောကြောင့် CDF-Mindat မှပျောက်ကြားတိုက်ခိုက်ခဲ့ရာမှာ ရာသီဥတုအခြေအနေကြောင့်တူမီးလက်နက်အသုံးပြု၍မရသောကြောင့် အနီးကပ်တိုက်ခိုက်မှုများရှိခဲ့ပါသည်။

အဆိုပါတိုက်ပွဲမှာ မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat မှ ၃ဦးကျဆုံးခဲ့ကြောင်းသိရသည်။ 

အာဏာလုစစ်ကောင်စီဘက်မှလက်နက်ကြီး RPG များဖြင့် ပစ်ခတ်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လဲ သိရပါတယ်။

မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလဲ အကြမ်းဖက် စစ်ကောင်စီဘက်က ဓာတုလက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သံသယဖြစ်ဖွယ်ရှိနေတယ်လို့ CDF-Mindat က သတင်းထုတ် ပြန်ခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly