နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၄ ဇွန် ၂၀၂၁)
ပုံ - ဇွန်လ ၄ ရက်၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အတွင်း ရှိ စိန်ပန်းမြေမှာ နေပူဒဏ်ကိုအန်တုလို့မာန်တစ်စုက "ဖိလေကြွလေ စိန်ပန်းမြေ" ဟု စစ်သူပုန်အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြသည့်မြင်ကွင်း(Photo - CJ)

ရန်ကုန်တိုင်းဒေသကြီး

• ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းရီမှာ ယမန်နေ့ ည ၆ နာရီဝန်းကျင်က မင်းနန္ဒာလမ်းနှင့် ရွှေဖူး မျှောလမ်းထိပ်တွင် ကားဖြင့်သွားနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ပွဲချင်းပြီးသေဆုံးသွားသည်။ 

• စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (တောင်) ရပ်ကွက်ရုံးတွင် ယမန်နေ့ည ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အဆိုပါရုံးမှာ ယခင်က စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားသည့်နေရာဖြစ်ကာ ၎င်းတို့ တပ်ပြန်ရုတ်သွားပြီးနောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုအပြီးတွင် အဆိုပါရုံးအနီး၌ လက်နက်ကိုင်စစ်အုပ်စုက ပြန်လည်လုံခြုံရေးယူထားသည်။ 

• စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းပေါ်ရှိ Blazon ဟု လူသိများသည့် ပင်လုံထိပ်ထားကွန်ဒိုကြီးတွင် စစ်အုပ်စုလက်နက်ကိုင် များက ဝင်ရောက်တပ်စွဲထားလျက် ရှိသည်။ ယခင်က အဆိုပါကွန်ဒိုအနီးရှိ တော်လှန်ရေးပန်းခြံတွင်သာ တပ်စွဲထားခြင်း ဖြစ်သည်။ 

• တောင်ဥက္ကလာပ၊ ၁၄/၂ ရပ်ကွက်၊ မိုးဆွေလမ်းတွင် ယမန်နေ့ညပိုင်း ၁၀ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက လူငယ်လေးဦးအား ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူငယ်နှစ်ဦး သေနတ်ကျည်ထိမှန်ကာ ဖမ်းဆီးခံရပြီး နှစ်ဦး လွတ်မြောက် သွားသည်။ 

• ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ကိုထိန်လင်းအောင်အား အဖျောက်မြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်က ဖမ်းဆီးမိခဲ့ကာ လှော်ကားရဲစခန်းသို့ ပို့ဆောင် မည်ဖြစ်ပြီး ၎င်းအား ရွှေပြည်သာနေအိမ်တွင် စစ်တပ်က သုံးကြိမ်ခန့် လာရောက်ရှာဖွေခဲ့သော်လည်း မိသားစုလိုက် တိမ်း ရှောင်နေရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

• ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့မှ CDMလုပ်နေသည့် ဝန်ထမ်းများအား စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ - စရဖက ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံများပေးပို့ရန် ညွှန်ကြားထားသည်။ 

• ရန်ကုန်မြို့နယ်စုံ လူငယ်များကလည်း ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ အောင်ဇေယျလမ်းမကြီးပေါ်တွင် ပြောက်ကျားသပိတ် ထပ်မံပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒပြချိန်အတွင်း စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာသည့်အတွက် လူစုခွဲ ခဲ့ရပြီး ဖမ်းဆီးခံရသူ မရှိခဲ့ပေ။ 

• စစ်အုပ်စုက အသစ်ပြန်လည်ဖွဲ့စည်းသည့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ယာယီအမှုဆောင်အဖွဲ့တွင် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိကြောင်း အဆိုတော်နှင့် တေးရေး ကိုင်ဇာ (ခ) ဦးညီညီဝင်း၊ ဝေကြီး၊ ညီမင်းခိုင်၊ မနော၊ ဟင်္သာတမြင့်ငွေ၊ ကိုင်ဇာနှင့် Sကဲနက်တို့က နုတ်ထွက်စာ တင်ထားသည်။ 

• စစ်အုပ်စုသြဇာခံကာ ပြန်လည်ဖွဲ့စည်းသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ရာတွင် ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် ခန့်စည်သူကို ရွေးချယ်ထားသည်။ 

• စစ်အုပ်စုလက်အောက်တွင် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် တရားရေးဌာနဝန်ထမ်းများသမဂ္ဂ – JSU ကို ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း Photo Campaign အား ပြုလုပ်ခဲ့သည်။ 

• လှည်းကူး အမှတ် (၃) လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် နေ့လယ် ၁၂ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက တားဆီးစစ် ဆေးမှုကို လက်မခံသည့် အိမ်စီးကားအား ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်တို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယင်းပစ်ခတ်မှု မတိုင်ခင်ကလည်း အဆိုပါဂိတ်အနီးရှိ PT Power ဆီဆိုင်အနီးတွင် အိမ်စီးကားတစ်စီးပေါ်မှ လုံခြုံရေးယူထားသူများအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သေးသည်။ 

• တောင်ဒဂုံမြို့နယ်၊ ဧရာဝဏ်အနီးရှိ မြို့နယ်စည်ပင်ရုံးအတွင်း နေ့လယ် ၃ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ အဝေးကပင် ကြားရသည်ဟု တောင်ဒဂုံမြို့နေ ပြည်သူတစ်ဦးက အတည်ပြုပြောဆိုပြီး သစ်ဆိုင်ကွေ့မှတ်တိုင်အနီးတွင် လမ်းပိတ်ဆို့ကာ စစ်အုပ်စုလက်နက်ကိုင်များက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 

• ထောက်ကြန့်မြို့နယ်နေ လူငယ်များကလည်း "ကြောက်တတ်ရင် စောက်ပေါက်ပိတ် အောက်တန်းစား ဒလန်မလုပ်နဲ့" အပါ အဝင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ညနေ ၅ နာရီမှ ၆ နာရီအထိ အင်တာနက်လိုင်းများ ဖြတ်တောက် ထားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• မန်းမြို့အရှေ့ဘက် တိုးဂိတ်အနီးတွင် ယမန်နေ့ နေ့လယ် ၂ နာရီခွဲခန့်ကက အုန်းချောနယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ကြပ် လိန်းဟုန်းမှာ ဆိုင်ကယ်စီးလာရင် ဆိုင်ယယ်သုံးစီးဖြင့် လူလေးယောက်က အနီးကပ်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့သည်။ မန္တလေးတွင် စစ်အုပ်စုလက်နက်ကိုင်များအား နေ့ခင်းပိုင်းအချိန်၌ပင် ပစ်ခတ်မှုများခံရခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။ 

• ဇွန်လ ၁ ရက်က မန္တလေးမစိုးရိမ်တိုက်သစ်မှ သံဃာတော်များက ဆုတောင်းမေတ္တာပို့နေစဉ် စစ်အုပ်စုလက်နက်ကိုင်များက ဆဲဆိုပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် သံဃာတော်တစ်ပါး ထိခိုက်ခဲ့သော်လည်း ယနေ့ထုတ် စစ်အုပ်စုသတင်းစာတွင် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းတိုက်တွင် သီတင်းသုံးနေသည့် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အား သွားရောက်လျှောက်ထားမေးမြန်းရာတွင် အဆိုပါဖြစ်စဉ်မှာ မဟုတ်မမှန် ရေးသားထားခြင်းသာဖြစ်ကြောင်း စိစစ်သိရှိရပါသည်ဟု လိမ်လည်ရေးသား ဖော်ပြထားသည်။ 

• မန်း အောင်မြေသာစံကျောင်းပေါင်းစုံ၊ အ.ထ.က (၂၄) ကျောင်းသားနှင့် စက်မှုလူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ စက်မှုစုပေါင်း၊ အ.ထ.က (၂၇) ကျောင်းသား/သူသပိတ်စစ်ကြောင်းတို့ ပါဝင် သည်။ 

• မန်း အင်ဂျင်နီယာမိသားစုသပိတ်စစ်ကြောင်းကလည်း မြို့ပေါ်လမ်းမကြီးများပေါ်ထိတက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• ချမ်းမြသာစည် အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်းကလည်း "တော်လှန်ရေးဆိုတာ ခံစားချက်နဲ့ လုပ်ရတာ မဟုတ်ဘူး၊ ခံယူချက်နဲ့ လုပ်ရတာ" ဟု ပါရှိသည့် ဗီနိုင်းဆိုင်းဘုတ်မျာကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအ တွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 
• စစ်အုပ်စုဘက်က အဖမ်းအဆီးများ ရှိသည့်ကြားကပင် လေးပြင်ရပ်သံဃာများနှင့် ပြည်သူများ ပါဝင်သည့် သံဃသမဂ္ဂသပိတ် စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

• မန္တလေးမြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးရုံးများတွင် စစ်အုပ်စုလက်နက်ကိုင်များဘက်က လုံခြုံရေးချထားမှုကို ယခင်က ရုံးအပြင် လမ်းမများပေါ်တွင် ထားရှိခဲ့ရာမှ ရုံးအတွင်းနှင့် ရုံးရှိရာ ခြံဝန်းများအတွင်းသို့ ပြောင်းလဲနေရာယူကာ လုံခြုံရေးယူ ထားမှုများ ပြုလုပ်လျက်ရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၅ နာရီတွင် အတည်ပြုပြောဆိုသည်။

• မိုးကုတ်မြို့နေ ပြည်သူများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် ပြောက်ကျားသပိတ်ပြုလပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည်။

• မတ္တရာမြို့နယ် အရှေ့ပိုင်းနယ်ရှိ ပဲစိုက်တောင်သူများကလည်း စိုက်ခင်းများအတွင်း အလုပ်လုပ်ရင်းဖြင့်ပင် နွေဦးတော်လှန် ရေးသင်္ကေတ လက်သုံးချောင်းပုံပါ အလံများစိုက်ထူ၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲနွယ်ကုန်းမြို့အနီး ကျောင်းစိုးကျေးရွာတွင် CDM လုပ်နေသည့် ကျောင်းဆရာနှစ်ဦးအား စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ များက ယမန်နေ့ည ၁၁ နာရီခန့်က ဝင်ရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် မိဘနှစ်ပါးအပါအဝင် မိသားစုဝင်လေးဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝ-ပုသိမ် လမ်းခွဲအနီး အောင်ဇေယျစျေးတွင် ဇွန်လ ၂ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ်က ဒဏ်ရာရခဲ့သူသုံးဦးအနက် အငြိမ်းစားကျောင်းဆရာမ ဒေါ်တင်တင်မြင့်မှာ ယမန်နေ့ မွန်းလွဲပိုင်းက ကွယ်လွန်သွားပြီ ဖြစ်သည်။ 

• ကလေးမြို့တောင်ပိုင်း အရှေ့စည်းရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များက ဒိုးနွယ်ကျေးရွာဘက် ဝင်ရောက်လာရာ ကျေးရွာသင်္ချိုင်းအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် - PDF များနှင့် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က တည်းက တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်မှ အနည်းဆုံး လေးဦး သေဆုံးကာ ပြည်သူများဘက်က သုံးဦး ထိခိုက်ခဲ့သည်ဟု ကလေး PDF က ထုတ်ပြန်ထားသည်။ ဒိုးနွယ်ရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်များအား ဒေသခံ PDF များက တိုက်ခိုက်ရန်အတွက် ရွာတွင်းရှိ ပြည်သူများအား ရှောင်ရှားခိုင်းခဲ့ရာ စစ်အုပ်စုဘက်ကလည်း ညတွင်းချင်းပင် ရွာမှ ပြန်လည်ဆုတ်ခွာသွားသည်။ 

• ကလေးမြို့၊ မောက်လင်းအုပ်စု၊ ပြည်တော်သာရွာမှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကျင့်ဆွာန်မန်မှာ ကျန်းမာရေးအခြေအ နေကြောင့် တာဝန်မထမ်းဆောင်နိုင်ဟုဆိုကာ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။ ထို့ပြင် ကျောင်းတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပြုံးမောင်မောင်နှင့် ဆည်တော်ဦး၊ သင်္ဘောပင်ကွင်း၊ ညောင်တော၊ အဝါး၊ သဖန်းအိုင်ကျေးရွာများမှ တာဝန်ခံငါးဦးမှာလည်း မိသားစုကိစ္စများကြောင့် နုတ်ထွက်ခွင့်ပြုရန် စာတင်ထားကြသည်။ 

• ကလေးမြို့နေ ပြည်သူများကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ ယနေ့နံနက်ပိုင်းက မြို့တွင်းလှည့်လည်၍ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။
• ကသာမြို့နယ်၊ (၉) ရပ်ကွက်၊ အပိုင်း (၄) ရှိ ခိုင်ရတီကျော် အိမ်ဆောက်ပစ္စည်းဆိုင်အနီးတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• ပခုက္ကူမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

• တန့်ဆည်တွင် မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းအနီး ရှိ သီရိကျော်လက်ဖက်ရည်ဆိုင်တွင် နံနက် ၆ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ရာ လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၇ နာရီခန့်တွင်လည်း ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုမှာ မိမိတို့လက်ချက် ဖြစ်ပြီး အဆိုပါဆိုင်ပိုင်ရှင်မှာ စစ်အုပ်စုသတင်းပေး ဒလန်ဖြစ်ကာ လက်နက်ကိုင်တပ်သားများ ဝင်ထွက်နေသည့် ဆိုင်ဖြစ် သည့်အတွက် သတိပေးတိုက်ခြင်းဖြစ်ကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ - TPC က ထုတ်ပြန်ထားသည်။ 

• ကနီမြို့နယ်တွင် စစ်အုပ်စုက ဖိအားပေးဖွင့်ထားသည့် အခြေခံပညာကျောင်းပေါင်း ၁၄၈ ကျောင်းရှိကာ ကျောင်းအပ်ထားသူ ၂၀၀ ကျော်ရှိသော်လည်း တက်ရောက်သူတစ်ဦးမှ မရှိပေ။ 

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း လူအင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်မြို့နယ်၊ ကွေ့ချောင်းကျေးရွာတွင် နံနက် ၇ နာရီခွဲခန့်က စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ ဒေသခံ ရွာသား သုံးဦးထက်မနည်းကို ဖမ်းဆီးသွားသည်။ 

• ထီးချိုင့်မြို့နယ်၊ မြတတောင်ရွာတွင် ကျောင်းသားနှင့် မိဘပြည်သူများ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မုံရွာကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း မြို့နယ်တွင်းကျေးရွာများသို့ လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဟောပြောမှုများနှင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• မြိုင်မြို့နယ် လယ်စုနှင့် အလယ်စုရွာတို့ ပူးပေါင်းသပိတ်စစ်ကြောင်းက ယမန်နေ့ညပိုင်းက ဆိုင်ကယ်ညသပိတ် ပြုလုပ်စဉ် စစ်အုပ်စုသြဇာခံ ကြံခိုင်ရေးပါတီဝင် ဇော်မင်းက ဆိုင်ကယ်ဖြင့် လိုက်တိုက်ခဲ့ရာ အရှိန်လွန်တိမ်းမှောက်၍ ခေါင်းနှင့် လမ်း ဆောင့်မိကာ သေဆုံးခဲ့ပြီးနောက် စစ်အုပ်စုက ကျေးရွာများအတွင်း ဝင်ရောက်ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ဒေသခံများ တိမ်းရှောင်နေရသည်။ အဆိုပါ ဇော်မင်းဆိုသူ ဆိုက်ကယ်ဖြင့် တိုက်ခဲ့သည့်အတွက် ဒေသခံအမျိုးသားတစ်ဦး လည်း ဒဏ်ရာရရှိခဲသည်။

• မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြိုင်အနောင်ပိုင်း ပြည်သူများပူးပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆိပ်ဖြူမြု့နယ်၊ ချောင်းမကြီးကျေးရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ကားငါးစီးဖြင့် ရွာအားဝိုင်းကာ သေနတ်ပစ်ဖောက်၍ ရွာခံငါးဦးအား ရိုက်နှက်ဖမ်းဆီးသွားသည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တပ်ပေါင်းစုနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ ယနေ့နံနက်အစောပိုင်းက မြို့တွင်းလှည့်လည်ကာ အာရုဏ်ဦးပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံမြို့နယ်၊ ကမြောကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်သိန်း (ခ) ဦးအားလူးကို ကမြောကွင်းကျေးရွာအုပ်စု၊ သောကြာပြင်ရွာ၊ သူရမချစ်ပိုပန်းခြံအနီးရှိ ၎င်း၏ နေအိမ်ရှေ့တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ၎င်းသည် စစ်အစိုးရလက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ ဖြစ်သည်။ 

• လောင်းလုံမြို့နယ်၊ ညင်းမော်ရွာတွင်လည်း သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာနေပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အာဏာသိမ်း ဒုတိယခေါင်းဆောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ထားဝယ်အထူးစီးပွားရေးဇုန်အား ဆက်လုပ်မည်ဟု ကြေညာထားသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် ထိုင်း-မြန်မာဆက်သွယ်မည့်ကားလမ်း၊ လျှပ်စစ်စီမံကိန်းနှင့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ ပါဝင်သည်။

ဧရာဝတီတိုင်းဒေသကြီး

• မြန်အောင်မြို့နယ်၊ ကြာနီကန်လမ်းရှိ စစ်အုပ်စုကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးနေဝင်းဇော်အိမ်ရှေ့ တွင် ယနေ့နံနက် ၄ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ လူထိခိုက်မှုမရှိခဲ့သော်လည်း စစ်အုပ်စုလက်နက်ကိုင်များက အဆိုပါ လမ်းအားပိတ်ကာ ရှာဖွေစစ်ဆးမှုများ ပြုလုပ်ခဲ့သည်။ 

• အိမ်မဲမြို့နယ်၊ ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု NLD ပါတီဥက္ကဋ္ဌ ကိုမိုးအောင် (ခ) ကိုမင်းမင်းအား ယမန်နေ့ညပိုင်းက စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ စရဖတပ်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ခေတ္တမေးမြန်းစရာရှိသည်ဟု ဆိုကာ နေအိမ်၌ ဖမ်းဆီးသွားခဲ့သည်။ 
• ပန်းတနော်မြို့နယ်၊ ထိန်ကုလားကုန်းကျေးရွာအုပ်စု၊ ပေါ်တော်မူကျေးရွာရှိ မူလတန်းကျောင်းတွင် ယမန်နေ့ည ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ရာ ကျောင်းတစ်ခုလုံး ပျက်စီးသွားသည်။ 

• ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊ ကြာနီကန်လမ်းရှိ စစ်အုပ်စုဘက်တော်သား ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော် နေအိမ်ရှေ့တွင် နံနက် ၄ နာရီဝန်းကျင်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အိမ်ရှေ့တွင် ရပ်ထားသည့် ကားမှာ အနည်းငယ်ထိခိုက် ပျက်စီးခဲ့သည်။ 

• ဟင်္သာတမြို့၊ သုံးပင်ကွင်းလမ်း၊ ဆယ်ထပ်ကြီးဘုရားအနီးရှိ အ.မ.က (၁၁) ကျောင်းတွင် နံနက် ၁၀ နာရီကျော်ခန်က လက်လုပ်ဗုံးတစ်ခု တွေ့ရှိသဖြင့် စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ရှင်းလင်းသွားသည်။

• ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး လှမျိုးဦးက စစ်သားများနှင့်အတူ ဆန္ဒပြပွဲများတွင် လိုက်မိသူများ အဖမ်းမခံချင်ပါက ပိုက်ဆံပေးရန်နှင့် မပေးပါက အမှုဖွင့်အရေးယူမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ အဓမ္မတောင်းခံမှုများ ရှိနေသည်ဟု သိရသည်။ 

ကချင်ပြည်နယ်

• တနိုင်းမြို့နယ်၊ တလူးကျေးရွာတွင် ဇွန်လ ၃ ရက်တွင် စစ်အုပ်စုက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ပစ္စည်းနှင့် ကုန်စုံဆိုင်အား ထိမှန်ခဲ့ရာ အမျိုးသမီးတစ်ဦး ဗုံးဆံထိမှန်သေဆုံးခဲ့ပြီး အခြားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ 

• ဗန်းမော်မြို့ စနေ (ကွက်လပ်ဖြည့်) ပရဟိတအသင်းခေါင်းဆောင် ကိုလွင်ကိုချစ် (ခ) ကိုဖိုးချစ်အား ကန်တော်ရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့နံနက်ပိုင်းတွင် ၅၀၅ (က) ဖြင့် ရမန်ယူကာ ထောင်ကြီးချုပ်သို့ ပို့ဆောင်ထားသည်။

• မိုးမောက်မြို့၊ ဒေါ့ဖုန်းယန်မြို့အနီး နွမ်လန့်ကျေးရွာမှ ဒေါ့ဖုန်းယန်သို့ တက်လာသည့် အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်အုပ်စုစစ်ကြောင်းအား အူထန်ယန်ရွာအနီးတွင် KIA တပ်ရင်း ၁၉ အဖွဲ့က ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၀ ကျော် ရှိခဲ့သည်။ 

• အင်ဂျန်းယန်မြို့နယ်၊ ၁၆ မိုင်ဘက် အသွားလမ်း ရားကရုန်နားတွင် ယနေနံနက် ၄ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များအား KIA တပ်မဟာ (၁)၊ တပ်ရင်း (၄) တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲ ဖြစ်သည်။ 

• မိုးကောင်းမြို့နေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များက သပိတ်များအား ပစ်ခတ်ဖြိုခွဲရန်အတွက်ပါ လုပ်ဆောင်နေသည့်အတွက် ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ဖားကန့်၊ တာမခန်မြို့သစ် လူထုသပိတ်စစ်ကြောင်းကလည်း လုံခြုံရေးတင်းကြပ်မှုများကြားကပင် ပြောက်ကျားသပိတ် ပြု လုပ်ကာ စစ်အာဏာရှင်စနစ် အလိုရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။ ဆန္ဒပြနေစဉ်အတွင်း စစ်အုပ်စုဘက်ကလည်း ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ဖားကန့်၊ မြို့မကျောက်ဝိုင်းသပိတ်စစ်ကြောင်းကလည်း လုံခြုံရေး တင်းကြပ်မှု ကြားကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• နန်းမားမြို့ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမင်း အသတ်ခံရပြီးနောက် နန်းမားမြို့၊ မြို့မရန်အောင်အုပ်ချုပ်ရေးမှူး ဦးမျိုးရာဇာကလည်း ကျန်းမာရေးအခြေအနေကြောင့် နုတ်ထွက်ခွင့်ပြုရန် ယနေ့နေ့စွဲဖြင့် ထွက်စာတင်ထားသည်။

ကယားပြည်နယ်

• ကယားပြည်နယ်တစ်ခုလုံးတွင် မတ်လ ၁၉ ရက်မှစ၍ ဇွန်လ ၃ ရက်အထိ စစ်အုပ်စုလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၇ အထိရှိကာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင် KNPP မှ တော်လှန်ရေးတပ်သား ကိုးဦးသာ ပါဝင်ကာ ကျန်သူများမှာ ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ပစ်ခတ်ခံရသူများနှင့် အကြောင်းမဲ့ပစ်ခတ်ခံရသည့် ပြည်သူများ ဖြစ် ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု - PKPF က ထုတ်ပြန်ထားသည်။ 

• ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်များက စနိုက်ဘာဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီး/တင့်ကားများဖြင့် ပစ်ခတ်သဖြင့် ယမန်နေ့က ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF မှ တစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်အုပ်စုက ညပိုင်းများအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဒီးမော့ဆို မြို့နယ်၊ ငွေတောင်ကျေးရွာ၊ ငွေတောင်ဆည်ကန်ဘောင်တွင်လည်း အင်အားအလုံးအရင်းဖြင့် တပ်စွဲထားလျက် ရှိသည်။ 

• စံပြ (၆) မိုင်ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များက ရိက္ခာပြန်ယူသည့် ဒေသခံတစ်ဦးအား ယနေ့နံနက်ပိုင်းက စနိုက်ဘာဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကာ အလောင်းအား ပြန်ယူ၍ မရသေးကြောင်း ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။ 
• ဒီးမော့ဆိုမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တပ်စွဲထားရာ နေရာအား စစ်အုပ်စုလက်နက်ကိုင်များက နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကာ စစ်အုပ်စုဘက်ကမှ နှစ်ဦး ဒစဏ်ရာရရှိပြီးနောက် နေ့လယ် ၁ နာရီခွဲခန့်တွင် ပြန်လည်တပ်ဆုတ်သွားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကိုမူ ဆက်လက်လုပ်ဆောင်ခဲ့သည်။ 

• လွိုင်ကော်တွင် စစ်အုပ်စုလက်နက်ကိုင်တပ်များက တောင်ကွဲစေတီ၊ မင်္ဂလာရပ်ကွက်၊ ပန်ကန်း၊ မိုင်းလုံး စသည့် ရွာတန်း တစ်လျှောက်တွင် တပ်စွဲထားကာ လုံခြုံရေးယူထားပြီး အဆင်ခြင်မဲ့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ မိုင်းလုံရပ်ကွက်တွင် နေ့လယ် ၁ နာရီခန့်က ဆိုင်ကယ်စီးလာသူ လူတစ်ဦးကို စစ်အုပ်စုလက်နက်ကိုင်များက ဝိုင်းဝန်းပစ်ခတ်သဖြင့် ပစ်ခံရသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ 

• လွိုင်ကော်တွင် CDM လုပ်နေသည့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ ၈၃၅ ဦးအား စစ်အုပ်စုက တာဝန်က ယာယီရပ်ဆိုင်းထားသည်။

ကရင်ပြည်နယ်

• DKBA ခွဲထွက်အဖွဲ့နှင့် တိုက်ပွဲဖြစ်နေသည့် စစ်အုပ်စုလက်နက်ကိုင်များက အပစ်ရပ်ထားသည့် DKBA ဌာနချုပ်ရှိရာ သေ့ဘောဘိုးကျေးရွာအထိ အင်အား ၁၀၀ ကျော်ဖြင့် ရှေ့တိုးလာသဖြင့် အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ ကြိုတင်တိမ်းရှောင်မှုများ ပြုလုပ်နေရသည်။ DKBA ခွဲထွက်အဖွဲ့ရှိရာ ဖလူးကျေးရွာတွင်လည်း တိုက်ပွဲများ ဖြစ်နေသဖြင့် ဒေသခံ ၆၀၀ ကျော်လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

• ကရင်ပြည်နည်၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ ရဲစခန်းတွင် နေ့လယ် ၁၁ ခွဲခန့်က ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ရဲတပ်သားတို့ ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများဖြစ် ပွားခဲ့သည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြရသည်။

ချင်းပြည်နယ်

• ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၁၅၁၆ ကျောင်းရှိကာ ယခင်စာသင်နှစ်များက အခြေခံပညာကျောင်းသားဦးရေ တစ်သိန်းဝန်းကျင်ခန့်ရှိရာ လက်ရှိတွင် ၄၅၀၀ ကျော်သာ ပညာသင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းသားများမှာ ပလက်ဝ၊ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီတို့မှ ဖြစ်ပြီး မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ တွန်းဇံတို့တွင် ကျောင်းတက်သူတစ်ဦးမှ မရှိပေ။ 

• ရေးမြို့နယ်ရှိ စစ်အုပ်စုလက်အောက်တွင် အလုပ်ဆက်လုပ်နေသည့် Non CDM ဝန်ထမ်းများအား ထာဝရစစ်ကျွန်အဖြစ် သတ်မှတ်ကြောင်းနှင့် လူမှုရေးပြစ်ဒစ်ပေးမည်ဖြစ်ကာ အဆိုပါဝန်ထမ်းနှင့် မိသားစုဝင်များ၏၏ အသက်အိုးအိမ်စည်းစိမ် ကိုလည်း တာဝန်ယူမည်မဟုတ်ကြောင်း ရေးမြို့ တော်လှန်ရေးလူငယ်များအဖွဲ့က သတိပေးစာ ထုတ်လိုက်သည်။

• ဖလမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ယောရှုမှာ ဇွန်လ ၂ ရက်ကစ၍ CDM ပြုလုပ်ထားသည်ဟု သိရသည်။ 

• ဟားခါး ပြည်နယ်အကူရဲတပ်ဖွဲ့ခွဲမှူးရုံးရှိ တပ်သား ဘွဲဆန်မှုန်မှာလည်း CDM တွင် ပါဝင်လာပြီဖြစ်ကာ ချင်းပြည်နယ်တွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်သည့် ရဲဝန်ထမ်း ၃၀၀ ခန့်အထိ ရှိသည်။

• ပလက်ဝတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ဗုံးပေါက်ကွဲသဖြင့် ကုန်းလမ်း၊ ရေလမ်းတို့အား စစ်အုပ်စုက ပိတ်ဆို့ထားရာ သွားလာမှု ပြတ်ကာ ကုန်စည်စီးဆင်းမှုတန့်ကုန်သည်အတွက် အခြေခံစားသောက်ကုန်များ စျေးမြင့်တက်လာလျက်ရှိသည်။ 

မွန်ပြည်နယ်

• ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာတွင် ယမန်နေ့ည ၉ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ကျောင်းအဆောင် အမိုးနှင့် အကာများ ပျက်စီးသွားခဲ့သည်။ 

• မုဒုံမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများအား ရောင်စုံစက္ကူများပေါ်တွင် ရေးသားကာ လမ်းများပေါ်ကြဲဖြန့်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း တံတားအား သံလွင်တံတား (ချောင်းဆုံ) ဟု အမည်ပြောင်းလဲသည့် အခမ်းအနားတွင် မွန်တိုင်းရင်းသားဝတ်စုံဝတ် လူများပါဝင်ခဲ့သည့် ၎င်းတို့အား မွန်ညီညွတ်ရေးပါတီဘက်က ငွေကျပ် ၂၀၀၀၀ ဖြင့် ငှားရမ်းခေါ်ထားခြင်း ဖြစ်သည်ဟုသတင်းများ ထွက်ပေါ်လျက် ရှိသည်။

ရှမ်းပြည်နယ်

• မိုးနဲမြို့တွင် ပြီးခဲ့သည့် မေလ ၃၁ ရက်က ကုန်တင်ကားနှစ်စီးအား မျက်နှာဖုံးစွပ် လက်နက်ကိုင်များက တားဆီးဓားပြ တိုက်ခဲ့ရာ ငွေကျပ်သိန်း ၄၀၀ ခန့် လုယက်ခံခဲ့ရသည်။ 

• ကျောက်မဲမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ခုတွင် မေလ ၂ ရက် ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များ ဝင်ရောက်လာကာ ၎င်းတို့ဘက်က ဖုန်းခေါ်ဆိုခဲ့ရာ ဖုန်းကိုင်ဖြေဆိုခဲ့သူ စိုင်းရွှေထွန်းအား ဖမ်းဆီးပြီးနောက် လက်ရှိတွင် ပုဒ်မ ၅၀၅ (က) တပ် တရားစွဲကာ သီပေါထောင်၌ ထိန်းသိမ်းထားသည်။ 

• တောင်ကြီးမြို့၊ စျေးပိုင်းရပ်ကွက်တွင် နေထိုင်သူ ဓာတ်ပုံဆရာ ခွန်အောင်ဆန်း (ခ) ကိုမင်းဇာနည်ကို ယမန်နေ့ည ၁၂ ခန့်က အိမ်စီးကား ခြောက်စီး၊ လူအင်အား ၂၀ ခန့်ဖြင့် စစ်အုပ်စုလက်နက်ကိုင်များက ၎င်း၏ အိမ်သို့ ဝင်ရောက်ကာ ရိုက်နှက် ဖမ်းဆီးသွားသည့်အပြင် မိသားစုဝင်များကိုပါ ရိုက်နှက်ခဲ့သည်။ 

• နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်တပ်များက ယနေ့နံနက် ၈ နာရီခွဲက ပန်ဟန်ကြီးကျေးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ 

• ဖယ်ခုံမြို့နေ ပြည်သူများကလည်း "တောင်တန်းပြည်မ ညီညွတ်ကြသည်"၊ "မိုးဗြဲရေ အားတင်းထား" ဟု ရေးသားထား သည့် စာရွက်များကိုင်ဆာင်ကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• နမ္မတူမြို့နေ ပြည်သူများကလည်း NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များ စိုက်ထူကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• ရသေ့တောင်တွင် ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခွင့်မရှိကြောင်းအမိန့်အား နောက်ထပ်နှစ်လ ထပ်မံတိုးမြှင့်ထားသည်။ အဆိုပါ ညမထွက်ရအမိန့်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂ ရက်ကတည်းက တစ်ဆင့်ချင်း တိုးမြှင့်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

• ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့နံနက် အစောပိုင်းက လမ်းတွင် တွေ့ရှိသည့် လက်ပစ်ဗုံးအား ယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းကြောင့် စံပြရပ်ကွက်နေ ဒေသခံလေးဦး သေဆုံးခဲ့သည်။

နေပြည်တော်

• မသမာသူများက ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး ယင်းသို့လုပ်ဆောင်မှုများအား ပြည်သူ နှင့်အတူ ပူးပေါင်းရပ်တည် ကာကွယ်မည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က ထုတ်ပြန်ထားသည်။

• CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်း ဆရာဝန်များအား နိုင်ငံခြားသွားခွင့်ပိတ်ပင်ခြင်း၊ နိုင်ငံကူးလက်မှတ် Passport ဖျက်သိမ်းခြင်းနှင့် ဆေးကုသခွင့် (ဆမ) လက်မှတ်သိမ်းခြင်းများ ပြုလုပ်ရန် စစ်အုပ်စုက ဆေးရုံအုပ်နှင့် တိုင်း/ပြည်နယ် ကုသရေးဦးစီးမှူးများအား ညွှန်ကြာထားသည်။ 

• စစ်အုပ်စုက စာရင်းအချက်အလက်များ လုံခြုံရေးအတွက် အကြောင်းပြကာ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ရုံးများတွင် သုံးစွဲနေသည့် Facebook နှင့် Viber Group များ, အီးမေးလ်များကို မသုံးစွဲဘဲ ရပ်ထားရန်၊ ဝက်ဆိုက်နှင့် Facebook ပေ့ချ်များတွင် သတင်းအချက်အလက်နှင့် စာရင်းဇယားများ ဖော်ပြတင်ပြမှုများ မလုပ်ဆောင်ရန် ညွှန်ကြားထားသည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌနှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအတွင်း ICRC ဘက်က အကျဉ်းထောင်များ လေ့လာခွင့်ပြုရန်နှင့် ပဋိပက္ခဖြစ်ပွားရာ နေရာများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုထောက်ပံ့ကူညီနိုင်ရေး ပြောဆိုခဲ့သည်။ 

ဇွန် ၄ သုံးသပ်ချက်

• ဇွန်လ ၄ ရက် ထူးခြားချက်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ညနေ ၅ နာရီမှ ၆ နာရီအထိ အင်တာနက်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဝန်ဆောင်မှုကုမ္ပဏီများဘက်က ကြိုတင်အကြောင်းမကြားဘဲ ပြတ်တောက်သွားခြင်း ဖြစ်သည်။ 

• ရန်ကုန်တွင် ပြောက်ကျားသပိတ်များ ဆက်တိုက်ရှိနေကာ စစ်အုပ်စုသတင်းပေး ဒလန်များ၊ အုပ်ချုပ်ရေးမှူးများ အား ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုများပြားလာလျက်ရှိသည်။ ထို့ပြင် နေ့လယ်ခင်းပိုင်းများတွင် စစ်အုပ်စုလက်နက်ကိုင်များ အား လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာနေသည်။ စစ်အုပ်စုနှင့် စစ်အုပ်စုဒေါက်တိုင် အုပ်ချုပ်ရေးမှူးရုံးများတွင် လည်း ပေါက်ကွဲမှုများ ဆက်ရှိနေကာ အကြမ်းဖက်စစ်အုပ်စုက လှည့်ကင်းများသုံ၍ လုံခြုံရေးယူထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required