နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃ ဇွန် ၂၀၂၁)
(Photo:  : AFP - ဇွန်လ ၃ ရက်၊ ရန်ကုန်မြို့ရှိ ပြည်သူများ စုပေါင်း၍ “တောင်တန်း ပြည်မ ညီညွတ်ကြသည်” ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• ကြည့်မြင်တိုင်မြို့နယ် ညစျေးအနီးရှိ ပိတောက်ပင်လမ်းတွင် စစ်အုပ်စုလက်နက်ကိုင်များက ဧည့်စာရင်းစစ်မည်ဟုဆိုကာ လမ်းတွင်းရှိ တိုက်ခန်း၊ နေအိမ်များအား ချိုးဖျက်ကာ ဝင်ရောက်စစ်ဆေးရန် ပြုလုပ်စဉ် ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှု အသံတစ်ခု ကြားခဲ့ပြီးနောက် ပြန်လည်ထွက်သွားကြသည်။

• ရန်ကုန်မြို့လယ် အနော်ရထာလမ်းမပေါ်တွင် မြို့နယ်စုံမှ လူငယ် အင်အား ၃၀၀ ခန့်က တိုင်းရင်းသားရိုးရာဝတ်စုံများ ဝတ်ဆင်ကာ "တောင်တန်းပြည်မ ညီညွတ်ကြ" ဟုဆိုကာ နံနက် ၈ နာရီကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒဖော်ထုတ် မှုအပြီးတွင် စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖြိုခွင်း ဖမ်းဆီးခဲ့ရာ အနည်းဆုံး လူငယ်တစ်ဦး ဖမ်းခံခဲ့ရသည်။ 

• စစ်အုပ်စုဘက်က ကျောင်း၊ ဆေးရုံနှင့် အများပြည်သူ သွားလာသည့်နေရာများတွင် ဖောက်ခွဲခြင်းများ ပြုလုပ်နေပြီး ပြည်သူနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ - PDF များအကြား သွေးခွဲလျက်သည်ကို သတိပြုရန်နှင့် ရွှေပြည်သာမြို့နယ် မြေအောက် အဖွဲ့အစည်း - SPTUG အနေဖြင့် ကလေးသူငယ်နှင့် ပြည်သူများ ထိခိုက်စေမည့်လုပ်ရပ်များ လုံးဝပြုလုပ်မည်မဟုတ်ဟု ကြေညာထားသည်။

• ရန်ကုန်မြို့ရှိ ပြည်သူလူထု၊ ကျောင်းသား၊ ကလေးသူငယ်များအား ထိခိုက်စေသည့် ဖြစ်ရပ်များသည် မိမိတို့၏ လှုပ်ရှားမှုများ မဟုတ်ဘဲ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် များကို အစဉ်လိုက်နာလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်း (၉) ဖွဲ့က စုပေါင်းကြေညာထားသည်။

• ရန်ကုန်တိုင်းတွင်းရှိ မြို့နယ်များတွင် စစ်အုပ်စုက မီတာခပေးဆောင်ရန် စာရွက်များ လိုက်လံပေးထားပြီးနောက် စည်ပင်သာယာဝန်ထမ်းများကလည်း ရေခွန်နှင့် အမှိုက်ခွန်များ လိုက်ကောက်လျက်ရှိသော်လည်း ပေးဆောင်သူမရှိသလောက် ဖြစ်နေသည်။

မန္တလေးတိုင်းဒေသကြီး

• ကျောက်ဆည်မြို့၊ ထားဝယ်လမ်း၊ ပြည်ပန်းဂိတ်ရှိ စစ်အုပ်စုလက်နက်ကိုင် စစ်ဆေးရေးဂိတ်အား ယမန်နေ့ ည ၉ နာရီကျော်က ကျောက်ဆည်ပြောက် ကျားတပ်ဖွဲ့က လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

• မိုးကုတ်မြို့ ရွှေခေတ်လက်ဖက်ရည်ဆိုင်အနီးတွင် မိုးကုတ်ရဲစခန်းမှူး၊ ဇနီးနှင့် အခြားသူတစ်ဦးတို့ ည ၇ နာရီ ၁၅ မိနစ်ခန့်က လမ်းလျှောက်လာစဉ် ဆိုင်ကယ်စီးလာသူ သုံးဦးက စခန်းမှူး၏ လည်ပင်းအား ဓားဖြင့် ထိုးကာ ထွက်ပြေးသွားခဲ့သည်။ စခန်းမှူးရရှိသည့် ဒဏ်ရာအခြေအနေ အသေးစိတ်ကိုမူ မသိရသော်လည်း အခင်းဖြစ်ပွားပြီး ည ၈ နာရီ ၄၀ ခန့်တွင် မိုး ကုတ်မြို့အနောက်ပိုင်းတွင် ပေါက်ကွဲမှုအသံ နှစ်ခု ကြားခဲ့ရကာ အသွားအလာကန့်သတ်ထားသည့်အတွက် မည်သည့်နေရာ တွင်ဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။ 

• မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် လှည့်တန်းရပ်နေ ကိုဖြိုး (ခ) ဖြိုးမြင့်ရန်အောင်ထွန်းနှင့် ရွှေတိုးကုန်းရပ်နေ ကိုခင်ဇော်သက်တို့ နှစ်ဦး စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက် ၄ ခန့်က ၎င်းတို့နေအိမ်များသို့ ဝင်ရောက်ကာ ရိုက်နှက် ဖမ်းဆီး၍ နန်းတွင်းစစ်ကြောရေးသို့ ပို့ထားသည်ဟု သိရပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကိုမူ မသိရသေးသော် လည်း ၎င်းတို့နှစ်ဦးမှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်သည့် စိန်ပန်းသပိတ်စစ်ကြောင်းတွင် ပါဝင်လေ့ရှိသူ များ ဖြစ်သည်။

• မန်း အောင်မြေသာစံမြို့နယ် ကျောင်းပေါင်းစုံ၊ အောင်မြေသာစံမြို့နယ်ဗကသနှင့် အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂတို့က မဟာအေင်မြေ လူထုသပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• အမရပူရမြို့နယ် ကျောင်းသားသမဂ္ဂနှင့် မြို့ခံများကလည်း "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

• မန်း ပုသိမ်ကြီးမြို့နယ်နေ ပြည်သူများကလည်း ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်ကျွန်ပညာရေးအလိုမရှိ ကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မန်းအခြေစိုက် တကသသပိတ်စစ်ကြောင်းနှင့် ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းများ စုပေါင်းကာ "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဟု ရေးဆွဲထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• ချမ်းမြသာစည်မြို့နယ်တွင်လည် အောင်ပင်လယ်သပိတ်စစ်ကြောင်းက မြို့နယ်တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• သံဃာနှင့် ပြည်သူ စုဖွဲ့ထားသည့် မန်းသံဃသမဂ္ဂစစ်ကြောင်းကလည်း "ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်" ဆိုင်းဘုတ်များ ကိုင် ဆောင်ကာ စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေး မြို့ပေါ်ရပ်ကွက်အချို့ရှိ အုပ်ချုပ်ရေးရုံးများတွင် စစ်အုပ်ဘက်က လုံခြုံရေးလျှော့ချထားကာ မြို့ပေါ်တွင်လည်း လှည့်ကင်းပုံစံဖြင့်သာ ရဲကားအချို့ လှည့်လည်လုံခြုံရေးယူထားသည်ဟု နန်းရှေ့နေ မန္တလေးမြို့ခံတစ်ဦးက ညနေ ၅ ခန့်တွင် အတည်ပြု ပြောဆိုသည်။

• မြင်းခြံမြို့၊ ကျောက်ကုန်းရွာနေ ကိုးရီယားဘာသာစကားသင်တန်း ပြုလုပ်သူ ကိုထွေးဆိုသူနှင့် ဒေသခံ ငါးဦးအား ယနေ့ န့နက် ၁ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များ အဓမ္မဖမ်းဆီးသွားသည်။

• မြင်းခြံမြို့ အမှတ် (၁) တိုးချဲ့ရပ်ကွက်၊ မြို့သစ် (၁၇) လမ်းတွင် အရပ်ဝတ်ဖြင့်သွားနေသည့် စစ်အုပ်စုလက်နက်ကိုင်နှစ်ဦးအား နံနက် ၉ နာရီခွဲခန့်က မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် တစ်ဦး ပွဲချင်းပြီးသေဆုံးကာ ကျန်တစ်ဦးမှာ ထွက်ပြေးသွားသည်။ 
• ကျောက်ဆည်ခရိုင်၊ မတ္တရာမြို့နယ် အရှေ့ပိုင်းနယ်ခံများကလည်း ကျေးလက်ဒေသသပိတ်စ်ကြောင်းဖွင့်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ပြင်ဦးလွင်မြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ကာ ဆန့်ကျင် ပြခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ဝေါမြို့နယ်၊ ဖိုးစိန္ဒာကျေးရွာတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးပေစိ ဆိုသူက ဇွန်လ ၁ ရက်ညပိုင်း ၉ နာရီခန့်က ကျေးရွာ တွင်းကျောင်းလုံခြုံရေးအတွက် ဒေသခံများအား ဖိအားပေးခိုင်းစေခဲ့ရာ ၎င်းပြောဆိုသည်ကို မကြားရကောင်းဟု ဆိုကာ ကင်းစောင့်နေသည့် ကိုဇော်လွင်ဆိုသူအား ရိုက်ရာ ၎င်းက အသင့်ပါလာသည့် ဝက်အူလှည့်ဖြင့် ပြန်ထိုးမှု ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပြီးနောက် ဦးပေစိက ရဲစခန်းသို့ တိုင်ကြားရာ လာရောက်ဖမ်းဆီးသော်လည်း မိသားစုလိုက် တိမ်းရှောင်နေသဖြင့် လွတ်မြောက်သွားသည်။ 

• တောင်ငူခရိုင်၊ မုန်းမြို့၊ ရေအိုးစင်ရွာထိပ်နှင့် ကောပြင်းရွာပြင်ဆိုင်းပုဒ်အနီးတွင် ယမန်နေ့ည ၈ နာရီခန့်က ဗုံးနှစ်လုံးဆင့်ပေါက်ကွဲခဲ့ပြီး အဆိုပါရွာအနီးတွင် စစ်အုပ်စုလက်အောက်ခံ ခလရ ၅၉၀ တပ်ရင်း ရှိသည်။ 

• ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်အုပ်စုခန့် ခင်တန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့် (စစ်မှုထမ်းဟောင်း) အား ဆွာရွာမ ကျေးရွာအုပ်စု၊ ဆွာရွာမနှင့် ရွာသစ်ရွာကြား တံတားအောက်တွင် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်သတ်ထားခဲ့သည်ဟု သိရသည်။ 

• ထန်းတပင်မြို့နယ်တွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ ပြည်သူနှင့် တစ်သားတည်းရပ်တည်ကာ CDM ပြုလုပ်နေ သည့် ဝန်ထမ်းများတွင် တိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် နေ့စားလပေးဝန်ထမ်းပေါင်း ၄၀ ဦးအထိ ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က အရပ်ဝတ်လက်နက်ကိုင် အင်အား ၆၀ ခန့်ပါ စစ်အုပ်စုက ရွာအတွင်း ဝင်ရောက်ကာ ပစ်ခတ်မှုများလုပ်ခဲ့ပြီး တပ်မ (၇၇) မှ ဗိုလ်ကြီးမင်းသူနှင့် ဆွေမျိုးတော်စပ်သူ နှစ်ဦးအပါအဝင် ၁၁ ဦးခန့်ကို ဖမ်းဆီးကာ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့သည်။ အဆိုပါ ရွာသည် စစ်အုပ်စုဆန့်ကျင်ရေး အားကောင်းသည့် ရွာဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ် စစ်ကောင်စီတိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇာတိရွာလည်း ဖြစ်သည်။ 

• မုံရွာတွင် ယမန်နေ့ ညနေပိုင်းမှ ညပိုင်းအထိ ပေါက်ကွဲမှု ငါးကြိမ် ဖြစ်ပွားခဲ့သည်။ ညနေ ၅ နာရီခန့်က မုံရွာကားကြီးကွင်းရှိ ရွှေမန်းသူကားဂိတ်တွင် လက်လုပ်ဗုံး ပစ်ခံခဲ့ရကာ ညနေ ၇ နာရီခွဲခန့်တွင် ကျောက္ကာလမ်း၊ ဘုန်စိုးရပ်ကွက်၊ နေဇာလမ်း သွယ်၌ ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့သည်။ ထို့ပြင် ည ၈ နာရီခန့်တွင် ရုံးကြီးရပ်၊ စာရေးတန်းလမ်းတွင် ပေါက်ကွဲမှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တာဝန်ကျနေသည့် စစ်ကိုင်းတိုင်း ရဲတပ်ရင်း (၁၆) မှ ဒုရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ဇွန်လ ၂ ရက်တွင် CDM ပြုလုပ်သည်ဟု သိရပြီး သီးခြားအတည်ပြုနိုင်သည့် အထောက် အထား မရှိသေးပေ။

• မုံရွာပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက "တောင်တန်းပြည်မ ညီညွတ်ကြသည်" ဟု ရေးသားထားသည့် အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• ယင်းမာပင်မြို့နယ်၊ သီးကုန်းကပိုင်ရွာအနောက်ဘက်တွင် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ ဆိုင်ကယ်စီးလာသူတစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

• ကနီမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ဆိုင်ကယ်၊ အိမ်စီးကားနှင့် ကုန်တင်ကားများကို စစ်အုပ်စုယာဉ်တန်းများ တတ်နိုင်သမျှ ရှောင်ကွင်းသွားကြရန်နှင့် စစ်အုပ်စုဘက်က ကျဆုံးသွားသည့် နွေဦးသူရဲကောင်းများ၏ မိသားစုများထံ သတင်းမေးစုံစမ်းမှုများ ရှိနေသည့်အတွက် သတိပြုကြရန်၊ မသင်္ကာဖွယ်ပစ္စည်းများ တွေ့ရှိပါက မစူးစမ်းကြရန် ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ကြေညာထားသည်။ 

• ကလေးမြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် သပိတ်စစ်ကြောင်းထွက်ကာ ဆန္ဒပြတော်လှန်ခဲ့သည်။ 

• ကလေးမြို့နယ်၊ နတ်ချောင်းရွာအကျော်ရှိ ရေနံထွက်ရာ ဒိုးနယ်မှော်ဘက် အရှေ့စည်းနှင့် ဒိုးနွယ်ရွာကြားတွင် စစ်အုပ်စုလက်နက်ကိုင်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - PDF များအကြား ယနေ့ နံနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ရှိနေကာ စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သဖြင့် PDF ဘက် သုံးဦးခန့် မစိုးရိမ်ရ ဒဏ်ရာ ရရှိထားကြောင်း တိုက်ပွဲတွင်း ရောက်နေသူ များနှင့် အဆက်အသွယ်ရှိနေသည့် ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခန့်တွင် အတည်ပြု ပြောဆိုသည်။

• ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နာမည်သုံးကာ အလွဲသုံးစားလုပ်သူနှင့် နာမည်ပျက်အောင် တပ်သားစုဆောင်းခြင်း၊ အလှူငွေ ကောက်ခံခြင်းများ ပြုလုပ်မှုများ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် စိစစ်ပြီးမှသာ ယုံကြည်ကြရန်နှင့် လုပ်ဆောင်နေ သူများကိုလည်း အရေးယူသွားမည်ဟု ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ကြေညာထားသည်။

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်ရှေ့ခြမ်း ကျေးရွာစုံ စုပေါင်းသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဘုတလင်မြို့နေ ကျောင်းသားလူငယ်များလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာတွင် ယနေ့နံနက်နက်ပိုင်းက စစ်အုပ်စုဘက်က အင်အား ၁၀၀ ကျော်ဖြင့် ရွာတွင်း ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပြီးခဲသည့် ရက်ပိုင်းများကလည်း အဆိုပါရွာအနီးတွင် စစ်အုပ်စုနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က အကျအဆုံး ရှိခဲ့သည်။ 

• မြိုင်မြို့နယ် မြောက်ပိုင်းဇုန်ရှိ ပညာရေးဝန်ထမ်း၊ ကျောင်းသား/သူနှင့် မိဘပြည်သူများကလည်း စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဆောမြို့နယ်နေ လူငယ်များကလည်း လက်ဝါးများပေါ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တောင်တွင်းကြီးမြို့နယ် အုန်းတောကျောင်းဟု လူသိများသည့် အ.လ.က (၃) (ထခွဲ) ကျောင်းအုပ် ဒေါ်နီနီညွန့်အား စစ်အုပ်စုက ယနေ့နံနက်ပိုင်းတွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လိုက်သည်။ ကျောင်းအုပ်ဆရာမမှာ CDM ပြလုပ်မှုဖြင့် မတ်လ ၅ ရက်က တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသူဖြစ်ပြီး မတ်လ ၂၇ ရက် ညပိုင်းတွင် သူမ၏ နေအိမ်၌ စစ်အုပ်စုက လာရောက် ဖမ်းဆီးထားခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာနေ ပြည်သူများကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ်တပ်ပေါင်းစုနှင့် လူငယ်ရေးရာ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း "တောင်တန်းပြည်မ ညီညွတ်သည်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ် လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း Revolution Youth Campaign လှုပ်ရှားမှု အား ပင်လမ်းကမ်းခြေတစ်နေရာ၌ ပြုလုပ်ခဲ့သည်။ လောင်းလုံမြို့နယ် ညင်းမော်၊ ပန်းဒလဲ ကျေးရွာများတွင်လည်း ကျေးရွာ သပိတ်စစ်ကြောင်းများ အသီးသီးထွက်ကာ စစ်အာဏရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံမြို့နယ်၊ ချောင်းဝပြင်ရွာတွင် မတ်လ ၂၉ ရက်ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များ ပစ်ခတ်သဖြင့် သေဆုံးခဲ့သူ ဒေါ်အေးချိုနှင့် ဒေါ်ဆန်းပိုတို့၏ ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုများထံ အကြောင်းကြားလာသဖြင့် ဇွန်လ ၅ ရက်တွင် မိသားစုများက ရက်လည်ဆွမ်းသွပ်မှု ပြုလုပ်မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး

• ညောင်တုန်းမြို့၊ အာဇာနည်လမ်းရှိ ထီဆိုင်တစ်ခုရှေ့တွင် ယမန်နေ့ည ၇ နာရီ ၄၀ မိနစ်က ပေါက်ကွဲမှုဖြစ်ပွားခရာ ထိခိုက်သူ မရှိခဲ့ပေ။ 

• ကျုံပျော်မြို့ အ.ထ.ကကျောင်းရှေ့တွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုသုံးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကာ စစ်အုပ်စုဘက်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လမ်းပေါ်တွင် တွေ့သည့် လူငယ်ငါးဦးကိုလည်း ဖမ်းဆီးသွားသည်။ 

• ပုသိမ်တွင် CDM ပြုလုပ်မှုဖြင့် အလုပ်မှ အပြီးထုတ်ပယ်ခံရသူ ပညာရေးဝန်ထမ်း ၂၇၄ ဦး ရှိသည်။

ကချင်ပြည်နယ်

• ကချင်ပြည်နယ်၊ တနိုင်းချောင်းအောက်ပိုင်း တလူးကျေးရွာတွင် ယမန်နေ့ညနေပိုင်းက KIA နှင့် စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ပစ်သည့် လက်နက်ကြီးကျည်ထိမှန်၍ KIA တပ်သားနှစ်ဦး ဒဏ်ရာထိမှန်ခဲ့ ပြီး ကုသမှုပေးရန် လုပ်ဆောင်စဉ် သွေးထွက်လွန်၍ ကျဆုံးခဲ့သည်။ 

• မြစ်ကြီးနားတွင် စစ်အုပ်စုအား ဆန့်ကျင်မှုဖြင့် တရားစွဲဆိုခံထားရသူများအား အခမဲ့ရှေ့နေလိုက်ပေးသူ ဦးသက်ထွန်းဦး အား စစ်အုပ်စုက ထောင်တွင်းတရားရုံ၌ အမှုတစ်ခုအား စစ်ဆေးမှုအပြီးတွင် ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ ဆိုကာ မြစ်ကြီးနားမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည်။ 

• မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ အ.ထ.က (၂) ကျောင်းတွင် ည ၇ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်း ခြံစည်းရိုးအုတ်နံရံများ ပျက်စီးသွားခဲ့သည်။

• ဗန်းမော်ခရိုင်၊ မန်စီမြို့တွင် စစ်ကိုင်းတိုင်၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉ မှ တပ်သား ထန်ရားပေါင်မှာ ဇွန်လ ၂ ရက်မှစ၍ စစ်အုပ်စုလက်အောက်တွင် မလုပ်ကိုင်လိုသည့်အတွက် CDM ပြုလုပ်လာသည်။ 

• မိုးမောက်မြို့၊ ဒေါ့ဖုန်းယန်မြို့အနီး အူထန်ယန်ကျေးရွာအနီးတွင် ဒေါ့ဖုန်းယန်ဘက်မှ အလောဘွမ်ဘက်သို့ တက်လာသည့် အင်အား ၅၀ ကျော်ပါ စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့အား ယနေ့နံနက်ပိုင်းက KIA တပ်ရင်း ၁၉ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်နာရီခန့်ကြာသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• မြစ်ကြီးနားမြို့နယ် မနောကွင်းနေရာတွင် ဒေသခံများက ယနေ့နံနက်ပိုင်းတွင် "ငယ်လိပ်ပြာလုံပါစေ"၊ "သပိတ်စုံရင် သူပုန်ထမယ်" ဟု ရေးသား ထားသည့် အဝတ်ဆိုင်းဘုတ်များ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သ ပိတ်ပြုလုပ်ခဲ့သည်။ 

• ဖားကန့်၊ တာမခန်မြို့သစ် သပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ယနေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက အိမ်စီးကားများဖြင့် ဝင်တိုက်ကာ ဖြိုခွဲသဖြင့် လူစုခွဲ ခဲ့ရသည်။ ဖားကန့် ပင်မသပိတ်စစ်ကြောင်းလည်း လမ်းမကြီးများပေါ်တက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ပြောက်ကျားသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့် လုံးခင်းအုပ်စုနှင့် မှော်ဝမ်းအုပ်စုနေ ပြည်သူများ ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• မိုးကောင်းမြို့နေ ပြည်သူများကလည်း "ကျောင်းတက်နေတဲ့ ဆရာတွေ လိပ်ပြာလုံပါစေ" ဟု ကြွေးကြော်ကာ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကောင်းမြို့ မြို့မစည်ပင်စျေးတွင် ယနေ့မွန်းလွဲ ၁ နာရီခန့်က အမည်မသိသူတစ်ဦးက စျေးအတွင်း မီးရှို့မှုပြုလုပ်ခဲ့ရာ အချိန်မီ သိခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ခင်မှာပင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ 

• မိုးကောင်းမြို့နယ်၊ နမ္မတီးတွင် ယနေ့နံနက်ပိုင်းက ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး အတွက် ဆန္ဒပြခဲ့ရာ အရပ်ဝတ်လက်နက်ကိုင်များပါ ပါဝင်သည့် ရဲနှင့် စစ်သား ၃၀ ခန့်က အိမ်စီးကားနှစ်စီးဖြင့် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံရသူ မရှိခဲ့ပေ။

• ဝိုင်းမော်မြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကျားဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• ဝိုင်းမော်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့ အထက်တန်းကျောင်းတွင် ကျောင်းတက်သူ လေးဦးသာ ရှိပြီး စစ်အုပ်စုခန့် ကန်ပိုက်တီထွေအုပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ သားသမီးများဖြစ်သည်ဟုသိရသည်။ ယခင်က အဆိုပါ ကျောင်းတွင် ကျောင်းသားဦးရေ ၅၀၀ ခန့် ပညာသင်ကြားလေ့ရှိသည်။

• ကချင်ပြည်နည်အစိုးရဖွဲ့စည်းရေးအတွက် NUG နှင့် KPICT တို့အကြား သဘောတူလက်မှတ်ထိုးပြီးချိန်တွင် ကချင်ပြည်နယ် အစိုးရအား မည်သည့် ဗမာနိုင်ငံရေးအဖွဲ့အစည်းနှင့် ဗမာနိုင်ငံရေးအင်အားစုများ၏ ဦးဆောင်မှုအောက်ကဖြစ်စေ၊ လက်တွဲ၍ ဖြစ်စေ ဖွဲ့စည်းပေးရန် မလိုဘဲ ကချင်ပြည်သူနှင့် ကချင်နိုင်ငံရေးအဖွဲ့အစည်းများအကြား လွတ်လပ်စွာ ဆွေးနွေး တိုင်ပင်ပြီး ဖွဲ့စည်းမည်ဟု ကချင်အမျိုးသားအစည်းအရုံး KNO က ထုတ်ပြန်ထားသည်။ 

ကယားပြည်နယ်

• မိုးဗြဲတွင် တပ်စွဲထားသည့် စစ်အုပ်စုဘက် အဝေးပစ်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေ၍ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ စစ်ရှောင်ပြည်သူများအတွက် ရိက္ခာလာယူသူများ၊ မိုးဗြဲသို့ ရပ်ဝေးမှ သွားလာသူများအနေဖြင့် လမ်းကြောအခြေ အနေမေးမြန်းပြီးမှ သွားလာကြရန်၊ မဖြစ်မနေ ဖြတ်သန်းရပါက စစ်အုပ်စုလက်နက်ကိုင်များနှင့် ဝေးသည့်နေရာမှ ရှောင်ရှားသွားကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MBPDF က ယနေ့ ထုတ်ပြန်ထားသည်။ စစ်အုပ်စုဘက်က ဖြတ်သန်းသွားလားသူများကို ပစ်ခတ်နေသည့်အတွက် ယမန်နေ့ညပိုင်းက ပြည်သူတစ်ဦး နဖူးကျည်ထိမှန်သေဆုံးခဲ့ကာ တစ်ဦးကိုမူ ကယ်ဆယ်၍ ဆေးကုသမှု ပေးထားရသည်။ မိုးဗြဲမြို့မှာ ရှမ်း-ကယားနယ်စပ်မြို့လည်း ဖြစ်သည်။ 

• ပင်လောင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းရှိ မိသားစုများထံ သွားရောက်သည့် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနေ လူငယ်ငါးဦးအား စစ်အုပ်စုလက်နက်ကိုင်များက မိုးဗြဲရဲစခန်းအနီးတွင် ယမန်နေ့က ဖမ်းဆီးခဲ့ရာ တစ်ဦးလွတ်မြောက်ခဲ့ ပြီး လေးဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသူများမှာ မောင်သိန်းဝင်း၊ မောင်အန်းကူ၊ အိုက်ဘိနှင့် ဘရာဇီးဆိုသူတို့ ဖြစ် သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF က ထုတ်ပြန်ထားသည်။

• ဒီးမော့ဆိုတွင် စစ်အုပ်စုဘက်က သံချပ်ကာ နှစ်စီး၊ စစ်ကား ၁၀ စီးဖြင့် အင်အားအများအပြား တိုးမြှင့်ထားကာ စံပြ (၆) မိုင် ကျေးရွာဘက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကရင်ပြည်နယ်

• ဘုရားသုံးဆူမြို့ အောင်သပြေဆီဆိုင်အနီးရှိ ဦးမောင်ကျော်ဆိုသူ နေထိုင်သည့် အိမ်တွင် ယမန်နေ့နံနက်ပိုင်း ၅ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၎င်းမှာ လူထုဆန္ဒပြပွဲများ ပြုလုပ်စဉ်က လူထုအား ကားဖြင့်တိုက်ကာ စစ်တပ်လက်အပ်ခဲ့သူဟု ပြောဆိုမှုများ ရှိသည်။ 

• ဘားအံမြို့ပေါ်တွင် ယာဉ်မတော်တဆမှုများ လျော့ကျစေရန် အကြောင်းပြကာ လိုင်စင်မဲ့ယာဉ်များအား စစ်ဆေးအရေးယူ မည်ဟု စစ်အုပ်စုဘက်က ဇွန်လ ၂ ရက်ညနေပိုင်းတွင် လိုက်လံကြေညာလျက်ရှိသည်။ 

• ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဖလူးကျေးရွာတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နောက်ထပ် ဒေသခံ ၁၀၀ ခန့် ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဖလူးကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်အုပ်စုနှင့် ၎င်းတို့သြဇာခံ နယ်ခြားစောင့်တပ်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားလျက်ရှိသည်။ 

ချင်းပြည်နယ်

• ကန်ပက်လက်မြို့နယ်၊ မကြားကျေးရွာအုပ်စုတွင်းရှိ ကျေးရွာများတွင် ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များ ဝင်ရောက် လာကာ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ကာ လူနေအိမ်များအား ဖျက်ဆီးခြင်း၊ လက်ဝတ်ရတနာအပါအဝင် တန်ဖိုးရှိ ပစ္စည်းများအား အဓမ္မယူဆောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။ 

• တီးတိန်မြို့နယ်၊ လွယ်ဘွာလ်ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးရုံးတွင် ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ရုံးအဆောက် အဦနှင့် ရုံးတွင်းရှိ ပရိဘောဂပစ္စည်းများ ပျက်စီးသွားခဲ့သည်။ 

• မင်းတပ်မြို့ စစ်ဘေးရှောင်များအတွက် ရိက္ခာပို့ပေးသည့် လူငယ်လေးဦးအား စစ်အုပ်စုက ယမန်နေ့တွင် ဖမ်းဆီးသွားသည်ဟု သိရသည်။ ဖမ်းခံရသူများမှာ လာဘံဟု သိကြသည့် လူငယ်တစ်ဦးအပါအဝင် AGD ဘဏ် ဝန်ထမ်းတစ်ဦးနှင့် အခြားလူငယ်နှစ်ဦးတို့ ဖြစ်သည်။ လာဘံအား လက်ဖက်ရည်ဆိုင်တွင် ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ကာ ဘဏ်ဝန်ထမ်းကိုလည်း ဘဏ်၌ အလုပ်လုပ်နေစဉ် အရပ်ဝတ်လက်နက်ကိုင် ၁၀ ဦးက ဝရမ်းမပြဘဲ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ 

• မင်းတပ်မြို့၊ ရွှေအောင်သာရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် အင်အား ၆၀ ခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များ က ယနေ့နံနက် ၅ နာရီခွဲမှစ၍ ၇ နာရီခန့်အထိ Chinland Defense Forceတပ်ဖွဲများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ဘက်က အနည်းဆုံးသုံးဦး သေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ကာ မိမိတို့ဘက်က ထိခိုက်မှု မရှိခဲ့ဟု CDF က ထုတ်ပြန်ထားသည်။ 

မွန်ပြည်နယ်

• သိမ်ဇရပ်မြို့နယ်၊ မုပ္ပလင်ကျေးရွာနေ သားဖွားဆရာမ ဒေါ်တင်တင်သက်ထံ ဇွန်လ ၂ ရက်က ကျည်ဆန်တစ်တောင့်နှင့် သတိပေးစာ ပေးပို့မှုမှာ မိမိတို့ လက်ချက်မဟုတ်ကြောင်းနှင့် သတိပေးစာပေးပို့ပါက အဖွဲ့၏ အမှတ်တံဆိပ်(လိုဂို)ဖြင့်သာ တံဆိပ်နှိပ်ပြုလုပ်မည်ဖြစ်ကြောင်း သိမ်ဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။

• ပေါင်မြို့နေ လူငယ်များကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• သံဖြူဇရပ်မြို့နယ်၊ အ.ထ.က (၁) ကျောင်းအတွင်းတွင် ယနေ့နံနက်ပိုင်းက လက်လုပ် ချိန်ကိုက်ဗုံး သုံးလုံး တွေ့ရှိခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက လာရောက်သိမ်းဆည်သွားပြီး လုံခြုံရေးတိုးမြှင့်ထားလျက် ရှိသည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ကျောက်ကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံအနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• တောင်ကြီးမြို့ အေးသာယာ အ.ထ.က (၂) နှင့် အ.ထ.က (၄) ကျောင်းများအနီးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုများ ရှိခဲ့ကာ လူထိခိုက်မှု မရှိဟု သိရသည်။ 

• ကွတ်ခိုင်မြို့ ခိုလုံကျေးရွာဘက်တွင်ရှိသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရှိရာ တောတွင်းဘက်သို့ စစ်အုပ်စုလက်နက်ကိုင် နတပ်မ (၈၈)၊ ခမရ (၁၃) က ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းမှပါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် မေလ ၃၁ ရက်က ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရှိ စစ်ကောင်စီစခန်းတစ်ခုအား မဟာမိတ်သုံးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၁ ဦး သေဆုံးခဲ့သည်။ 

• ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆက်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် စသည့် မြို့များတွင် ကျောင်းလုံခြုံရေးအတွက်ဟုဆိုကာ ဒေသခံများအား လုံခြုံရေးယူရမည်ဖြစ်ကြောင်း ဖိအားပေးခိုင်းစေနေကာ မစောင့်ပေးနိုင်သည့် နေအိမ်များအား တစ်အိမ်လျှင် ၈၀၀၀ ကျပ် ကောက်ယူနေသည်။ 

• ဆီဆိုင်မြို့နယ်တွင်းရှိ စစ်အုပ်စုလက်အောက်ခံ ခမရ ၄၂၃၊ ခမရ ၄၂၄၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ထောက်ပို့တပ်နှင့် အမှတ် (၁) စစ်ဗျူဟာရုံးတို့၏ တပ်ပိုင်မြေများတွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်မိုင်း၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်း၊ စွန့်လွှတ်မိုင်းများ တပ်ဆင်မည် ဖြစ်ကာ ဖြတ်သန်းမှုများ ပြုလုပ်၍ ထိခိုက်ပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း ကြေညာထား သည်။ 

• မူဆယ်မြို့နေ လူငယ်များကလည်း "ဒီပွဲမှာ သရေ မရှိဘူး။ အနိုင်နဲ့ အရှုံး နှစ်မျိုးဘဲ ရှိတယ်" ဟု စာရွက်များပေါ်တွင် ရေးသားကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• စစ်အုပ်စုက အခြေခံပညာကျောင်းများ ပြန်ဖွင့်ခဲ့ရာ ရခိုင်ပြည်နည်တစ်ခုလုံးတွင် ကျောင်းတက်သူများပြားခဲ့သော်လည်း သံတွဲတွင်မူ ယခင်က ကျောင်းသားဦးရေ ၆၀၀၀၀ ကျော်ရှိရာမှာ ဇွန်လ ၁ ရက်တွင် ကျောင်းတက်သူ ၃၉၀၀၀ ကျော်သာ ရှိခဲ့သည်။ 

• စစ်တွေနှင့် ကျောက်ဖြူမြို့တွင် စစ်အုပ်စုလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနက ဓမ္မာစာရိယစာမေးပွဲ ပြုလုပ်လျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ သံဃာနှင့် သီလရှင် ၄၀၀ ကျော် ရှိသည်။ 

နေပြည်တော်

• ပြည်တွင်းစက်သုံးဆီ သိုလှောင်မှုပမာဏာ နိမ့်ကျလျက်ရှိပြီး အမြန်ဆုံး ပြန်လည်ဖြည့်တင်းထားရှိရန်နှင့် ထပ်မံနိမ့်ကျလာပါက ဖြန့်ဖြူးမှုများအား ကန့်သတ်မည်ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးအသင်းအား စစ်အုပ်စုက ဖိအားပေး ထားသည်။ 

• စစ်လက်နက်ထုတ်လုပ်ခြင်း အပါအဝင် စစ်တပ်လုပ်ငန်းများအတွက် ငွေကျပ် သိန်း ၅၉၀၀ ခန့်ကို ထုတ်ယူခွင့်ပြုရန် ဗဟိုဘဏ်အား စစ်အုပ်စု၏ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က တင်ပြထားသည်။ ဗဟိုဘဏ်က အဖွဲ့အစည်းနှင့် ကုမ္ပဏီများ အား တစ်ပတ်လျှင် ကျပ် သိန်း ၁၀ မှ ၂၀၀ အထိသာ ထုတ်ယူခွင့် ကန့်သတ်ထားသည်။ 

• ကြားကာလပညာသင်ကြားရေးအတွက် အွန်လိုင်းနှင့် မြေပြင်သင်ကြားတွင် ကူညီနိုင်မည့် စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ များ လိုအပ်နေပြီး ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ကြေညာလိုက်သည်။ 
• ရိုဟင်ဂျာနှင့် အခြားလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားစေသည့် နိုင်ငံသားစိစစ်ရေးကဒ်များ ပြဋ္ဌာန်း လုပ်ဆောင်ခြင်းလုပ်ငန်းစဉ်များကို ပယ်ဖျက်ကာ ရိုဟင်ဂျာပြည်သူများသည် အခြေခံလူ့အခွင့်အရေးစံနှုန်း များ၊ ဖက်ဒရယ် ဒီမိုကရေစီအခြေခံမူများနှင့် ကိုက်ညီသော ဥပဒေများအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသည်ဟု NUG အစိုးရက ထုတ်ပြန်လိုက်သည်။

• လူထုအကျိုးပြု အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ပေးအပ်လေ့ရှိသည့် ပြည်ပအခြေစိုက် မြန်မာမိသားစုများ၏ ယခုနှစ်အ တွက် ပြည်သူ့ဂုဏ်ရည်ဆုအား စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး တိုက်ပွဲဝင်နေသည့် သူများအား လေးစားဂုဏ် ပြုသည့်အနေဖြင့် "နွေဦးတော်လှန်ရေး" အား ၂၀၂၁ ခုနှစ်အတွက် ရွေးချယ်ကာ ဂုဏ်ပြုချီးမြှင့်ငွေကိုလည်း တော်လှန်ရေး အတွင်း လိုအပ်နေသည့်နေရာများအား ပေးပို့လှူဒါန်းသွားမည်ဟု ဆုရွေးချယ်ရေးအဖွဲ့က ယနေ့ ကြေညာလိုက်သည်။

ဇွန် ၃ သုံးသပ်ချက်

• ရန်ကုန်၊ မန္တလေး၊ ထားဝယ်နှင့် မုံရွာတို့တွင် "တောင်တန်းပြည်မ ညီညွတ်ကြ" လှုပ်ရှားမှု လူထုသပိတ်များ ပြိုင်တူလုပ်ခဲ့ သည်။ 

• ရန်ကုန်တွင် မြို့နယ်စုံ တောင်တန်းပြည်မ ညီညွတ်ရေး သပိတ်စစ်ကြောင်းမှာ လူအင်အား ၃၀၀ ခန့်ဖြင့် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကာ အခြားသပိတ်စစ်ကြောင်းများ မရှိခဲ့ပေ။ စစ်အုပ်စုဒေါက်တိုင် လူနှင့် အဆောက်အအုံများ ပေါက်ကွဲမှု များနှင့် ပတ်သက်၍ ထုတ်ပြန်ချက်နှင့် တန်ပြန်ထုတ်ပြန်ချက်များစွာ ထွက်ပေါ်နေပြီး လူထုသပိတ်ထက် လက်နက်ကိုင် တော်လှန်မှုများသာ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ဖွယ် ရှိသည်။ စစ်အုပ်စုဘက်က အခွန်အခများကောက်ခံရန်အတွက်လည်း ရှေ့တိုးလုပ်ဆောင်လာလျက်ရှိသည်။

• မန္တလေးတွင် လမ်းပေါ်ထက် လူထုသပိတ်ကြီးများ အားကောင်းနေကာ စစ်အုပ်စုဘက်ကလည်း သပိတ်တွင်းပါဝင် သူများကို လိုက်လံဖမ်းဆီးလျက် ရှိသည်။ မြို့ပေါ်တွင် စစ်အုပ်စုဘက်က လုံခြုံရေးလျှော့ချထားမှုများ လုပ်ဆောင် နေပြီး အခြား ဒေသများသို့ ပို့ဆောင်ရန် ရည်ရွယ်နေသည်ဟု ယူဆရဖွယ် ရှိသည်။

• ကယားနှင့် ချင်းတွင် သပိတ်များထက် လက်နက်ကိုင်ခုခံမှုများ ပိုမိုများပြားနေပြီး စစ်ကိုင်းတွင် လူထုသပိတ်များ အားကောင်းနေသည့်နည်းတူ စစ်ကိုင်းတိုင်း၊ ကနီနှင့် ကလေးတို့တွင် လက်နက်ကိုင်ခုခံမှုများ ဆက်လက်အားကောင်းလျက် ရှိသည်။ 

• ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စစ်အုပ်စုဆန့်ကျင်ရေး လူထုသပိတ်များ အားကောင်းနေကာ ကျောင်းများ ပြန် ဖွင့်နေသော်လည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုများ ဆက်တိုက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများက နောက်ပိုင်းကာလတွင် အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများ ပြုလုပ်နိုင်ဖွယ် အခြေအနေများ လည်း ရှိနေသည်။

• စစ်အုပ်စုဘက်က မြို့ကြီးများ သပိတ်များထက် လက်နက်ကိုင်ခုခံမှုများအား ပိုမိုအာရုံစိုက်နေသည်ဟု ခန့်မှန်းရပြီး လက်နက်ကိုင်ခုခံမှုများနှင့် သပိတ်များကြောင့် အင်အားအများအပြား ချထားရသည့် နေရာများမှ တပ်များကို ပြန်နှုတ်မှုများ ရှိလာနေသည်။ စစ်အုပ်စုလက်အောက်ခံရုံးများတွင် အကြောင်းကြောင်းကြောင့် CDM မလုပ်ဘဲ ဆက်လုပ်နေသူများမှတစ်ဆင့် အရေးကြီးသတင်းပေါက်ကြားမှုများ ပိုမိုများပြားလာလျက်ရှိသည်။ စစ်အုပ်စုဘက်တွင် နိုင်ငံတကာ ဖိအားနှင့် ပြည်တွင်းအခွန်မဆောင်ရေး လှုပ်ရှားမှုများကြောင့် ငွေကြေးကဏ္ဍနှင့် ထောက်ပံ့ရေးပစ္စည်းပိုင်းဆိုင်ရာ၌ ပြဿနာများ ရှိနေ ပြီး အခွန်ကောက်ရေးကို အလျင်အမြန် လုပ်ဆောင်လာဖွယ် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly